နေပြည်တော်၊ ဇန်နဝါရီ ၁၁
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်)အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံဖြိုးရေးပန်းတိုင်များ ရရှိရေးအတွက် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်လျက်ရှိရာ “အပြာရောင်စီးပွားရေး (Blue Economy)” သဘောတရားများ ဖော်ထုတ်ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံ၏ အပြာရောင် စီးပွားရေးဖော်ထုတ်နိုင်မည့် အလားအလာအနေဖြင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်ပြီးပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ထောက်ပံ့ပေးနိုင်ခြင်း၊ ငါး၊ ပုဇွန်၊ ဂဏန်းစသည့် ရေထွက်ကုန်အမျိုးမျိုး ထုတ်လုပ်ရန် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ရေထွက်သယံဇာတများ မွေးမြူနိုင်ခြင်း၊ ပုလဲမွေးမြူခြင်းနှင့် ထုတ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာကောင်းများရှိခြင်း၊ နေ၊ ရေ၊ လေ စွမ်းအင်စသည့် ပြန်လည်ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေလမ်းကြောင်းအတွက် အချက်အချာကျပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းများ ဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့်ကျွန်းများတည်ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ စုံလင်သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည့် အခွင့်အလမ်းများစွာကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အပြာရောင်စီးပွားရေး၏ အခွင့်အလမ်းများစွာရှိသကဲ့သို့ တစ်ဖက်တွင်လည်း စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
ရေရှည်တည်တံ့သော ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းပြီး လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်၊ အစီအမံများနှင့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပင်လယ်ကမ်းရိုး တန်းဒေသထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ်(ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ်များ ဆောင်ရွက်နေမှု၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်၊ အစီအမံများနှင့် အပြာရောင်စီးပွားရေး (Blue Economy)နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
Join – https://t.me/MyanmarNationalPost