(မိုးမခ) ဇန်နဝါရီ ၁၀ ၊ ၂၀၂၅
ရှင်လျက်ထင်ရှား၊ သေသွားသူများ
များများလာချိန်၊ ရောင်ဝါထိန်ဆဲ
ကွယ်လွန်လည်းလေ၊ သံလွင်မြဲတေး
သုံးဆယ့်လေးနှစ်၊ မမေ့ရစ်နှောင်
ရန်ကြီးအောင်စိန်ဝင်း ရှင်နေဆဲပါတကား။ ။
ကျောင်းသားခေါင်းဆောင် ဆိုသူများနဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင်များတောင်မှ ပြည်သူကို ကျောခိုင်း စစ်အုပ်စုကြိုက် လိုက်ပြောလိုက်လုပ်နေကြချိန်မှာ သေသည့်တိုင် ယုံကြည်ချက် မပြောင်းခဲ့သူ ရန်ကြီးအောင်စိန်ဝင်းကို သတိရတယ်။ ရန်ကြီးအောင်စိန်ဝင်းဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်က အင်းစိန်ထောင်မှာ ကျဆုံးခဲ့တယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ သူ့ကွယ်လွန်ခြင်း ၃၄ နှစ်ပြည့်ခဲ့ပြီ။ ဒါပေမဲ့ သက်ရှိထင်ရှား ရှိပါသေးလျက်က နိုင်ငံရေးခံယူချက်များ သေသွားသူတွေနဲ့ နှိုင်းရင်တော့ ရန်ကြီးအောင်စိန်ဝင်းက မသေသေးပါ။ ရှင်သန်နေတုန်းပါ။ ရှင်လျှက်သေသွား၊ ထိုသူများနဲ့၊ နှိုင်းစာရင်တော့ ကွယ်လွန်ပြီး ၃၄ နှစ်တိုင် ရှင်သန်နေဆဲ ရန်ကြီးအောင်စိန်ဝင်းလို့ ဆိုချင်မိတယ်။
ရန်ကြီးအောင်စိန်ဝင်းအကြောင်း
ရန်ကြီးအောင်စိန်ဝင်း (အမည်ရင်း ဦးစိန်ဝင်း) ကို ဦးအောင်ပွင့်၊ ဒေါ်ရွှေခင်တို့က ၁၉၃၅ ခုနှစ် ဇူလိုင် ၃၁ (၁၂၉၇ ခု ဝါခေါင်လဆန်း ၂ ရက်) မှာ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ရန်ကြီးအောင်ရွာ နားက စွယ်တော်ချောင်ရွာမှာ မွေးတယ်။ နောက်မှ ရန်ကြီးအောင်ရွာကို ပြောင်းနေတယ်။ ၁၉၄၇-၄၈ ဦးစိန်ဝင်းဟာ သုံးခွမြို့ မှာ ကျောင်းနေချိန် အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂက သူ တက်နေတဲ့ “ဆရာဦးထွန်းဝင်း မူလတန်းကျောင်း” ကို သမဂ္ဂလာဖွဲ့တဲ့အခါ ဦးစိန်ဝင်းဟာ အတွင်းရေးမှူး ဖြစ်လာတယ်။ ၁၉၅၁-၅၂ မှာ သူဟာ သုံးခွမြို့နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဖြစ်လာပြီး ၁၉၅၁ ခုနှစ် သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွတို့ ပါဝင်တဲ့ ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းတော့ ဦးစိန်ဝင်း အတွင်းရေးမှူး ဖြစ်လာတယ်။ ၁၉၅၂ ခုနှစ် (ဗကသ) ညီလာခံကို ဟံသာဝတီခရိုင် ကိုယ်စားလှယ်အဖြစ် ဦးစိန်ဝင်း တက်တယ်။ ၁၉၅၄ ဇန်နဝါရီ ၁ ရက် တက္ကသိုလ် ရိပ်သာလမ်း၊ ဝေဠုဝန်ကျောင်းတိုက်မှာလုပ်တဲ့ ဗကသ ညီလာခံကိုလည်း ခရိုင်ကိုယ်စားပြု တက်ခဲ့တယ်။ “တက္ကသိုလ်ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုများ” ဦးစိန်ဝင်း ၁၉၅၉ မတ်လ တက္ကသိုလ်ဝင် စာမေးပွဲ အောင်တယ်။ ၁၉၅၆-၅၇ ရန်ကင်းကောလိပ်မှာ ဥပစာသိပ္ပံ(က) ဘူမိဗေဒ ဘာသာနဲ့တက်တယ်။ ရန်ကင်း ကောလိပ်အဆောင်များ သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌ ဖြစ်လာတယ်။ ထူးခြားချက်က စိန်ပေါကျောင်းသားတွေနဲ့ ပဲခူးကျောင်းသားတွေ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ နောက်နှစ် ရန်ကုန်တက္ကသိုလ်ရောက်တယ်။ ဝိဇ္ဇာတွဲ ပြောင်းလိုက်တယ်။ ပင်းယဆောင်မှာ နေတယ်။ ပင်းယဆောင် သဟာယနှင့် စာဖတ်အသင်း အတွင်းရေးမှူး ဖြစ်လာတယ်။ ၁၉၅၈ မှာ ကိုစိန်ဝင်းနဲ့ ကိုတင်မောင်ဝင်း (ခရမ်း) တို့ဟာ ကချင်ပြည်နယ်သွားပြီး ဗကသ စည်းရုံးရေး တလ လုပ်ခဲ့ တယ်။ ၁၉၅၈ ဩဂုတ် ၈ ကနေ ၁၃ အထိ ပြည်ထောင်စုမြန်မာနိုင်ငံ ကျောင်းသားများ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး ကိုယ်စားလှယ်အနေနဲ့ သူတက်တယ်။
“တကသ ဒုဥက္ကဋ္ဌ ရန်ကြီးအောင်စိန်ဝင်း”
၁၉၅၈ စက်တင်ဘာ ၂၆ သန့်ရှင်း ဖဆပလဝန်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာပေးလိုက်ရတယ်။ ကိုစိန်ဝင်း တို့ ဗကသ၊ တကသ၊ ရကသ တပ်ဦးကျောင်းသား အဖွဲ့တွေက စစ်တပ်က အာဏာသိမ်းတာသာဖြစ်လို့ အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း စည်းဝေးဆုံးဖြတ်ပြီး ကား နှစ်စီးနဲ့ ရန်ကုန်မှာ လှည့်လည် ဆန္ဒပြကြတယ်။ ၁၉၅၈ ခုနှစ်မှာပဲ ကိုစိန်ဝင်းဟာ တကသ ဒုဥက္ကဋ္ဌ အဖြစ် ပြိုင်ဘက်မရှိ အရွေးကောက်ခံရတယ်။ ၁၉၆၀ အောက်တိုဘာ ၂၀- ၂၄ ဗကသ ညီလာခံကို ကိုစိန်ဝင်း တက်တယ်။ အဲဒီအချိန် သူဟာ တကသ ဒုဥက္ကဋ္ဌ မဟုတ်တော့ဘူး၊ ဗကသ အမှုဆောင်သာ ဖြစ်တယ်။ “တရုတ်ဖြူအရေး အမေရိကန်သံရုံဆန္ဒပြပွဲမှ ခါးကြီးစိန်ဝင်း” တပ်ပြေးတရုတ်ဖြူ (ကေအမ်တီ)တွေ ရှမ်းပြည်ကို ကျူးကျော်ဝင်လာလို့ ဗမာ့တပ်မတော်က တိုက်ထုတ်တယ်။ ၁၉၆၀ ဖေဖော်ဝါရီ တရုတ် ရိက္ခာပို့ အမေရိကန်လေယာဉ်ကို မြန်မာလေတပ်ကတိုက်တော့ မြန်မာဘက်က လေယဉ်ပျက်ကျပြီး လေယာဉ်မှူး ဗိုလ်ပီတာ ကျဆုံးခဲ့တယ်။ အမေရိကန်တပ်ကို ကျောင်းသားတွေ မကျေနပ်တာကြောင့် ၂၁- ၂- ၁၉၆၀ မှာ ကျောင်းသားသမဂ္ဂ ကြီးမှူးပြီး ကိုလိုနီစနစ် ဆန့်ကျင်ရေးနဲ့ ကူမင်တန် ကျူးကျော်တာကို ဆန္ဒပြပွဲ အမေရိကန်သံရုံးရှေ့မှာ လုပ်တယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်။ နံပါတ်တုတ်နဲ့ ရိုက်တယ်။ ကျောင်းသားခေါင်းဆောင် ရန်ကြီးအောင် စိန်ဝင်းနဲ့ ကိုတင်အောင်မြင့်တို့ အပါအဝင် ကျောင်းသားတွေ ဒဏ်ရာရတယ်။ ကိုစိန်ဝင်းက ခါးကို ပြင်းပြင်းထန်ထန် တုတ်ချက်ထိခဲ့လို့ နှစ်ပေါင်းများစွာ ခါးဒုက္ခခံစားခဲ့ရတယ်။ ခါးမှာ ဆေးခါးပတ် အဝတ်ထူကြီး အမြဲပတ်ထားရပြီး ခါးကြီးစိန်ဝင်းဘွဲ့ ရသွားတယ်။ သူဟာ ဘောလုံးလက်ရွေးစင်ဖြစ်ခဲ့လို့ ရန်ကြီးအောင်ရွာသားလည်း ဖြစ်လို့ သူ့ကို ရန်ကြီးအောင်လို့ ခေါ်ရာက ကျောင်းသားခေါင်းဆောင် ရန်ကြီးအောင်စိန်ဝင်း ဖြစ်ခဲ့သလို ခါးကြီးစိန်ဝင်းလို့လဲ ခေါ်ကြတယ်။
“ဇူလိုင် ၇ ရက် အရေးတော်ပုံနဲ့ ရန်ကြီးအောင်စိန်ဝင်း”
၁၉၆၂-၆၃ စာသင်နှစ်မှာ ခါးဒဏ်ရာကြောင့် ကိုစိန်ဝင်း ကျောင်းမတက်နိုင်ပါ။ ဆေးရုံတက်နေရတယ်။ သုံးခွအိမ်မှာ ပြန်နားနေ တယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ရန်ကုန်တက္ကသိုလ် သွေးမြေကျ အရေးအခင်းဖြစ်တယ်။ ၇-၇-၆၂ မနက် ၁၁ နာရီ တကသ ခန်းမမှာ တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေ ကန့်ကွက်ပွဲ ကျင်းပတယ်။ နောက် တက္ကသိုလ်ဝန်းအတွင်း လှည့် ဆန္ဒပြတယ်။ ဆန္ဒပြအပြီး နားနေချိန် ရဲတွေက တ.က.သ ဥက္ကဋ္ဌ နဲ့ ဗကသဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်တွေကို ဝင်ဖမ်းသွားတယ်။ ကျောင်းသားထုက မခံမရပ်နိုင်ဖြစ်ပြီး ရဲတွေကို ခဲနဲ့ပေါက်တယ်။ လူအုပ်များလာပြီး ပါမောက္ခချုပ် အိမ်ဝန်းထဲက ကား ၂ စီး မီးရှို့လိုက်တယ်။ ညနေ ၆ နာရီ စစ်တပ်ဝင်လာပြီး ပစ်ခတ်တယ်။ နောက်နေ့ အစိုးရ သတင်းစာမှာ သေသူ ၁၆ ဦး၊ ဒဏ် ရာ ၄၂ ဦး၊ ဖမ်းမိသူ ၂၁ ဦးလို့ ဖော်ပြတယ်။ တကယ်သေတာ ကျောင်းသား ၁၀၀ ကျော်လို့ ခန့်မှန်းကြတယ်။ နောက်နေ့ ၈- ၇- ၆၂ မှာ သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးလိုက်တယ်။ “၁၉၆၃ နိုဝင်ဘာ ၂၇ ကျောင်းသားများ၏ ပေါက်ကွဲမှု” ၁၉၆၃ နိုဝင်ဘာ ၂၇ သမိုင်းခြည်စက်မှာ အလုပ်သမားထု အစိုးရ ထောက်ခံပွဲ ကျင်းပတယ်။ ထောက်ခံပွဲပြန်ကားတွေကို ရန်ကုန်တက္ကသိုလ်နားမှာ တားဆီးပြီး ကျောင်းသားတွေက ဦးနေဝင်းအစိုးရရဲ့ ၇ ဇူလိုင် အရေးအခင်း သတ်ဖြတ်ပုံကို အပြစ်တင် ပြောပြကြတယ်။ ဒီမှာ ကျောင်းသားနဲ့ ပွဲပြန်လာသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်တယ်။ ၆၃ ဒီဇင်ဘာအရေးအခင်းလို့လဲ ခေါ်ကြတယ်။ ကျောင်းပိတ်တာကို ကန့်ကွက်ပြီး ကိုစိန်ဝင်းခေါင်းဆောင် သပိတ်ဆက်မှောက် နေတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းတယ်။ ကိုစိန်ဝင်းလွတ်သွားပြီးတိမ်းရှောင်နေရာက ၁၉၆၆ ခု မတ်လ ၅ ရက် စက်ဆန်းရပ်မှာ အဖမ်းခံရတယ်။ သူ့ဟာ တောခို လက်နက်ကိုင်ဖို့ ရှိပေမဲ့ ခါးဒဏ်ရာကြောင့် ပုန်းနေခဲ့ရတာပါ။ “အင်းစိန်ထောင် ငရဲခန်းမှာ” ကိုစိန်ဝင်းကို ဖမ်းတာ မိသားစုမသိပါ။ နောက်နေ့ ကြေးမုံသတင်းစာမှာ ပါလာမှ သိကြရတယ်။ သူ့ကို စစ်ဆေးတဲ့အခါ တခြား နိုင်ငံရေးသမားတွေလို ရိုက်နှက်၊ အိပ်ခွင့် မပေး၊ နာရီပေါင်းများစွာ အနားမပေးပဲ စစ်ခဲ့တယ်။ နောက်တော့ အင်းစိန်ထောင်ပို့ လိုက်တယ်။ သူ့ကို အများနဲ့ တွဲထားသလို တဦးတည်း ထောင်တွင်း တိုက်ပိတ်ထားတဲ့ ကာလတွေလဲ ရှိခဲ့တယ်။ နောက်တော့ သူနဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၃၀ နာမည်ကျော် ကိုကိုးကျွန်းကို ပို့လိုက်တယ်။
ကိုကိုးကျွန်း
လေးတန်လေးဘက်၊
ရေပတ်လည်ဝိုင်း၊ ကျွန်းရိုင်းကလေး၊
ထွက်ပြေးစရာ၊ မရှိပါဘူး။
ဘယ်မှာကြည့်ကြည့်၊ မြင်သည့်အရာ၊
ရေချည့်ပါပဲ၊ ဗမာပြည်မ၊
ဆိုတာကလဲ၊ မှုန်ပြပြတောင်၊
မြင်ယောင်နိုင်တာ၊ မဟုတ်ပါဘူး
မိုင်ပေါင်းရာကျော်ဝေးပါတယ်။
ဒါတွေကြောင့်၊ စိတ်ဓါတ်ကျပြီး၊
နောင်တရမယ်ထင်သလား။
ဝေးပါသေးရဲ့ ၊ တေးတကြော်ကြော်၊
ကြွေးကြော်သံတွေ တအော်အော်နဲ့၊
ပျော်နေကြပုံတွေကို၊ ငတ်ကြပြတ်ကြ၊
ပင်ပမ်းကြနဲ့၊ စိတ်ဓာတ်ကျမှာပဲ၊
ထင်တခွဲနဲ့၊ ပင်လယ်ထဲပို့လိုက်တဲ့၊
နေဝင်းတို့များမြင်ရင်၊ ထိုင်တောင်ငိုမလားပဲ။ ။
ရန်ကြီးအောင်စိန်ဝင်း( ဧပယ် ၃၀၊ ၁၉၆၉)
၁၉၆၉ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ကိုကိုးကျွန်း ပို့တယ်။ ကျွန်းပေါ်မှာ ၇ ရက်ကြာ အစာငတ်ခံ ငါးပိပုပ် တိုက်ပွဲ။ ရဲနီတင်ငြိမ်း သေဆုံးပြီး ရက် ၄၀ အစာငတ်ခံတိုက်ပွဲနဲ့ ၅၃ ရက်ကြာ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲတွေ လုပ်ခဲ့တယ်။ ၉- ၆- ၁၉၇၁ စတင်ပြီး ၆- ၈ – ၁၉၇၁ ပြီးဆုံးခဲ့တဲ့ ၅၃ ရက်ကြာအစာငတပြီးတော့ ကျွန်းဖျက်သိမ်းခွင့်ရ ရဲဘော်စိန်ဝင်းကတော့ သတိမေ့မြောသွားတယ်။ ဆေးကုလို့ အသက် မသေပေမဲ့ အာရုံကြောပျက်စီးပြီး ချည့်နဲ့သွားတယ်။ လမ်းမလျှောက်နိုင် လက်တွေတုန်ပြီး မျက်စိလည်း မကောင်းတော့ဘူး။ သေရာပါအထိပဲ။ နောက်ထပ် ၃ လ လောက်ကြာ ၁၉၇၁ နိုဝင်ဘာမှာ သူတို့ကို အင်းစိန်ထောင် ပြန်ပို့တယ်။ “ရန်သူအပေါ်ပြတ်သားသူ ရန်ကြီးအောင်စိန်ဝင်း” စစ်ကြောရေးကာလမှ သူ့ကို ရာထူးကြီးကြီးပေးမယ်။ နိုင်ငံရေး၊ ကျောင်းသားအရေးတွေ ဆက်မလုပ်ဖို့ အစိုးရက ကမ်းလှမ်းတာကို ဦးစိန်ဝင်း ငြင်းခဲ့တယ်။ သူ့စကားက “ရန်သူက ပေးတာ ကျွေးတာ ဘာမှမယူဘူး။ ရန်သူပေး အခွင့်အရေးဟာ ပြည်သူကို သစ္စာဖောက်ရမှာပဲ ဖြစ်တယ်။ ပြည်သူအပေါ် ဘယ်တော့မှ ငါ သစ္စာမဖောက်ဘူး။” သူရှိတဲ့ အင်းစိန်ထောင်ကို ကွန်မြူနစ်ပါတီက လက်နက်ချ ရဲဘော်မြ၊ ရဲဘော် ဘခက်တို့လာပြီး ယုံကြည်ချက်စွန့်လွှတ်ဖို့ ဆွေးနွေးခဲ့တယ်။ ဦးစိန်ဝင်းက လက်နက်ချသမားတွေနဲ့ မဆွေးနွေးဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။
“သွေးနည်းတဲ့ ပုစွန်လို ကောင်မျိုးတွေ
ကျောရိုးမဲ့တဲ့ မျှော့လို ကောင်မျိုးတွေ မဟုတ်ဘူး”လို့ သူ အမြဲရေရွတ်လေ့ ရှိတယ်။
၈၈၈၈ ကာလသူဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ် သပိတ်ကို ဦးဆောင်ခဲ့လို့ အဖမ်းခံရတယ်။ ၁၉၈၈ ဒီဇင်ဘာမှာ အင်းစိန်ထောင်ထဲ ဝမ်းကိုက်ရောဂါတွေ ဖြစ်တယ်။ ဦးစိန်ဝင်းကူးတယ်။ ဝမ်းကိုက်တာကို ပိုးသတ်ဆေး မတိုက်တာကြောင့် ရောဂါကျွမ်းပြီး သေရတာပါ။ ဝမ်းရပ်ဆေးသာ တိုက်လို့ ရောဂါပိုးတွေ ပျံ့နှံ့ပြီး ပိုဆိုးခဲ့တယ်။ ၁၉၉၁ ဇန်နဝါ ရီ ၂ ရက် အင်းစိန်ဆေးရုံ ပို့တယ်။ ပို့တော့လည်း သာမန် ထောင်ကား အမိုးမပါပေါ်မှာ ပက်လက် (အစောင့်မပါ) တင်သွားတယ်။ ဒါကို ထောင်ဝင်စာ သွားတွေ့တဲ့ ဦးစိန်ဝင်းရဲ့ အစ်ကို ဦးမြသန်းနဲ့ အစ်မ ဒေါ်နှင်းစိန်တို့က အထဲက ဒေါ်နှင်းစိန် တွေ့တော့ “ငါ့မောင်လေး” ဆိုပြီး ငိုယို ကားပေါ်ကုတ်ကတ်တက် လိုက်သွားတယ်။ ဦးစိန်က သတိရတချက် မရတချက်။ ဆေးရုံဘေးမှာ ကားပေါ်ကနေ ဒီအတိုင်း ချထားခဲ့တယ်။ ဦးစိန်ဝင်း သတိလည်လာပြီး ထောင်နားမှာနေတဲ့ ကဗျာဆရာကြီး (ဦး)တင်မိုးကို ခေါ်ခိုင်းတယ်။ ဦးတင်မိုးက ဆေးရုံတင်တယ်။ ဦးစိန်ဟာ ဝမ်းကိုက်ပိုးကြောင့် ဗိုက်တွေရောင်ရမ်း ရောဂါမချိမဆံ့ ခံနေရပေမဲ့ အပြုံးမပျက် အစ်ကို အမတွေကို စကားပြောတယ်။ ၁၉၉၁ ဇန်နဝါရီလ ၈ ရက်မှာ ခွဲစိတ်ကုသပေမဲ့ မအောင်မြင်ဘူး။ ည ၁၀ နာရီ ကွယ်လွန်တယ်။
ကဗျာဆရာဦးတင်မိုးနဲ့ ရန်ကြီးအောင်စိန်ဝင်း
ရန်ကြီးအောင်စိန်ဝင်း အင်းစိန်ထောင်ကနေ ဆေးရုံတက်ခွင့်ရအောင် ဦးတင်မိုးက အစအဆုံး လိုက်လုပ်ပေးခဲ့တာပါ။ ရန်ကြီးအောင် ကွယ်လွန်တော့လည်း ဦးတင်မိုးက ကဗျာတပုဒ်ရေးသား ဂုဏ်ပြုခဲ့တယ်။
သူရဲကောင်းကျောက်တိုင် (တင်မိုး)
ရဲဘော်လိုလူ
ပြည်သူရဲ့ဘက်တော်သား
ဆုံးပါးတဲ့အတွက်
မျက်ရည်တစက်ကျမိတယ်။
ရဲဘော်ရဲ့ ရိုးဂုဏ်
ဖြောင့်မတ်တဲ့ဂုဏ်
ပြတ်သားစွာရပ်တည်တဲ့ဂုဏ်
ဒီဂုဏ်တွေဟာ
ရဲဘော်ရဲ့ကျောက်တိုင်ပမာ
စံနမူနာအဖြစ်
မော်ကွန်းသစ်တင်လိမ့်မယ်။
ရဲဘော်ရဲ့ဂုဏ်သိက္ခာဟာ
မြန်မာပြည်ရဲ့ အလင်္ကာ။
ရဲဘော်ရဲ့စိတ်ဓာတ်
မြင့်မြတ်ကြီးကျယ်မှုဟာ
မြန်မာပြည်ရဲ့ အလံတော်ပါပဲ။ ။
(သုံးခွက ရဲဘော်ကြီး – ကိုစိန်ဝင်းသို့)
(တင်မိုး)
သုံးဆယ့်လေးနှစ်ကြာပြီဖြစ်လည်း ရှင်နေဆဲသူ
ဗိုလ်ချုပ်အောင်ဆန်းကို သတိရသလို ဆလိုင်းတင်မောင်ဦး၊ RIT ကျောင်းသား ကိုဘုန်းမော်၊ မဝင်းမော်ဦး စသည်တို့ကိုလည်း မမေ့ကြ။ အလားတူ ဟံသာဝတီ ဦးဝင်းတင်၊ ခရမ်းဦးတင်မောင်ဝင်း၊ ဦးညိုဝင်း၊ နီအောင်မေသု၊ ဦးခင်မောင်မြင့်၊ မောင်သော်က၊ ကေဇဝင်း၊ မြသွဲ့သွဲ့ခိုင်၊ အကသ ဥက္ကဋ္ဌ ကိုညီမင်းသူ စသည့် စသည့် ခေတ်အဆက်ဆက် ပြည်သူ့အတွက် ကြိုးပမ်းသွားခဲ့ကြသူတွေကိုလည်း မမေ့ကြပါ။ ဒီအထဲမှာ ကျောက်တိုင်ကြီးပမာ ပြည်သူ့ဘက်က ခိုင်မာစွာ ရပ်တည် အသက်စွန့်သွားခဲ့သူ ရန်ကြီးအောင်စိန်ဝင်းကိုလည်း မမေ့ပါကြောင်း မှတ်တမ်းရေးရတာပါ။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာတော့ အာဇာနည်ကြီး ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်သွားခဲ့တာ ၃၄ နှစ်ပြည့်ခဲ့ပြီလေ။ ဒါပေမဲ့ သက်ရှိထင်ရှား ရှိပါသေးလျက်က နိုင်ငံရေးခံယူချက် သေသွားသူတွေနဲ့ နှိုင်းရင်တော့ ရန်ကြီးအောင်စိန်ဝင်းက မသေသေးပါ။ ရှင်သန်နေတုန်းပါ။
ရှင်လျက်သေသွား၊ ထိုသူများနဲ့၊ နှိုင်းစာရင်တော့ ကွယ်လွန်ပြီး ၃၄ နှစ်တိုင် ရှင်သန်နေဆဲ ရန်ကြီးအောင်စိန်ဝင်းလို့ ဆိုချင်မိတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar