ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။
မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့တွေမှာ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေထိုင်ကြတဲ့အတွက် ဈေးပိုမြင့်တက်လာတာဖြစ်ဝာယ်လို့ မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
“မိုးညှင်းမှာ စစ်ကိုင်းဖက်က ပြီးတော့ ဖားကန့်၊ဆယ်ဇင်းနဲ့အင်းတော်ကြီးဖက်က စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က သုံးသောင်းတန် ခုရှစ်သောင်း တစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။
လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ကျပ် ရှစ်သောင်းကနေ တစ်သိန်းဝန်းကျင်ရှိပြီး လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။
မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။
“အိမ်ငှားဈေးက ပိုများလာတာတော့ ဟုတ််တယ်။ ခုက ကုန်ဈေးနှုန်းတွေလည်း တက်တော့ အစစအရာရာ ဈေးတက်လာတာလို့ပဲ မြင်ပါတယ်”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။
ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။
By – Zami
Related