ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါဝင် စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် လူငယ်များ အဓမ္မစစ်သားစုဆောင်းခံရသည့် ဖြစ်စဉ်များစိပ်လာချိန် ထိုသို့အဖမ်းမခံရရန်နှင့် စစ်မှုမထမ်းရရန်ဟုဆိုကာ ဒေသအချို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျပ်သိန်းဆယ်ချီ ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် ထိုကဲ့သို့ ငွေကောက်ခံလာခြင်းဖြစ်ကြောင်း အမရပူရ၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျဉ်းမနားမြို့နယ်တို့မှ ကျေးရွာဒေသခံ ၅ ဦးထက်မနည်းက Myanmar Now ပြောဆိုသည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းဝေးခေါ်ယူပြီးနောက် ထိုသို့ငွေကောက်ခံခြင်းဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံများက ဆိုသည်။
တစ်အိမ်ထောင်လျှင် ကျပ် ၁၀၀,၀၀၀ ဝန်းကျင်နှုန်းဖြင့် တစ်ရွာလုံးစာ ကျပ်သိန်း ၆၀ ဝန်းကျင်ပေးခဲ့ရကြောင်း လုံခြုံရေးအရ ကျေးရွာအမည် မဖော်ပြလိုသည့် အိမ်ခြေ ၆၀ ကျော်ရှိ ဝမ်းတွင်းမြို့နယ်မှအတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ ရာအိမ်မှူးများမှတစ်ဆင့် အိမ်ထောင်စုတစ်စုချင်းစီကို ကျေးရွာအုပ်ကြီးများကို ကောက်ခံခြင်းဖြစ်သည်။ အိမ်ထောင်စုတစ်စုချင်းစီကို စာရင်းဇယားနှင့်တကွငွေကောက်သော်လည်း ငွေလက်ခံရရှိကြောင်း ပြေစာမရဟုလည်း ဒေသခံတို့က ဆိုသည်။
ထိုငွေများကို မြို့နယ်ထွေအုပ်နှင့် ရဲစခန်းများသို့ ပေးဆောင်ရမည်ဟု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ မပြောကြောင်း အထက်ပါ ဒေသခံက ဝမ်းတွင်းမြို့နယ် ဒေသခံက ဆိုသည်။
“မပေးဘူးဆိုတဲ့သူရှိတယ်။ အဲ့ဒီတော့ တစ်ညနေ (ရဲနှင့်အုပ်ကြီးက) ကားနဲ့သွားပြီးတော့ မပေးတာ ဘယ်သူတုန်းဆိုပြီးစာရင်းတောင်းတယ်ဆိုတော့ ဘယ်သူက နေရဲမှာတုန်းကွာ။ သူတို့ခေတ်ဥစ္စာကိုး အကြောင်းပြချက်မရှိဘဲ လာဆွဲတော့လည်း အခုဟာဆိုရင် တစ်ယောက်ကို ကျပ်သိန်း ၅၀၊ ၈၀ ကျော် ပေးနေရတဲ့ခေတ်ဆိုတော့ (ထိုငွေပမာဏကို) မပေးနိုင်တာနဲ့ပဲ ပေးလိုက်ရတာပဲ” ဟု ၎င်းက ပြောသည်။
ထိုကောက်ခံငွေများသည် ဖမ်းဆီးပြီးစစ်ထဲမထည့်ရန်အတွက်သာဖြစ်ပြီး မြို့နယ်စစ်မှုထမ်းဆင်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်ခြင်းအတွက် မသက်ဆိုင်ဟု ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးများက ပြောဆိုသည်ဟု သိရသည်။
အမရပူရနှင့် စဉ့်ကိုင်မြို့နယ်ထဲမှ ကျေးရွာများတွင်လည်း စစ်မှုထမ်းခေါ်ရာတွင် မဲနှိုက်ရွေးချယ်ခြင်းမှ ကင်းလွတ်စေမည်ဆိုကာ အုပ်ချုပ်ရေးမှူးများက တစ်အိမ်ထောင် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ကောက်ကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်တွင် မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ကြီးများက ရွာဘုန်းကြီးကျောင်းတွင် အစည်းဝေးခေါ်ပြီးနောက် တစ်အိမ်ထောင် ငွေ ၅၀,၀၀၀ ပေးခဲ့ရခြင်းဖြစ်သည်ဟု မန္တလေးမြို့ အမရပူရမြို့ပြဖွံဖြိုးရေးစီမကိန်းအနီးရှိ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ကျေးရွာတစ်ခုနေ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့ပြင် ထိုရွာအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများလည်း အလားတူပေးရသည်ဟု ထိုအမျိုးသမီးက ဆိုသည်။
“ဘုန်းကြီးကျောင်းမှာ အစည်းဝေးတာလေ။ မဲနှိုက်ရမယ်ပေါ့။ နောက်ရက်ကြတော့ ရပ်ကွက်လူကြီးက ရွာထဲကဟာတွေကို ပြန်ပြီးတော့ အစည်းအဝေးခေါ်တာ ပိုက်ဆံထည့်မလား။ မဲနှိုက်မလားဆိုပြီးတော့။ တစ်အိမ်တစ်ယောက် အဲ့လိုခေါ်တာပေါ့” ဟု ၎င်းကပြောသည်။
ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်ရှိ တိုင်းစစ်ဌာနချုပ်နှစ်ခုအပါဝင် နိုင်ငံအနှံ့ စစ်တပ်စခန်းပေါင်းများစွာ လက်လွှတ်ဆုံးရှုံးထားရသည့်စစ်ကောင်စီသည် စစ်သားလိုအပ်ချက် တစ်နေ့တခြားကြီးထွားလာနေပြီး ပုံမှန်ဆင့်ခေါ်ခြင်းအပြင် လူငယ်များကို ပစ်မှတ်ထားဖမ်းဆီမှုများပြလုပ်လာသည်။ ထိုအခြေအနေကို မူတည်၍ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ငွေညှစ်လာခြင်းဖြစ်သည်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ရွှေဓားအနီး ဘုရားကုန်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကမူ အုပ်ချုပ်ရေးမှုးများကို ငွေပုံမှန်မပေးရသော်လည်း စစ်သင်တန်းအသစ်ဖွင့်ချိန်တွင် လူတောင်းလာပါက အမျိုးသားလူငယ်များရှိသည့် အိမ်ထောင်စုများက တစ်အိမ်ထောင် ၁၅၀,၀၀၀ ပေးရကြောင်း Myanmar Now ကို ပြောသည်။
“လာတောင်းတဲ့အဖွဲ့ကို ပေးလိုက်ပြီဆိုရင် ငြိမ်သွားပြန်ရော။ အိမ်ခြေက ၁၀၀ ကျော်တော့ တစ်ခါ ကောက်ရင် သိန်း ၇၀ကျော် တော့ရတယ်။ အဲ့လိုမျိုးက ခုတစ်နှစ်အတွင်းမှ တစ်ကြိမ်ပဲ ကြုံသေးတယ်။ နောက်ပိုင်းတော့ အုပ်ကြီးက လူတောင်းတာစိတ်လာရင် ခဏခဏပေးရနိုင်တယ်ဆိုပြီး ပြောတာမျိုးတော့ရှိတယ်” ဟု သူက ဆိုသည်။
ကျေးရွာများတွင် ငွေကြေးတက်နိုင်သူများသည် စစ်မှုထမ်းရန်မဲပေါက်ပါက ငွေပေး၍ လူစားထိုးသည့် အခြေအနေများလည်းတွေ့ရကြောင်း၊ စစ်မှုထမ်းဥပဒေအပါဝင် အထွေထွေအကျပ်အတည်းများကြောင့် ကျေးရွာတွင် နေထိုင်သည့် လူငယ်များနည်းပါလာကြောင်း ၎င်းက ပြောသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ် သကြားစက်အနီး ကျေးရွာတစ်ခုမှ လူငယ်တစ်ဦးကလည်း စစ်မှုထမ်းထဲ မပါလို၍ ကျေးရွာအုပ်ကြီးကို ပြီးခဲ့သည့် ဩဂုတ်လမှစတင်က လစဉ် ကျပ် ၅၀,၀၀၀ ပေးခဲ့ရကြောင်း၊ သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလက ဧည့်စာရင်းဝင်စစ်ရာတွင် ၎င်းကို စစ်မှုထမ်းထဲပါသည်ဆိုကာ အခေါ်ခံခဲ့ရခြင်းကြောင့် ငွေသိန်း ၈၀ ထပ်မံလာဘ်ထိုးခဲ့ရသည်ဟု ထိုလူငယ်က ပြောသည်။
“တောင်ညိုဘက် တပ်ထဲထင်တယ်၊ သုံးရက်လောက်နေရပြီး အိမ်က အုပ်ချုပ်ရေးမှူးတွေနဲ့လိုက်လာပြီး ညှိတော့ အစားထိုးမဲ့သူရှာပေး၊ ရှာပေးရင် ပြန်လွှတ်ပေးမယ်ဆိုလို့ အိမ်က လူလိုက်ဝယ်တာ သိန်း ၈၀ ပေးရတယ်၊ ဟိုပေးဒီပေးနဲ့ဆို သိန်း ၁၀၀ ကျော်လောက်ကုန်သွားတယ်” ဟု သူက ပြောသည်။
“နှစ်ပတ်လောက်နေတော့ အစားထိုးလိုက်တဲ့သူက ရွာပြန်ရောက်လာ ပြီး၊ ကျတော်ကို ပြန်လိုက်ရမယ်ပြောတော့ ဘာလို့လဲမေးကြည့်တော့ အစားထိုးတဲ့သူက ဆေးကျတယ်တဲ့၊ အဆင်မပြေလို့ ပြန်လိုက်ရမယ်ဆိုပြီး လာခေါ်တာ၊ တစ်အိမ်လုံးစိတ်တွေညစ်ပြီး လူအစားထိုးပေးပါမယ် ဆိုပြီး ပြောရတာပေါ့”
ယခုအခါ ထိုလူငယ်သူ ကျေးရွာမှ ခဏတိမ််းရှောင်နေကြောင်း သိရသည်။
စစ်ကောင်စီက လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ထိုကဲ့သို့ စစ်သားစုဆောင်မှုကို အကြောင်းပြ၍ ငွေကြေးကောက်ခံမှုများကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် မြင်းခြံခရိုင်တွင် မတွေ့ရဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အဓိကတော့ စစ်ရေးငြိမ်တဲ့နေရာ၊မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် သူတို့လုပ်နိုင်နေတာထင်တယ်။ ကျွန်တော်တို့မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုကများနေတော့ သူတို့လုံခြုံရေးပဲ အာရုံစိုက်နေရတယ်ထင်တယ်” ဟု သူက ပြောသည်။
ငွေကောက်ခံမှုများနှင့်ပတ်သက်၍ Myanmar Now က စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ ဆက်သွယ်စုံစမ်းရာတွင် ထိုကဲ့သို့ညွှန်ကြားထားခြင်းမရှိသလို တိုင်ကြားပါက စိစစ်အရေးယူမည်ဟု တုန့်ပြန်ပြောဆိုသည်။
“တရားဝင်ကောက်ခံတာမျိုးမရှိပါဘူး။ ညွှန်ကြားထားတာလည်းမရှိပါဘူး။ တိုင်လို့ရပါတယ်။ စစ်မှုထမ်းဗဟိုကို ဖြစ်ဖြစ် တိုင်းဒေသကြီးဖြစ်ဖြစ် လိပ်မူပြီး တိုင်လို့ရပါတယ်။ တိုင်ပြီးရင်တော့ စစ်ဆေးပြီး သေချာရင် အရေးယူပေးပါတယ်ခင်ဗျ” ဟု ဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အရွယ်ရောက်ပြီးလူငယ်များကို သုံးနှစ်မှ ငါးနှစ်ကြာ စစ်မှုထမ်းရမည့် စစ်သားစုဆောင်းရေးအစီအစဉ်ကို စတင်ခဲ့သည်။ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၉ အထိ ရောက်ရှိလာပြီဖြစ်သည်။
ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီး များ စစ်မှုထမ်းရန် အကျုံးဝင်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်မည် ဖြစ်သည်။