ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO/KIA) ထိပ်သီးခေါင်းဆောင်များနှင့် တရုတ်အစိုးရ အရာရှိများအကြား သီးသန့်ဆွေးနွေးပွဲတစ်ခု တရုတ်နိုင်ငံတွင် ယနေ့(ဒီဇင်ဘာ ၉ တွင်) စတင်ကျင်းပနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ် များထံမှသိရသည်။ ထိုဆွေးနွေးပွဲကို KIO ဘက်မှ ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လ၊ အထွေထွေအတွင်းရေးမှူး ဦးကွမ်ထန်ထိန်နန် (ခ) ဦးလနန်နှင့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့ တက်ရောက်နေသည်ဟုသိရသည်။ ယခုဆွေးနွေးပွဲတွင် ထူးခြားမှုအဖြစ် တရုတ်အစိုးရသည် ယခင်ဆွေးနွေးပွဲများကို ဦးဆောင်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းထက်အဆင့်မြင့်သည့် အရာရှိတစ်ဦးကို စေလွှတ်ခဲ့သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်တို့ကဆိုသည်။ တိန့်ရှီးကျွင်းသည် တရုတ်အစိုးရနှင့် နှစ်နိုင်ငံနယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များ၊ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးပွဲများကို ကာလရှည်ဦးဆောင်ခဲ့နေသူဖြစ်သည်။ ဆွေးနွေးပွဲ၏အသေးစိတ်အခြေအနေကို မသိရသော်လည်း ထိုဆွေးနွေးပွဲသည် ပြီးခဲ့သည့်လပိုင်းအတွင်းက KIA ၏မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့မှုနှင့် စစ်ကောင်စီအပေါ် KIA ၏ထိုးစစ်အရှိန်မြင့်လာခြင်းနှင့် ဆက်နွယ်နိုင်သည်ဟု နားလည်ရသည်။ […]