ကချင်ပြည်နယ် တောင်ပိုင်း တရုတ်−မြန်မာနယ်စပ်အနီးရှိ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပါဝင်သည့် ပူးပေါင်းတပ်က ယနေ့ (ဇန်နဝါရီ ၆) တွင် မြို့တွင်း ရပ်ကွက်တချို့ကို ထိန်းချုပ်လိုက်သည်ဟု သိရသည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် မြို့တွင်းသို့ ပူးပေါင်းတပ် ဝင်ရောက်နိုင်ခဲ့ပြီးနောက် တစ်လကျော်ကြာချိန်တွင် ထိုအခြေအနေသို့ ရောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။
မြို့အတွင်း ရုံးများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကာကင်းစခန်း တော်တော်များများကိုတော့ သိမ်းပြီးမှ ရှင်းလိုက်ရတာရှိပါတယ်။ နောက် မြို့တွင်းမှာလည်းပဲ တချို့ရပ်ကွက်တွေမှာကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားတာကို ကြားသိရပါတယ်။ ရဲစခန်းတွေ၊ အရပ်ဘက်ရုံးအချို့တွေကတော့ စကခ ၂၁ ဘက်ကို အားလုံးရှောင်ပြီး စုနေတယ်လို့ ကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မည်သည့် ရပ်ကွက်များကို ထိန်းချုပ်ထားသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဗန်းမော်မြို့တွင် စကခ(၂၁) အပြင် ခလရ(၂၃၆)၊ ခလရ(၄၇)နှင့်အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားသည်။
စစ်ကောင်စီတပ်က လက်နက်မျိုးစုံဖြင့် ကျားကုပ်ကျားခဲ ခုခံနေပြီး ခံစစ်များကိုလည်း အခိုင်အမာပြုလုပ်လာကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့က လေကြောင်းကို အဓိကသုံးတာ တွေ့ရပါတယ်။ လေကြောင်း၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေအစုံနဲ့ သူတို့လည်း ခုခံနေတာ။ နောက် သူတို့ရဲ့ ကာကင်းတွေကိုလည်း ပိုပြီးမှ ခိုင်ခိုင်မာမာလုပ်ပြီးမှ ခုခံတာကိုတွေ့ရတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့တွင်းနှင့် မြို့အပြင်ဘက် မိုးမောက်မြို့သို့ သွားသည့် လမ်းပိုင်း၌ သွားလာနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းတချို့ ရှိသည်ဟု သိရသည်။
“စစ်ရေးအခြေအနေကတော့ ဆက်ပြီးမှ ပြင်းထန်နေတဲ့ အနေအထားပဲဖြစ်ပါတယ်။ မိုးမောက်သွားတဲ့ လမ်းဘက်မှာ အဲဒီဘက်မှာလည်း တိုက်ပွဲတွေပိုပြီးတော့မှ ပြင်းထန်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်အများအပြားမှာ ပြန်လည်နေထိုင်ရန် မဖြစ်နိုင်သည်အထိ ပျက်စီးသွား ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီးနောက် မြို့တောင်ဘက်ရှိ ဆင်ကုန်း၊ ပေါက်ကုန်း၊ ကုက္ကိုလ်တော စသည့် ရပ်ကွက်အချို့မှ လက်ကျန် ဒေသခံများသည် ကုန်လမ်းသာမက စက်လှေများနှင့် ရေလမ်းကပါ တိမ်းရှောင်နေကြသည်ဟု ဗန်းမော်စစ်ရှောင်များကို ကူညီပေးနေသည့် သုညသုခ လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
ဗန်းမော်မြို့တွင်းမှ ကုန်းလမ်းဖြင့် ထွက်ခွာသူများမှာ မြို့တောင်ဘက် ညောင်ပင်သာရပ်ကွက်မှ ကားများဖြင့်ထွက်ခွာကြသလို ဧရာဝတီမြစ်အတိုင်း တိမ်းရှောင်သူများမှာ အနီးရှိ ရွှေကူမြို့သို့ ရေလဲဆိပ်ကမ်းမှတဆင့် တိမ်းရှောင်ကြသည်ဟု အဖွဲ့၏ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။
“အရင်တုန်းက လက်နက်ကြီးမကျတဲ့နေရာတွေပါ ကျလာတာဆိုတော့၊ သူတို့နေတဲ့နေရာတွေလည်း နီးလာတော့ လူတွေက အဲဒီဆိပ်ကမ်းကနေ ရွှေကူသွားတဲ့သူတွေပါရှိတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။
“အစုံပဲထွက်ကြတာ၊ ရွှေကူမှာရောက်နေတာလည်း အများကြီးပဲဆိုတော့ အဲဒီမှာ လူတွေက ပုံနေတာဆိုတော့ အဲဒီကနေမှစုပြီးတော့ မန္တလေးသွားချင်တဲ့ သူတွေကို မန္တလေးပို့ပေးတာပေါ့”
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၄ ခုနှစ် နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်းမြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။
ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။