ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်ရှိ ထီးလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတော်လှန်ရေးတပ်များက တနင်္လာနေ့ (ဒီဇင်ဘာ ၆) မှ စတင်ပြီး ထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ ၃၁ မတိုင်မီ ထိုမြို့တွင်းမှ စစ်ကောင်စီလက်နက်ကိုင်များ လက်နက်ချရန်၊ မြို့တွင်းမှ အရပ်သားများ ထွက်ခွာရန် NUG ၏ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးထားကြောင်း၊ စစ်ကောင်စီကလည်း မြို့ခံများကို မြို့ထဲမှထွက်ခွာခွင့်ပြုခဲ့ပြီးနောက် စစ်ပွဲအရှိန်မြင့်လာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မြို့နယ် အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရဲစခန်း၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ ဘဏ် အစရှိသည့် စစ်ကောင်စီ လက်နက်ကိုင်တို့ တပ်စွဲထားသည့် နေရာများကို ၆၀ မမ ဗုံးသီးများ ဒရုန်းတွင် တပ်ဆင်ပြီး ကြဲချခဲ့သလို ရော့ကတ် အလုံး ၅၀ ကျော် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်တပ်ရင်း အမှတ် ( ၁၅၊ ၁၆၊ ၁၇ ) ဖြစ်သော YRA(Htilin) မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။
“မြို့မရဲစခန်းထဲက အဆောက်အဦတချို့ ထိခိုက်ပျက်စီးတယ်ပေါ့နော်၊ လူထိခိုက်သေဆုံးတာတော့ ကျွန်တော်တို့ စုံစမ်းနေတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ပွဲတွင် ထီးလင်း PDF တပ်ရင်းများ၊ ယောဗျူဟာ အမှတ် ၈၁ မှ တပ်ဖွဲ့ဝင်များနှင့် ထီးလင်း(ပကဖ) တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
ထီးလင်းမြို့ကို ၂၀၂၂ ခုနှစ် နှစ်လယ်ခန့်မှစတင်ကာ တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီး အစား အသောက်နှင့် ဆေးဝါးများ မြို့တွင်းသို့ တင်သွင်းခွင့်ကို ကန့်သတ်ထားခဲ့သည်။
ထီးလင်းမြို့ပေါ်တွင် ခြေမြန်တပ်ရင်းအမှတ်(၁၀၇) ၊ အမှတ် (၃၆၈) အမြောက်တပ်တို့မှ စစ်ကောင်စီတပ်အင်အား ၈၀ ခန့်၊ ရဲအင်အား ၁၀၀ ခန့်နှင့် ပျူစောထီးအင်အား ၅၀ ခန့်တို့ တပ်စွဲထားသည်၊ ဒေသခံတို့ အနည်းငယ်သာ ကျန်တော့သည်ဟု အထက်ပါ ပြောခွင့်ရ အမျိုးသားက ပြောသည်။
“ပြည်သူတွေကတော့ မရှိသလောက်ကိုဖြစ်နေပါပြီ၊ ပြည်သူဆိုပေမယ့် ပျူစောထီးမိသားစုဝင်တွေနဲ့ Non CDM ဝန်ထမ်းတွေတော့ ကျန်သေးတယ်၊ သူတို့ကတော့ ထွက်မလာရဲသေးဘူး” ဟု ၎င်းက ပြော သည်။
“ကျွန်တော်တို့ ကတော့ ဖိတ်ခေါ်တယ်၊ ကိုယ်တိုင် လက်နက်ကိုင်နေတာမဟုတ်ရင် ထွက်လာခဲ့ပါ၊ ကျွန်တော်တို့ ကြိုဆိုတယ်၊ ကိုယ်တိုင် လက်နက်ကိုင်နေတာဆိုရင် လက်နက်အပါ ယူခဲ့ပေါ့နော်”
ထီးလင်းမြို့နယ်တွင် လူဦးရေ ၅၀၀၀၀ နီးပါး ရှိပြီး မြို့ပေါ်ရပ်ကွက်များတွင်နေထိုင်သူ ဦးရေ ၄၈၀၀ ကျော် ရှိကြောင်း စစ်ကောင်စီ၏ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနစာရင်းတွင် ဖော်ပြထားသည်။
မကြာသေးမီက မြို့တွင်းမှ ထွက်ခွာလာသူများတွင် ရဲတပ်သားတစ်ဦးနှင့် မိသားစုဝင်များပါဝင်ပြီး တော်လှန်ရေး တပ်များထံ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်၊ ကျန်သည့် ပြည်သူများကိုလည်း တော်လှန်ရေးတပ် များက ကူညီနေရာချထားပေးနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်များမှာ နိုဝင်ဘာလအတွင်း ဖြတ်တောက်တိုက်ခိုက်ခံရပြီးနောက် အထိနာပြီးနောက်ပိုင်း စစ်ကြောင်းမထိုးနိုင်ဘဲ မြို့တွင်း၌သာ တပ်စွဲထားခဲ့သည်ဟု သိရသည်။
မြို့တွင်း တိုက်ခိုက်မှုပြီးသည့်နောက်တစ်ရက် ဇန်နဝါရီ ၇ ရက်တွင် စစ်ကောင်စီတပ်က အင်အား ၇၀ ခန့် ဖြင့် မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ ထလင်းရွာကို စစ်ကြောင်းထိုးခဲ့သော်လည်း ထိုနေ့တွင် ပင် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ချင်း တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ထိုဒေသနှင့်ထိစပ်နေသည့် ယောဒေသတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တော်လှန်ရေးတပ်များဘက်က ကြေညာထားသည်။ ယောဒေသတွင် ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နှင့် လောင်းရှည်မြို့များပါဝင်သည်။