ylliX - Online Advertising Network

ထိုင်းနယ်စပ်က ကျားဖြန့် လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအား


မိုးမခ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၅

ထိုင်းနယ်စပ်က ကျားဖြန့် လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအား 

၂၀၂၃ ခုနှစ် နှောင်းပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကျားဖြန့်ကိစ္စတွေ ကျယ်ပြန့်ဆိုးရွားလာတဲ့ အနေအထားမှာ မြောက်ပိုင်းညီနောင် မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို အကြောင်းအချက်တခုအနေနဲ့ ဆုပ်ကိုင်ပြီး ကျားဖြန့်နှိမ်နှင်းရေးကို အကြောင်းပြချက်အနေနဲ့ တခု အနေနဲ့ ဖော်ပြပြီး ၁၀၂၇ စစ်ဆင်ရေးလို့ ဆိုတဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နယ်မြေသိမ်း မြို့သိမ်းစစ်ဆင်ရေး တခုကို စတင်ဆင်နွှဲခဲ့ကြတာ အားလုံး သိရှိပြီး ဖြစ်စဥ်တခုဖြစ်ပါတယ်။ 

ကျားဖြန့်နှိမ်နှင်းရေးနဲ့ ကျားဖြန့်ကိုအားပေးအားမြှောက်ပြုနေတဲ့ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေကို ချိတ်ဆက်ထားခဲ့ခြင်းကြောင့် ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင်ငံက လိုလားတဲ့ ကျားဖြန့်နှိမ်နှင်းရေး အကြောင်းအရာ ခေါင်းစဥ်နဲ့ ကိုက်ညီပြီး တရုတ်နိုင်ငံက အဆိုပါ စစ်ဆင်ရေးကို အားပေးထောက်ခံခဲ့ကြတယ်လို့ မြန်မာနိုင်ငံအရေး စောင့်ကြည့်သူ အများအပြားက ကောက်ချက်ချခဲ့ကြတာပါ။ တရုတ်ရဲ့ စေခိုင်းမှုအဆင့်လား၊ အားပေးအားမြှောက်ပြုတဲ့အဆင့်လား သို့မဟုတ် တရုတ်အနေနဲ့  မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ ရဲ့ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ နည်းပညာတွေကို ထောက်ပံ့ခဲ့သလား ဆိုတဲ့ သက်သေအထောက်အထား မပြနိုင်သော်လည်း ယူဆချက်၊ ကောက်ချက်တွေ ပေါ်ထွက်ခဲ့တာ အားလုံး သိရှိပြီး ဖြစ်ကြပါလိမ့်မယ်။ 

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ ယမန်နှစ် ဇူလိုင် သြဂုတ်လတွေမှာ ဖြစ်ပျက်တဲ့အခြေအနေတွေကတော့ တရုတ်နိုင်ငံက မလိုလားတဲ့ အဆင့်အခြေအနေတွေ ဆိုတာ ရှင်းရှင်းလင်းလင်း သိရှိကြရပြီး ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် နောက်ခံတွေက လတ်တလော ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် ရွှေကုက္ကိုကျေးရွာအနီးက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေကို လူသိများတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် တဦးဖျားယောင်း ခေါ်ဆောင်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ နောက်ထပ် တရုတ်နိုင်ငံသားတွေ အလားတူအဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပျက်လာနေတာဟာ တရုတ်နိုင်ငံက ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်နှိမ်နှင်းရေး မှာ လက်ဝင်ပါလာတော့မလားဆိုတဲ့ ယူဆချက်တွေကို ပေါ်ပေါက်လာစေပါတယ်။ 

လူသိများ ထင်ရှားတဲ့ တရုတ်နိုင်ငံသား လူငယ်သရုပ်ဆောင်ဟာ ရုပ်ရှင်ဇတ်လမ်း ရိုက်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လိမ်လည်ဖိတ်ကြားခံရပြီး ဘန်ကောက်၊ မဲဆောက်ကနေ မြန်မာနိုင်ငံဘက်အခြမ်းကို ဝင်ရောက်ကာ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အဲဒီအခြေအနေမှာ အဆိုပါ သရုပ်ဆောင်လူငယ်ရဲ့ အသိုင်းအဝိုင်းက တရုတ်နိုင်ငံ သံရုံး၊ ထိုင်းရဲတပ်ဖွဲ့ အစရှိတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းခံခဲ့ပြီး ထိုင်းရဲက မြဝတီခရိုင်ထဲက စောချစ်သူ ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ တရုတ်သရုပ်ဆောင်ကို ကယ်ဆယ် ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းကို အာရုံစိုက်မှုပိုမိုဖြစ်ပေါ်စေခဲ့သလို နောက်ထပ် လှည့်ဖြားခေါ်ဆောင်ခံရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဖြစ်အပျက်တွေလည်း ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ 

ဒီအခြေအနေဟာ တရုတ်နိုင်ငံအနေနဲ့ နယ်ခြားစောင့်တပ်ကနေ KNA တဖြစ်လဲ စောချစ်သူ ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေကို ဖိအားပေးတော့မလားဆိုတဲ့ ယူဆချက်တွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ အဓိကကျတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ KNLA, KNA (ယခင် BGF), DKBA နဲ့ စစ်ကောင်စီတပ်တွေက လှုပ်ရှား (active) နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပြီး မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်ရှင်သန် လုပ်ကိုင်နိုင်နေတဲ့အပေါ် ဘယ်အဖွဲ့က တိုက်ရိုက်တာဝန်ရှိသလဲ စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆိုရရင်တော့ KNA က အဓိက တာဝန်ရှိတဲ့ အဖွဲ့ဖြစ်ပြီး ၄င်းအဖွဲ့ဟာ စစ်အာဏာမသိမ်းမီနဲ့ သိမ်းပြီးခါစအထိ စစ်ကောင်စီတပ်ရဲ့ အမိန့်ပေးမှုအောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေက ၂၀၂၃ ခုနှစ်နှောင်းပိုင်း စစ်ကောင်စီနဲ့ တရုတ်အစိုးရအကြားဆက်ဆံရေး အခြေအနေနဲ့တော့ မတူညီတာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးက ၂၀၂၃ ခုနှစ်အနေအထားနဲ့ ၂၀၂၄ သြဂုတ်လနောက်ပိုင်း ညီမျှခြင်းချလို့ မရတဲ့အနေအထား ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းက တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမှာ တရုတ်နိုင်ငံအနေနဲ့ ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကိုးကန့်နယ်ထဲက ကျားဖြန့် ဂိုဏ်းတွေကို ခွင့်ပြုထားတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီသြဇာခံ ကိုးကန့်နယ်က အာဏာပိုင်တွေနဲ့ ၄င်းတို့ရဲ့ လက်နက်ကိုင် အဖွဲ့တွေဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ နယ်နိမိတ် ထိစပ်နေခြင်း၊ ၄င်းတို့နဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်နေခြင်းက ၂၀၂၃ ခုနှစ် အဖြစ်အပျက်တွေမှာ တရုတ်နိုင်ငံက အတိုင်းအတာတခုထိ ကြိုးဆွဲနိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုရမှာပါ။  အခုလတ်တလော ထိုင်း-မြန်မာနယ်စပ်က အဖြစ်အပျက်တွေရဲ့ ပါဝင်လှုပ်ရှားသူတွေက တရုတ်နိုင်ငံထက် ထိုင်းနိုင်ငံဘက်နဲ့ ဆက်ဆံနေရသူတွေ၊ စစ်ကောင်စီရဲ့ သြဇာအပြည့်အဝ လွှမ်းမိုးခြင်း မရှိတော့တဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တာကြောင့် ၂၀၂၃ ခုနှစ် အခြေအနေအတိုင်း ဇာတ်ညွှန်းအတိုင်း ဖြစ်လာမယ်လို့တော့ မှန်းဆဖို့ ခက်ခဲပါလိမ့်မယ်။ 

တခုသော ဖြစ်နိုင်ခြေကတော့ တရုတ်အစိုးရ အနေနဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ စစ်ကောင်စီအပြင် ထိုင်းနိုင်ငံကိုလည်း အတိုင်းအတာတခုထိ ဖိအားပေးတာမျိုး လုပ်ကောင်းလုပ်ဆောင်နိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ ဆက်ဆံမှု အတိုင်းအတာတခုထိ ကြီးမားစွာရှိတဲ့ အနေအထားကြောင့် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်မနေသည့်တိုင် ဒေသတွင်းမှာ တည်ရှိနေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်တာကြောင့်ပါ တရုတ်နိုင်ငံရဲ့ ဆန္ဒ၊ တိုက်တွန်းမှုကို အလေးထား တုံ့ပြန်ရမယ့် အနေအထားလည်း ဖြစ်နိုင်ပါတယ်။ 

ကျားဖြန့်လုပ်ငန်းတွေက ရှမ်းမြောက်ဒေသ၊ မြဝတီရွှေကုက္ကိုလ်၊ KK Park လိုဒေသတွေသာမကတော့ပဲ ပြီးခဲ့တဲ့ နှစ်တွေက စလို့ မြန်မာထိုင်းနယ်စပ် ဘုရားသုံးဆူဒေသအထိ ရွှေ့ပြောင်းရောက်ရှိနေကြတာတွေ့ရမှာပါ။ စစ်ကောင်စီ အုပ်ချုပ်ရေး သြဇာမရှိတော့တဲ့ ဘုရားသုံးဆူမြို့နယ်ထဲမှာ DKBA လက်နက်ကိုင်အဖွဲ့က အကာအကွယ်ပေးထားတဲ့ ကျားဖြန့်လုပ်ငန်းတွေ ရောက်ရှိနေတဲ့အကြောင်း သတင်းဖော်ပြမှုတွေမှာ တွေ့မိကြပါလိမ့်မယ်။ 

ဒီအခြေအနေတွေကို သုံးသပ်ကြည့်ရင် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ နဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးလာနိုင်ခြေရှိသော်လည်း တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်ဒေသနဲ့တော့ ထပ်တူဖြစ်စဥ်မျိုး ဖြစ်မလာနိုင်တဲ့ အလားအလာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *