နွားထိုးကြီးတွင် စစ်တပ် စစ်ကြောင်း မိုင်းနင်းမိပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၅ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများ မိုင်းနင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောဆိုသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ ထွက်လာသော အင်အား ၆၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် နွားထိုးကြီးမြို့အတွင်းကို ဝင်ရောက်ရန် ကြိုးစားစဉ် ခက်လန်းရွာ အနီးအရောက်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းများ နင်းမိပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ […]
ယမန်နေ့ (အောက်တိုဘာ ၂၈) တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးရဲစခန်းရှိ စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ရဲစခန်းတောင်ဘက် ၂ မိုင်ကျော်အကွာ ထနောင်းပင်လဲရွာမှ အသက် ၅၀ ကျော်အရွယ်များ ဖြစ်ကြသော အကြော်သည် ဇနီးမောင်နှံ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူတို့မှာ ဦးလှရှိန်နှင့် ဒေါ်ရွှေမြတို့ ဖြစ်ကြောင်း၊ လက်နက်ကြီးကျည်က တောင်သာ-နွားထိုးကားလမ်းမဘေး ထနောင်းပင်လဲကျေးရွာရှိ ၎င်းတို့၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကြောင်း နွားထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “နှစ်ယောက်စလုံးဆုံးသွားပြီ။ အမျိုးသားက ညကတည်းက အခြေအနေမကောင်းဘူး၊ နောက်ကျော ဖောက်ထွက်သွားတာ တည့်တည့်ကျတာဆိုတော့။ အမျိုးသမီးကလည်း မျက်နှာစုတ်ပြတ်သတ်သွားတယ်” ဟု ၎င်းက ပြောသည်။ အမျိုးသမီးဖြစ်သူသည် မျက်နှာနှင့် ခြေသလုံးတို့တွင်လက်နက်ကြီးကျည်စ ပြင်းပြင်းထန်ထန်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။ […]