ylliX - Online Advertising Network
သုံးလအတွင်း NUG အရပ်ဘက်ဝန်ထမ်း ၃ ဦးနှင့် မိသားစုဝင် ၂ ဦးလုပ်ကြံသတ်ဖြတ်ခံခဲ့ရ - Myanmar Now

သုံးလအတွင်း NUG အရပ်ဘက်ဝန်ထမ်း ၃ ဦးနှင့် မိသားစုဝင် ၂ ဦးလုပ်ကြံသတ်ဖြတ်ခံခဲ့ရ – Myanmar Now


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးသည် ဇန်နဝါရီ ၆ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ထိုဖြစ်ရပ်သည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းရာ စစ်ကိုင်းတိုင်းတွင် သုံးလခန့်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများကို ဦးတည်သည့် တတိယမြောက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်လာသည်။ 

ယင်းဖြစ်ရပ်မတိုင်မီ ၂၀၂၄ နိုဝင်ဘာအတွင်း ကနီမြို့နယ်၊ NUG ပညာရေးဌာနမှ ဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူနှင့် သုံးလသားအရွယ် သမီးငယ်တို့ သတ်ဖြတ်ခံရပြီး ယခုနှစ်ဆန်း ဇန်နဝါရီတွင် ကောလင်းမြို့နယ်၊ NUG သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရသည်။ 

လုပ်ကြံခံခဲ့ရသည့် ဦးအရိန္ဒမာနှင့် ဦးဝင်းဌေးတို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားသည့် ဝန်ထမ်းများဖြစ်ပြီး NUG ၏ သက်ဆိုင်ရာဌာနများတွင် တာဝန်ယူဆောင်ရွက်နေသူများဖြစ်ကြသည်။ 

အဆိုပါဖြစ်ရပ်များအတွက် လုပ်ကြံသတ်ဖြတ်သွားသည့် တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။

ဇန်နဝါရီ ၆ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရသူသည် ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက် မိုင် ၅၀ ခန့် အကွာ တင်ငုတ်ကြီးကျေးရွာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးသိန်းဝေဖြစ်ပြီး ၎င်းကို သေနတ်သမားနှစ်ဦးက နံနက် ၆ နာရီဝန်းကျင်တွင် ပစ်ခတ်သတ်ဖြစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သေနတ်သမားများသည် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ဝတ်ဆင်လေ့ရှိသည့် စစ်သုံးယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်ဟု မျက်မြင်များက ဆိုသည်။

“လမ်းမှားလို့ ဆိုပြီး (လမ်း) ဝင်မေးရင်းနဲ့ ပစ်သွားတာလို့ပြောတယ်”ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တင်ငုတ်ကြီးရွာမှာ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်စပ်တွင် တည်ရှိပြီး ရွှေဘို – မြစ်ကြီးနားလမ်း အရှေ့ဘက် ၃ မိုင်ခန့်သာ ကွာဝေးပြီး တော်လှန်ရေးအင်အားစုများက အခြေစိုက်လှုပ်ရှားမှု အားကောင်းသည့် နယ်မြေ ဖြစ်သည်။ 

လက်ရှိတွင် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ယင်းသတ်ဖြတ်မှုအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်နေသည် ဟု အထက်ပါ ပကဖ တာဝန်ရှိသူက ဆိုသည်။  

တော်လှန်ရေးတပ်များထိန်းချုပ်ရာ ဒေသများတွင် ဖြစ်ပွားသည့်လုပ်ကြံသတ်ဖြတ်မှုများအတွက် တရားခံ ဖမ်းဆီးရမိရေးနှင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်နေဆဲဖြစ်သည်ဟု အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ဝင် နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ကိုဩဇာက ပြောသည်။ 

“အမှုဖြစ်စဥ်သုံးခုလုံး စိုးမိုးနယ်မြေမှာဖြစ်သွားတာ မှန်ပါတယ်။ ဘာကြောင့်ဆိုတာတော့ အခုလောလော ဆယ်ပြောဖို့ အချက်အလက် မလုံလောက်သေးပါဘူး။ မကြာခင် သက်ဆိုင်ရာက ပြောနိုင်ပါလိမ့်မယ်” ဟု ကိုဩဇာက ဆိုသည်။ 



ကနီမှ ဦးဝင်းဌေးအမှုတွင် သံသယတရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး တပ်ရင်းနှင့် မြို့နယ် ပကဖ များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ကိုဩဇာက ဆက်ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၎င်းတို့ယန္တရားအတွင်း တာဝန်ထမ်းဆောင်သူ မည်သူကိုမဆို အကူအညီနှင့် အကာကွယ်များ ပေးအပ်ရန် တာဝန်ရှိကြောင်း၊ တော်လှန်ရေး အင်အားစုများထိန်းချုပ် နေရာများတွင် နယ်မြေစိုးမိုးရေးအပြင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေသအခြေပြုနှင့် ဌာနအခြေပြု CDM နိုင်ငံ့ဝန်ထမ်း အဖွဲ့များက ဇန်နဝါရီ ၄ ရက်နေ့က  ထုတ်ပြန် တောင်းဆိုထားသည်။ 

ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်မှသာ အလားတူအမှုမျိုး ထပ်မံ မပေါ်ပေါက်စေရန် တားဆီး ဟန့်တားနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအတွင်းမှ တက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးက သုံးသပ်သည်။

“NUG ရဲ့ကိုင်တွယ်ဖြေရှင်းပုံကတော့ အတော်လေးအားနည်းတယ်လို့ ထင်ပါတယ်။ အထူးအဖွဲ့တွေ စုံစမ်းစစ်တာတွေ ကျွန်တော်တို့ကြားရတယ်။ ဒါပေမယ့် တိတိကျကျ ရလဒ်တစ်ခု ထွက်လာနိုင်တဲ့အထိ ဘယ်ကိစ္စကိုမှ ဆောင်ရွက်နိုင်ခြင်းမရှိတာကို တွေ့ရတယ်။ ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ဒီအခြေအနေမျိုးမှာ တော်လှန်ရေးအင်အားစုတွေအားလုံးက အမှုမှန်ပေါ်ပေါက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းရှိမြို့ပေါင်း ၅၀ ကျော်အနက် တော်လှန်ရေးအင်အားစုများက ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ ပင်လည်ဘူးတို့ကို သိမ်းပိုက်ထားပြီး ကျန်မြို့နယ်များတွင် ကျေးလက်ဒေသအများစု ကို ထိန်းချုပ်စိုးမိုးထားသည်။ 





Source link

Leave a Reply

Your email address will not be published. Required fields are marked *