စစ်ကိုင်းမြို့နယ်မှ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦးကို တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေများသို့ စက်သုံးဆီတင်ပို့ရောင်းချမှု စွဲချက်ဖြင့် မကြာသေးခင်က ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီ ၂) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်အနီးရှိ ဆီသိုလှောင်သည့် နေရာများမှ လူ ၁၇ ဦးကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဝင်ဖမ်းခဲ့သည်၊ ဆီသယ်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ ဂါလန် ၆၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၄ ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူမည်ဟု ဆိုသည်။ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိနှင့် ငွေဒဏ် ၅ သိန်းချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ထိုစက်သုံးဆီများကို မန္တလေးမှတစ်ဆင့်သယ်ယူ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ် ဖားကန့်ကျောက်စိမ်းလုပ်ကွက်၊ တနိုင်းရွှေလုပ်ကွက်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထိန်းချုပ် ကောလင်းနှင့် ချင်းတွင်းမြစ်တစ်လျှောက် ရွှေလုပ်ကွက်များ၊ တအာင်းတပ်(TNLA) နှင့် PDF တပ်များ ထိန်းချုပ်ထားသော စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်ရှိ ရွှေနှင့်သယံဇာတတူးဖော်ရေး လုပ်ကွက်များသို့ ရောင်းချခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် စသည်တို့ကို လက်လွှတ်ဆုံးရှုံးထားရပြီး နိုင်ငံအနှံ့တွင် နယ်မြေစိုးမိုးနိုင်မှုလျော့ကျလာသည့် စစ်ကောင်စီက ကချင်၊ ရခိုင်နှင့် ရှမ်းမြောက်ဒေသများအပါဝင် ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်မြေများသို့ စက်သုံးဆီနှင့် စားနပ်ရိက္ခာ မစီးဆင်းနိုင်ရန် ကြိုးစားနေသည်။
မန္တလေးမြို့နှင့် ကပ်နေသည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ထိုဆီဆိုင်များကို မန္တလေးတိုင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) ဝင်ရောက်ဖမ်းဆီးသည်ဟု သိရပြီး လိုင်စင်လျှောက်ထား၍ တင်သွင်းလုပ်ကိုင်သော ဆီလုပ်ငန်းများ၊ ဆီဆိုင်အနီးရပ်ထားသည့် ဆီသယ်ယာဉ်များကို သိမ်းကြုံးဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပိတ်ဆို့မှုများကြောင့် ဈေးနှုန်းတဟုန်ထိုးမြင့်တက်နေချိန်တွင် အကျိုးမြတ်များသည့် စက်သုံးဆီသယ်ယူမှုကို စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ ရဲနှင့် စစ်တပ်အရာရှိများကပါ ပါဝင် ပတ်သက်နေကြောင်း၊ ယခုဖမ်းဆီးမှုတွင် သမားရိုးကျ ဆီလုပ်ငန်းလုပ်ကိုင်သူများသာ အဖမ်းခံရကြောင်း ၎င်းက ပြောသည်။
“စစ်ကိုင်းမှာ ဆီကဲ့ ရောင်းဝယ်လုပ်နေကြတာအများကြီးပါ။ စကစ ထွေအုပ်ဝန်ထမ်းတွေလည်း ပါတယ်။ သူတို့ကိုယ်တိုင် ကားကြီး၊ ကားငယ်တွေ၊ ဘောက်ဆာတွေမောင်းပို့ကျတယ်။ သူတို့ကျ လွှတ်ပေးထား တယ်။ ရဲ၊ စခတွေ (စစ်သားတွေ) လည်း သယ်တာရောင်းတာရှိတယ်” ဟု သူက ပြောသည်။
“သိန်းသန်းဆီဆိုင်က လိုင်စင်နဲ့ ဝယ်ထားတဲ့ကန် ထဲက ဆီတွေယူသွားကြတယ်။ ဆီဆိုင်နားက ကားတွေနားကြတာရှိတယ်။ အဲ့ဒီကားတွေပါ မသက်ဆိုင်ဘဲ ဖမ်းသွားတယ်”
စစ်တပ် ဝါဒဖြန့်သူတို့က တယ်လီဂရမ်တွင် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ကချင်နှင့် စစ်ကိုင်းရှိ PDF များ ထံ စက်သုံးဆီများ သယ်ဆောင်ပေးနေကြသူများရှိကြောင်း ဖော်ပြခဲ့ကြသည်။ စစ်တပ် ထောက်ခံသူ ပေါက်ကိုယ်တော်ဆိုသော သင်္ကန်းဝတ်တစ်ဦးကလည်း မန္တလေး၊ အမရပူရ စစ်ကိုင်း တံတားအနီး အကြမ်းဖက် အဖွဲ့များထံ သယ်ဆောင်နေသော ဒီဇယ်ဆီနှင့်ဆေးဝါးများ ဒီဇင်ဘာ ၃၁ ရက်က ဖမ်းမိခဲ့ကြောင်း၊ ဘုန်းကြီးကားများလည်း ပါရှိကြောင်း ရေးသားထားသည်။
စက်သုံးဆီရောင်းချသူတို့ကို ဖမ်းဆီးရန် အွန်လိုင်းတွင် လှုံ့ဆော်အပြီး ဝင်ရောက် ဖမ်းဆီးမှုများ ယခင်ကလည်း ရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် စစ်ကိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ တော်လှန်ရေးတပ်များထိန်းချုပ်နယ်မြေများတွင် စက်သုံးဆီး၊ ဆေးဝါးနှင့် မရှိမဖြစ်စားသောက်ကုန် များ ရှားပါးပြီး ဈေးနှုန်းများလည်းမြင့်တက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် မြို့ပေါင်းများစွာလက်လွှတ်ထားရသည့် ကချင်ပြည်နယ်အတွက် ဆီခွဲတမ်းကို ၂၀၂၄ နိုဝင်ဘာလ ၁၇ မှစ၍ မြစ်ကြီးနားမြို့တစ်ခုတည်းအတွက်သာ တင်သွင်းခွင့်ပြုပြီး ကျန်မြို့များကို ပိတ်ပင်ထားကြောင်း၊ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်တွင် ဆီတစ်လီတာ ကျပ် ၂၀,၀၀၀ ထိပေးရသော်လည်း အကန့်သတ်ဖြင့်ဝယ်ယူနေရကြောင်း ကချင်သတင်းဌာနများ တွင် ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ်၊ မိုင်းရယ်နှင့် တန့်ယန်းမြို့တို့မှလွဲ၍ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်များထိန်းချုပ်သော စတုရန်းမိုင်ပေါင်း ၂၃,၃၉၇ ခန့် ကျယ်ဝန်းသည့် ရှမ်းမြောက်ဒေသသို့ မန္တလေးနှင့် ရှမ်းတောင်ဘက်မှ ကုန်စည်မဝင်ရောက်ရန် စစ်ကောင်စီက ပိတ်ဆို့ ထားသည်။
တရုတ်က မြန်မာနှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ပစ်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ခြင်း တို့ကြောင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စက်သုံးဆီနှင့် မရှိမဖြစ်ကုန်စည်များ ရှားပါးပြတ်လပ်ခဲ့သည်။ ယခုအခါ နယ်စပ်ဂိတ်အချို့ပြန်ဖွင့်ပေးနေသည်။
တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ဒေသသို့ စက်သုံးဆီ တင်ပို့သည်ဟု စွပ်စွဲပြီး ဖမ်းဆီးသိမ်းဆည်းထားမှုများကို စစ်ကောင်စီက ထုတ်ပြန်ထားသည်။