၂၀၂၄ ခုနှစ်အတွက် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ ဆုတံဆိပ်များပေးအပ်ခြင်းနှင့် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲ ကျင်းပ
နေပြည်တော် မတ် ၁၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ ဆုတံဆိပ်များပေးအပ်ခြင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီခွင့်ပြုချက်ဖြင့်ဖွင့်လှစ်နေသော တည်းခိုခန်းများ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System) အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်ရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နေသော တည်းခိုခန်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ၂၀၀၈ ခုနှစ်မှစ၍ အာဆီယံစံနှုန်းများကို နှစ်နှစ်တစ်ကြိမ် အလှည့်ကျ ပေးအပ်ချီးမြှင့်လျက်ရှိရာတွင် ယခုအချိန်အထိ မြန်မာနိုင်ငံအနေနှင့် အစိမ်းရောင်ဟိုတယ်ဆု ၆၈ လုံး၊ အာဆီယံလူထု အခြေပြု ခရီးသွားလုပ်ငန်းဆုအတွက် ခရီးစဉ်ဒေသခြောက်ခု၊ အများပြည်သူသုံး သန့်စင်ခန်းဆုရှစ်ခု၊ အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော်များဆု ၁၁ ခု၊ အာဆီယံ MICE အစည်းအဝေး ခန်းမဆု ၁၅ ခု၊ ပြပွဲခန်းမဆုလေးခု၊ အခမ်းအနားများကျင်းပသည့် နေရာဆုသုံးခု၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆုအတွက် မြို့ပြခရီးစဉ်ဒေသနှစ်ခုနှင့် ကျေးလက်ခရီးစဉ်ဒေသလေးခု စုစုပေါင်း ၁၂၁ ဆုကို နှစ်အလိုက် အသီးသီးရရှိထားကြောင်း။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၀၈ ခုနှစ်မှစ၍ယခု ၂၀၂၄ ခုနှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆိုင်ရာဆု စုစုပေါင်း ၁၆ ဆုရရှိထားပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် အာဆီယံစံနှုန်းဆုများ လျှောက်ထားရယူနိုင်သော အလားအလာကောင်းများ ရှိနေသည့်အတွက် ၂၀၂၅ ခုနှစ်တွင်ပေးအပ်ချီးမြှင့်မည့် အာဆီယံလူမှုအဖွဲ့အစည်း အခြေခံခရီးသွားလုပ်ငန်းဆု၊ အာဆီယံအများပြည်သူသုံးသန့်စင်ခန်းဆုများကို ပါဝင်လျှောက်ထားရန် တိုက်တွန်းလိုကြောင်း။
ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလိုင်စင်ရယူထားသော ဟိုတယ်နှင့်တည်းခိုရိပ်သာများ အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများမှ လိုင်စင်ရယူလုပ်ငန်း ဆောင်ရွက်နေသည့် တည်းခိုခန်းများအားလုံး တစ်ပြေးညီ အသုံးပြုရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တက်ရောက်လာကြသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နေသောတည်းခိုခန်းများမှ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပြသပေးမည့် GLMS အသုံးပြုနည်း ဧည့်စာရင်းဖြည့်သွင်းနည်းများကို သေချာလေ့လာမှတ်သားကြရန်၊ ဧည့်စာရင်းများကို နေ့စဉ်ပုံမှန် မပျက်မကွက်ဖြည့်သွင်းကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် စီးပွားရေးရာ ဝန်ကြီးတို့က အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ရာ အာဆီယံ MICE Venue စံနှုန်းဆု (ASEAN MICE Venue Standard, Category: Event Venue) ရရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီမှ Myanmar Convention Centre (MCC)ခန်းမ၊ အာဆီယံ MICE Venue စံနှုန်းဆု (ASEAN MICE Venue Standard, Category: Exhibition Venue) ဆုရရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ Yangon Convention Centre (YCC) ခန်းမနှင့် အာဆီယံအစိမ်းရောင် ဟိုတယ်စံနှုန်းဆုနှင့် အာဆီယံ MICE Venue စံနှုန်းဆု (ASEAN MICE Venue Standard, Category: Event Venue) ဆုရရှိသော Chatrium Hotel တို့မှ ကိုယ်စားလှယ်များက ဆုတံဆိပ်များကို လက်ခံရယူခဲ့ကြပြီး ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။