ylliX - Online Advertising Network

KIO ထိပ်သီးခေါင်းဆောင်များနှင့် တရုတ်အဆင့်မြင့်အရာရှိများအကြား သီးသန့်ဆွေးနွေးပွဲကျင်းပနေ – Myanmar Now


ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO/KIA) ထိပ်သီးခေါင်းဆောင်များနှင့် တရုတ်အစိုးရ အရာရှိများအကြား သီးသန့်ဆွေးနွေးပွဲတစ်ခု တရုတ်နိုင်ငံတွင် ယနေ့(ဒီဇင်ဘာ ၉ တွင်) စတင်ကျင်းပနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ် များထံမှသိရသည်။

ထိုဆွေးနွေးပွဲကို KIO ဘက်မှ ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လ၊ အထွေထွေအတွင်းရေးမှူး ဦးကွမ်ထန်ထိန်နန် (ခ) ဦးလနန်နှင့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့ တက်ရောက်နေသည်ဟုသိရသည်။

ယခုဆွေးနွေးပွဲတွင် ထူးခြားမှုအဖြစ် တရုတ်အစိုးရသည် ယခင်ဆွေးနွေးပွဲများကို ဦးဆောင်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းထက်အဆင့်မြင့်သည့် အရာရှိတစ်ဦးကို စေလွှတ်ခဲ့သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်တို့ကဆိုသည်။

တိန့်ရှီးကျွင်းသည် တရုတ်အစိုးရနှင့် နှစ်နိုင်ငံနယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များ၊ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးပွဲများကို ကာလရှည်ဦးဆောင်ခဲ့နေသူဖြစ်သည်။

ဆွေးနွေးပွဲ၏အသေးစိတ်အခြေအနေကို မသိရသော်လည်း ထိုဆွေးနွေးပွဲသည် ပြီးခဲ့သည့်လပိုင်းအတွင်းက KIA ၏မြန်မာ-တရုတ်နယ်စပ်မှ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့မှုနှင့် စစ်ကောင်စီအပေါ် KIA ၏ထိုးစစ်အရှိန်မြင့်လာခြင်းနှင့် ဆက်နွယ်နိုင်သည်ဟု နားလည်ရသည်။

KIA သည် ‘ကချင်အထူးဒေသ(၁)’ ဟုစစ်တပ်က သတ်မှတ်ထားသည့် ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း မြန်မာ-တရုတ် နယ်စပ်ကို စစ်ကောင်စီနှင့်နယ်ခြားစောင့်တပ်များ လက်ထဲမှ စက်တင်ဘာလအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုဒေသသည် မြေရှားသတ္တု အများအပြားထွက်ရှိရာ နေရာလည်းဖြစ်သည်။

ထို့အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့များဖြစ်သည့် လွယ်ဂျယ်နှင့် ကန်ပိုက်တည်မြို့တို့ကို သိမ်းပိုက်ထားသည့် KIA ကို နယ်စပ်ဒေသလုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ထိုးစစ်များရပ်တန့်ရန် တရုတ်နိုင်ငံက KIA ကို အဆက်မပြတ်ဖိအားပေးနေခဲ့သည်။

ထို့အပြင် KIA အား ဖိအားပေးသည့်အနေဖြင့် အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ကချင်ပြည်နယ်မှ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံက ပိတ်ဆို့ထားလိုက်သည်။

လက်တလော ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဗန်းမော်မြို့နှင့် မံစီမြို့သိမ်း တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

KIA ခေါင်းဆောင်များနှင့် တရုတ်အစိုးရအကြား ဆွေးနွေးနေသည်မှာ မှန်ကန်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း အသေးစိတ်အခြေအနေကို ပြောကြားခဲ့ခြင်းမရှိပါ။







Source link

Leave a Reply

Your email address will not be published. Required fields are marked *