ylliX - Online Advertising Network

မောင်တူး – ငါ့သား မြေး မြစ် စစ်ထဲ မဝင်စေရ တပ်ကြပ်ကြီးရွှေဘ


(မိုးမခ) ဇန်နဝါရီ ၁၀ ၊ ၂၀၂၅

မဝင်စေလျှဉ်း

စစ်တပ်တွင်းသို့

ဆိုးခြင်းမျိုးစုံရှိနေလို့။ ။

တပ်ကြပ်ကြီးရွှေဘဟာ အသက် ၆၀ နီးပြီ။ စစ်သက်လည်း ရင့်ပြီ။ တပ်မတော်မှာ အမှု့ထမ်းဆဲ။ ဒါပေမဲ့ သူနေ့စဉ် မှာကြားလေ့ရှိတာကတော့ ” စစ်တပ်ထဲကို မဝင်ကြနဲ့တဲ့။ စစ်ဆိုရင် ရေတောင်စစ်မသောက်နဲ့တဲ့။ စစ်တပ်ထဲမှာက အားလုံးဟာ ကျွန်ခံ‌နေကြရတာတဲ့။ မနေအပ်တဲ့ အရပ်တဲ့။ ငါ့သား သမီး မြေး မြစ်တွေ စစ်တပ်ထဲကို မဝင်စေရဘူးတဲ့။ (သူက ဘာ ကြောင့် ဒီလိုပြောနေရသလဲ။ သိရင်ဖြေပေးကြပါဦး။)

ထမော်ရှိန်မှ ရာထူးရ

ဟိုတနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှာ သံရုံးအဆင့်မြင့် ဝန်ထမ်း ဗိုလ်မှူးကတော်နဲ့ သူ့ညီမအရင်းတို့ ရန်ဖြစ်ကြသတဲ့။ ဗိုလ်မှူးကတော်ရဲ့ ညီမက တော်လှန်ရေးကျောင်းသားတယောက်နဲ့ ကြိုက်နေတာကို ဖျက်ဖို့နားချတယ်။ ငါ့ညီမရယ် နယ်စပ်က သူပုန်ကျောင်းသားတွေနဲ့ သွားမကြိုက်ပါနဲ့။ တောထဲမှာ မျှစ်တူးစားရလိမ့်မယ်။ အမတို့တပ်မှာဆို ဗိုလ်ကြီးကတော်တွေက အမယောက်ျား အရှိန်နဲ့ ရာထူးတက်ချင်ကြတော့ အမထမီကို အလုအယက် လာလျှော်ပေးကြရတယ်လေ တဲ့။ ဒီအခါ ညီမက ပြန်ပြောလိုက်တဲ့ စကားကြောင့် ညီအစ်မ ၂ ယောက်လည်း ဆံပင်ဆွဲ ရန်ဖြစ်ကြတော့တာပေါ့။ ညီမ ပြန်ပြောလိုက်တာက (အမလည်း ယောက်ျား ရာထူးတက်ချင်လို့ တပ်ရင်းမှူး ကတော် ထမီလျှော်ပေးခဲ့ရတာမဟုတ်လား တဲ့။ ထမော်ရှိန်မှ ရထူးတက်ရတဲ့ တပ်မတော်ကြီးကို တပ်ကြပ်ကြီးရွှေဘက မနှစ်သက်တာနေမှာပေါ့။

ငမလိုဆိုရွာရှားတောမြို့နယ်က ဒေါ်ပေမိုနဲ့ တပ်သားရွှေဘ

တပ်ကြပ်ကြီးရွှေဘဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတော့ အိမ်က ထွက်ပြေးရင်း တပ်မတော်ထဲကို ရောက်ခဲ့တယ်တဲ့။ အဲ့သည်တုန်းကတော့ တိုင်းပြည်ကို ကာကွယ်ဖို့ပေါ့။ ဒါပေမဲ့ ပင်လောင်း လေ့ကျင့်ရေးက သင်တန်းဆင်းအပြီးမှာပဲ သူဟာ ကရင်နီ လို့ခေါ်တဲ့ ကယားပြည်နယ် ရှားတောမြို့နယ်ကို ရှေ့တန်းထွက်ခဲ့ရတယ်တဲ့။ ကရင်နီတပ်တွေက လာတိုက်တာ မရှိပေမဲ့ တွေ့သမျှ ရွာတွေ အိမ်တွေ အကုန်လုံးကို မီးရှို့ရတာတဲ့။ ဘာကြောင့် အိမ်တွေကို ရှို့ပစ်တာလည်းလို့ သူ့အထက် အရာရှိကို မေးကြည့်တော့ “ဖြတ် လေး ဖြတ် ” တဲ့။ ၁၉၉၆ ခုနှစ်ရဲ့ နေ့တနေ့မှာ ရှားတောမြို့နယ် ငမလိုဆိုရွာကို သူတို့ရောက်တော့ အိမ်တအိမ်မှာ လေဖြတ်နေတဲ့ ဒေါ်ပေမို အသက် ၇၀ အရွယ်ခန့်ကို တွေ့သတဲ့။ ကျန်ရွာသားတွေက ထွက်ပြေးကုန်ကြတော့ ဒုက္ခိတ လေဖြတ်လူနာ သက်ကြီးရွယ်အို ကယားလူမျိုး ဒေါ်ပေမိုတယောက်တည်း ကျန်ခဲ့ပုံရတယ်တဲ့။ ဒေါ်ပေမိုကို သနားလို့ တပ်သားရွှေဘက ရေသွားတိုက် ထမင်းသွားကျွေးလိုက်သေးသတဲ့။ တအောင့်လည်းကြာရော ငမလိုဆို တရွာလုံးကို မီးရှို့ဖို့ တပ်မှူးက အမိန့်ပေးပြီး ရဲဘော်အားလုံးကို ရွာပြင်ဆုတ်ခိုင်းလိုက်သတဲ့။ တပ်မှူးခင်ဗျာ အိမ်တအိမ်မှာ လေဖြတ်ပြီး မထနိုင်တဲ့ လူနာ အဖွားကြီး တဦး ကျန်နေသေးလို့ ရွာပြင်ကို သယ်ထုတ်ခွင့်ပြုဖို့ ပြောတဲ့အခါ ” ငါ-ိုးမသား မင်းနဲ့မဆိုင်ဘူး။ မင်းအလုပ်က ရွာပြင်ရောက်အောင်ဆုတ်” လို့သာ ပြန်ပြောသတဲ့။ တပ်သားရွှေဘကတော့ ဪ ငါတို့ တပ်မတော်ကြီးဟာ လူလူချင်း စာနာစိတ်မရှိ ဆိုးဝါးလှပါလားလို့သာ တွေးနေမိခဲ့သလို နှစ်ပေါင်း ၃၀ ကြာတိုင် မေ့မရဘူးတဲ့။

တပ်မတော် သို့မဟုတ် ပြန်လမ်းမရှိကျေးရွာ

တပ်သားသစ်မှာ၊ ဆယ်နှစ်စာချုပ်

တကယ်ချုပ်ကာ၊ နှစ်ပြည့်ပါလျှက်

စာချုပ်ပျက်သော်၊ နေမပျော်လည်း

စစ်တပ်ထဲက၊ ထွက်မရပေ

ဒေါသတွေသာ ထွက်နေပါတော့သတည်း။ ။

တပ်ကြပ်ကြီးရွှေဘ ဒေါသတွေ နေ့တိုင်းထွက်နေပါတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ တပ်မတော်ဆိုတာ ပြန်ထွက်လမ်းမရှိတဲ့ နေရာကြီး ဖြစ်နေလို့ပါတဲ့။ တပ်ကိုဝင်စ စာချုပ်ကြရတယ်တဲ့။ ၁၀ နှစ် စစ်မှုထမ်းပါမယ်ဆိုပြီး အရာရှိနဲ့ ချုပ်တာပဲတဲ့။ စာချုပ်တွေကို အရာရှိကပဲ ယူထားတယ်တဲ့။ ၁၀ နှစ်ပြည့်တော့ တပ်ကထွက်ဖို့ တင်ပြတော့ ချုပ်ထားတဲ့ စာချုပ်က ရှာမရတော့ဘူးတဲ့။ မရှိတော့ဘူးပေါ့။ ရေစုံမြောပြီ။ ၁၀ နှစ် ကြိတ်မှိတ်နေခဲ့ရတာလေ။ အဆဲခံ ခိုင်းသမျှလုပ် လခကလည်း ဟိုဖြတ် ဒီဖြတ် အမြှီးဖြတ် ခေါင်းဖြတ်နဲ့ ဘာမှမကျန်၊ ဦးပိုင်ကြေး၊ ငွေစုငွေကြေး၊ မအလ ဘုရားကြီးတည် အလှူငွေ စသည်ဖြင့် စသည်ဖြင့် အဖြတ်မျိုးစုံခံ ဘာမှမကျန်ဘူးတဲ့။ ကိုယ်မယားဆိုလည်း အရာရှိ မိန်းမ ထမီတွေ အဝတ်တွေ လျှော်ပေးလိုက်ရတာ အမေကို ဖောက်လို့တဲ့။ အလုပ်တွေကို ရဲဘော် ရဲမေတွေက ခိုင်းဖတ်ကျွန်တွေလို လုပ်ပေးကြရတယ်။ တပ်မွေးမြူရေး စိုက်ပျိုးရေး စတဲ့ ဝင်ငွေအားလုံးကျတော့ တပ်ရင်းမှူးက အကုန်ယူတယ်။ အထက်က လာစစ်ရင်လည်း ပေးရ ကြွေးရတယ်။ တပ်မိသားစုတွေက ခံစားခွင့်မရှိဘူးတဲ့။ အခု ၁၀ နှစ်ပြည့်တော့လည်း စာချုပ်ပျောက်တော့ ဇာတ်လမ်းက ဆုံးပြီ။ ဒေါသဖြစ်ပြီး စိတ်ဓာတ်ကျပြီး အရက်ကို အမူးသောက်လိုက်သတဲ့။ တပ်ကို ပတ်ပြီး သောင်းကျန်းအော်ဟစ်ပစ်လိုက် သတဲ့။ နောက်တနေ့မှာတော့ တပ်သားသားဘဝကနေ တပ်ကြပ် ရွှေဘအဖြစ် ရာထူးတိုးပေးသတဲ့။ ဒါပေမဲ့ တပ်ကြပ်အဖြစ် ၂ နှစ် တာဝန်ထမ်းပါ့မယ်လို့ စာချုပ်ချုပ်ရပြန်သတဲ့။ နောက် ၂ နှစ်လည်း စာချုပ်ရှာမတွေ့ပြန်ဘူးတဲ့။ နောက်ထပ် မူးပြီး သောင်းကျန်းပြန်။ တပ်ကြပ်ကြီးရာထူး တပ်တိုးပေးပြန်။ ၂ နှစ်ထပ်နေပါမယ်လို့ စာချုပ်ရပြန်သတဲ့။ အခုတော့ တပ်ကြပ်ကြီးရွှေဘ ဘဝနဲ့ပဲ။ နှစ် ၃၀ ကျော် ကြာသွားပါပြီ။ တပ်က ထွက်ဖို့ပြောတိုင်း ထွက်လို့မရခဲ့ဘူးတဲ့။ ရာထူးတော့ ထပ်မတိုးတော့ပေမဲ့လည်း တပ်မှူးက အခွင့်အရေးလေးတွေ မစို့မပို့ပေးပြီး ဆွဲဆွဲထားလို့ တပ်က မထွက်ရသေးဘူးပေါ့။ လူဖြစ်ရှုံးတယ်လို့ ခံစားရပြီး ဒေါသကတော့ အမြဲလိုလို သူနဲ့ နပန်းလုံးနေပါတယ်တဲ့။

ငါးပိပုပ်သိုး၊ ပဲပိုးထိုးနှင့်

ဆန်ကျိုးဆန်ကွဲ၊ ဆားကြမ်းခဲများ

ခွဲတမ်းပေးသော်၊ တပ်မတော်သည်

အတော်ဆိုးပြီ ပြောရမည်တကား။ ။

“လူစားတဲ့ဟာတွေ မဟုတ်ဘူး။” ဆိုတဲ့စကားသံက တပ်ကြပ်ကြီးရွှေဘ ပြောလေ့ရှိတဲ့ ဒေါသသံတွေထဲက တခုပါတဲ့။ တပ်ရင်းမှူး၊ ဒုရင်းမှူး၊ တပ်ရေး၊ တပ်ထောက် စတဲ့ အရာရှိ အဆင့်ဆင်က လည်သလို လုပ်စားနေကြတယ်ဆိုတာ ကတော့ ထုံးတမ်းစဉ်လာလို ဖြစ်နေပြီပေါ့။ ငါးပိ ဆား ကုလားပဲခြမ်းဝါ ဆန် စတဲ့ ရိက္ခာတွေဟာ တပ်ရင်းထဲကို ရောက်မလာဘူးတဲ့။ အကုန် မှောင်ခိုမှာ ရောင်းစားပြီး ဆန်ဝါ ပဲပိုးထိုး ငါးပိပုပ် ဆားကြမ်းတွေပဲ တပ်ရင်းကို ရောက်ပါတယ်တဲ့။ အာမီရမ် အရက်တွေဆိုရင် စက်ရုံကနေ ကားနဲ့ တိုက်ရိုက် မှောင်ခို ဆီ ရောက်သွားပြီး ပုံစံတူကားနဲ့ အရက်အတုတွေသာ တပ်ရင်းထဲကို ရောက်လာပါတယ်တဲ့။ အလားတူ စစ်အသုံးအဆောင်တွေလည်း အတုတွေသာ ရောက်လာပါတယ်တဲ့။

နိဂုံး ငါလုပ်သလို မလုပ်ကြနဲ့၊ ငါ ပြောသလိုလုပ်ကြပါ

အထက်ပါ စာသားတွေဟာ တပ်ကြပ်ကြီးရွှေဘရဲ့ စစ်သက် နှစ် ၃၀ ကျော်နဲ့ ရင်းပြီး ပြောပြ ရင်ဖွင့်ချက်တွေပါတဲ့။ အထက်ပါ ဒေါသဖြစ်စရာ အကြောင်း အချက်တွေအပြင် နောက်ထပ် မကြားဝံ့မနာသာ တပ်မတော်ရဲ့ ဆိုးဝါးကြောင်း တွေလဲ ရှိနေသေးသတဲ့။ တပ်ကြပ်ကြီးရွှေဘက ထပ်ပြောပြရင်ဖွင့်ရင် ထပ်သိရပါဦးမယ်။ လောလောဆယ် သူ အမြဲ ပြော ပြောနေတာကတော့ “တပ်မတော်ထဲကို မဝင်ကြနဲ့တဲ့။ စစ်ဆိုရင် ရေတောင်စစ်မသောက်နဲ့တဲ့။ စစ်တပ်ထဲမှာက အားလုံးဟာ ကျွန်ခံ‌နေကြရတာတဲ့။ မနေအပ်တဲ့ အရပ်တဲ့။ ငါ့သား သမီးမြေးမြစ်တွေ စစ်တပ်ထဲကို မဝင်စေရဘူးတဲ့။”

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *