အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး”ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ”ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး(အေဆမ်)၊ အာရှပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် နှစ်နိုင်ငံချင်း၊ ဒေသတွင်း၊ ဒေသခွဲနှင့် နိုင်ငံတကာအစီအစဉ်များတွင် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်ခြင်းဖြင့် ပြည်ပဆက်ဆံရေးပိုမိုအားကောင်းလာစေရန်နှင့် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များအား ဦးစားပေးဖော်ဆောင်ရာတွင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာအစီအစဉ်များမှတစ်ဆင့်လည်း ပိုမိုပေါင်းစည်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
” အထူးသဖြင့် အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍမြှင့်တင်နိုင်ဖို့၊ ပြည်တွင်းကဏ္ဍအသီးသီးမှာတာဝန်ယူနေတဲ့ ဝန်ကြီးဌာနတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေနဲ့ မိမိတို့ရဲ့ဦးစားပေးလုပ်ငန်းအစီအစဉ်တွေကို အာဆီယံယန္တရားတွေနဲ့ ပိုမိုအချိတ်အဆက်မိမိဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ ဖော်ထုတ်သွားကြရပါမယ်”ဟု ဒု-ဝန်ကြီးဦးကိုကိုကျော်က တိုက်တွန်းမှာကြားခဲ့သည်။
ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲ၏ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးသည့်အပိုင်းတွင် နိုင်ငံခြားရေးဒု-ဝန်ကြီးဦးကိုကိုကျော်၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် အာဆီယံမဏ္ဍိုင်(၃)ရပ်ကို အဓိကတာဝန်ယူထားကြသည့် အဆင့်မြင့်အရာရှိကြီးများက အာဆီယံဆိုင်ရာကဏ္ဍအသီးသီးကိုတာဝန်ယူထားသည့် ဝန်ကြီးဌာန(၃၀)ခုမှ ဘာသာရပ်ကျွမ်းကျင်သူအရာရှိများကို ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းစဉ်များကို အာဆီယံယန္တရားများမှတစ်ဆင့် ဖော်ဆောင်နိုင်မှုအခြေအနေအပါအဝင် အာဆီယံနှင့်သက်ဆိုင်သည်များကို ညှိနှိုင်းတိုင်ပင်မှုများပြုလုပ်ခဲ့ကြသည်။