ylliX - Online Advertising Network

မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်၍ ဥရောပ သမဂ္ဂနဲ့ အခြား ၉ နိုင်ငံ ကြေညာချက်ထုတ်ပြန်


မိုးမခ၊ ဇန်နဝါရီ ၈၊ ၂၀၂၅

မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်၍ ဥရောပ သမဂ္ဂနဲ့ အခြား ၉ နိုင်ငံ ကြေညာချက်ထုတ်ပြန်

ဥရောပသမဂ္ဂအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု၊ နော်ဝေ၊ ကိုးရီးယား သမ္မတနိုင်ငံ၊ တီမောလက်စ်တေ၊ သြစတေလျ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယူးဇီလန်နှင့် ယူကေတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်သည် ကြေညာချက်တစောင်ကို ဇန်နဝါရီ ၇ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ကြပါတယ်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးရွားလာသည့် လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ အရှိန်အဟုန် မြင့်တက်လာတဲ့ အကြမ်းဖက်မှုနဲ့ လူမှုအသိုက်အဝန်းအကြား တင်းမာမှုတွေနဲ့ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ဖိနှိပ်နေမှု စတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဆိုပါ သံရုံး ၉ ခုနဲ့ ဥရောပ သမဂ္ဂကိုယ်စားလှယ်တို့ ပူးပေါင်းထုတ်ဝေတဲ့ ထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်ကောင်စီလို့ တိုက်ရိုက်ရည်ညွှန်းမထားဘဲ အာဏာရှင်အဖွဲ့အစည်းလို့ သုံးနှုန်းထားတာကို တွေ့ရသလို လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများ ဆိုတဲ့ အချက်ကိုလည်း ရည်ညွှန်းပြောဆိုထားတာ သတိပြုမိပါတယ်။ အာဏာရှင် အဖွဲ့အစည်းက မြန်မာပြည်သူတွေအပေါ် ဆက်လက် အကြမ်းဖက်ခြင်းဖြင့် ဖိနှိပ်နေမှုကို လက်ခံနိုင်စရာ မရှိကြောင်း၊ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နှိပ်စက်ကလူပြုမှုများနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေ ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ခိုင်လုံတဲ့ အစီရင်ခံမှုတွေ များစွာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံမှုတွေမှာ ကလေးငယ်တွေ၊ လူနည်းစုတွေ တိုင်းရင်းသား၊ ဘာသာရေး အသိုက်အဝန်းများကို အဓမ္မသွေးဆောင်ခြင်းနဲ့ စုဆောင်းခြင်း (စစ်မှုထမ်းစုဆောင်းခြင်းကို ရည်ရွယ်သည်ဟုယူဆရ) အရပ်သားပြည်သူတွေကို ထိခိုက်သေကျေစေသည့် စစ်တပ်၏ အဆင်ခြင်မဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ နေအိမ်မီးရှို့ခြင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားနဲ့ အဆောက်အအုံများကို တိုက်ခိုက်ခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်မှုအပေါ် စစ်အာဏာရှင် အဖွဲ့အစည်းနဲ့ လက်နက်ကိုင် အဖွဲ့အစည်းများက ကန့်သတ်ချုပ်ချယ်မှုများ ပါဝင်သည်လို့လည်း ဆိုထားပါတယ်။

အများစုက စစ်ကောင်စီရဲ့ စစ်တပ်ကို ရည်ညွှန်းထားတာကို တွေ့ရပြီး စကားလုံး အသုံးအနှုန်းအချို့က စစ်ကောင်စီတပ်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများလို့ ရည်ညွှန်းထားတာလည်း တွေ့ရတာကြောင့် အနည်းငယ်မျှသော ရာခိုင်နှုန်းအရ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့ ကိုလည်း ရည်ညွှန်းတဲ့ သဘောလို့ နားလည်ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့လည်း ဖော်ပြထားရာမှာ ရခိုင်ပြည်နယ်အတွင်း အရှိန်အဟုန်မြင့်လာသည့် ပဋိပက္ခနဲ့ ရိုဟင်ဂျာများ အပါအဝင် လူမှုအသိုက်အဝန်းအားလုံး တွေ့ကြုံခံစားနေရသည့် ဆင်းရဲဒုက္ခတွေက လွန်စွာစိုးရိမ်ဖွယ် အခြေအနေလို့လည်း ရည်ညွှန်း ပြောဆိုထားတာ တွေ့ရပါတယ်။

ကြေညာချက်မှာ တောင်းဆိုထားတာကတော့ အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကို လေးစားလိုက်နာဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့၊ အကူအညီ လိုအပ်နေတဲ့ ပြည်သူများအားလုံးထံသို့ အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများပေးအပ်နိုင်ဖို့ အတားအဆီးမရှိ ပေးအပ်ခွင့်ပြုဖို့ စစ်ကောင်စီတပ်နဲ့ မြန်မာနိုင်ငံတွင်းရှိ အားလုံးသော လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ တောင်းဆိုချက်နဲ့ တပါတည်း တောင်းဆိုခဲ့တဲ့ နောက်အချက်တချက်က ရိုဟင်ဂျာများ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံခံရမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဖြေရှာ ဖြေရှင်းခြင်းကလည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ အဖြေရှာရေးမှာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဆုံးသတ်မှာတော့ ၂၀၂၂ ခုနှစ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အာဆီယံရဲ့ အဓိကကျတဲ့အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုတယ်လို့ ထပ်လောင်းပြောဆိုကြောင်း ဖော်ပြထားပါတယ်။

အခုလို နိုင်ငံ ၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂကိုယ်စားပြု ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် အနောက်နိုင်ငံတွေအပြင် တီမောလက်စ်တေနဲ့ တောင်ကိုးရီးယားနိုင်ငံ၊ သြစတြေးလျတို့လို ကမ္ဘာ့အရှေ့ဘက်ခြမ်းက နိုင်ငံတွေ ပါဝင်တာ တွေ့ရပါတယ်။ အဖြေရှာရေးမှာတော့ စစ်မှန်ပြီး အပြုသဘောဆောင်သည့် အားလုံးပါဝင်ခွင့်ရှိသော အပြန်အလှန်ဆွေးနွေးမှုဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးစားမှုနဲ့ အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်  ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုတွေအပေါ်  ထောက်ခံတယ်လို့ ဖော်ပြထားတာတွေ့ရပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမှုနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကို ထောက်ခံတယ်လို့ ဖော်ပြထားတာ သတိပြုမိပါတယ်။

အခုလို အာရှက နိုင်ငံ ၃ နိုင်ငံ အပါအဝင် အနောက်ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စု ကနေဒါ တို့ စုပေါင်း ထုတ်ပြန်လိုက်တဲ့ ရည်ရွယ်ချက်ကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေနဲ့ လူသားချင်းစာနာမှုအကူအညီ အရေးတကြီးလိုအပ်နေတဲ့ အကျပ်အတည်းအခြေအနေကို မီးမောင်းထိုးပြလိုတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုတွေကို ကန့်သတ်မှု မလုပ်ဖို့ ရှုထောင့်ကိုသာ ဖော်ပြထားပြီး စစ်အာဏာရှင်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အကြား လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ဆွေးနွေးမှု စတာတွေကို ဒီလောက် အာရုံစိုက်ပြောဆိုတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေကိုတော့ ရည်ညွှန်းပြောဆိုခြင်း မရှိဘဲ အာဆီယံရဲ့ မူ ၅ ချက်ကို ထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက်နဲ့ အခန်းကဏ္ဍကို ထောက်ခံအားပေးကြောင်းသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အခု ထုတ်ပြန်ကြေညာချက်မှာ ပါဝင်တဲ့နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာအပြောင်းအလဲ ကိစ္စကို ရည်ညွှန်းပြောဆိုခြင်း မရှိဘဲ လူ့အခွင့်အရေး၊ လူနည်းစု အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခွင့်တို့ကိုသာ အဓိကထား ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *