ဆိုရှယ်မီဒီယာခေတ်တွင် လူတိုင်းနီးပါးအွန်လိုင်းအသုံးပြုလာကြသည်။ နည်းပညာနှင့်ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ အွန်လိုင်းတွင် သတင်းအချက်အလက်များဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်းများ ပြုလုပ်လာကြသည်။
အချို့ကလည်း မိမိ၏ တစ်နေ့တာသွားလာလှုပ်ရှားမှုများကို မိတ်ဆွေသူငယ်ချင်းများအား အသိပေးဝေငှကြသည်။ အချို့က မိမိပတ်ဝန်းကျင်တွင် အဆင်မပြေမှုများ၊ ခံစားချက်များကို ရင်ဖွင့်ကြသည်။ အချို့ကား ထင်ပေါ်ကျော်ကြားလိုမှုကို အကြောင်းပြု၍ ပွဲရှာကြသည်။ နာမည်ကျော်ပုဂ္ဂိုလ်များ၏ လတ်တလောအများအာရုံစိုက်ရာ ပြုမူပြောဆိုလှုပ်ရှားမှုအပေါ် အကြောင်းပြု၍ ယခုခေတ်စကားအရ ဝင်ဝုန်းကြသည်။ ဆိုရလျှင် လူအမျိုးမျိုးစိတ်အထွေထွေဆိုသကဲ့သို့ အွန်လိုင်းပေါ်တွင် ကိုယ်ဝါသနာပါရာ၊ သန်ရာသန်ရာကို ရေးကြသားကြတင်ပြကြသည်။
သို့ဖြင့် ဆိုရှယ်မီဒီယာခေတ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းအသီးသီး လိုက်နာကျင့်သုံးလျက်ရှိသော ကျင့်ဝတ်စည်းကမ်းများကို အွန်လိုင်းသုံးစွဲသူတိုင်း အကြမ်းဖျင်းသိရှိနားလည်ထားဖို့လိုပါသည်။
သိက္ခာပြည့်ဝသော သတင်းမီဒီယာ
ကျင့်ဝတ်စည်းကမ်းနှင့် သိက္ခာပြည့်ဝသော သတင်းမီဒီယာအဖွဲ့အစည်းများသည် “သတင်းရေးသားရာတွင် အချက်အလက်တိကျခိုင်မာရမည်၊ သတင်းရေးသားသည့်အခါတွင် သတင်းရေးသူသတင်းထောက်၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ကို ထည့်မရေးရ၊ မိမိရေးသားသည့် သတင်းသည် ဝါဒဖြန့်ရာတွင် အသုံးချခံရခြင်းမရှိစေရ၊ ပုဂ္ဂိုလ်ရေးဝေဖန်ရေးသားရာတွင် သတင်းအကြောင်းအရာနှင့် တိုက်ရိုက်ပတ်သက်သူများကိုသာ အကန့်အသတ်ဖြင့် ဝေဖန်ရမည်၊ သတင်းအရင်းအမြစ်က သဘောမတူလျှင် ထုတ်ဖော်မပြောရ၊ အင်တာဗျူးတွင် ထည့်မရေးပါနှင့်ဟု တားမြစ်သည့်စကားကို ထည့်မရေးရ” စသည်ဖြင့် Code of Conduct နှင့် Code of ethics ဟူသည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာလေ့ရှိသည်။
ထို့အတူ ယခုခေတ်စာတည်းဟုဆိုသည့် အယ်ဒီတာများအနေဖြင့်လည်း သတင်း၊ ဆောင်းပါးများကို တည်းဖြတ်ရာတွင် “သတင်းဆောင်းပါးများတွင် အချက်အလက်နှင့် အဓိပ္ပာယ်ဖော်ပြပုံ အမှားအယွင်း ရှိ-မရှိ၊ အသရေဖျက်မှု သို့မဟုတ် အခြားသော တရားဥပဒေငြိစွန်းမှု တစ်စုံတစ်ရာ ပါဝင်ခြင်း ရှိ-မရှိ၊ စာဖတ်ပရိသတ် ယုံမှားသံသယဖြစ်ဖွယ်ရာ ဓမ္မဓိဋ္ဌာန်မကျသော၊ မမျှတသောဖော်ပြမှုမျိုးဖြစ်-မဖြစ်၊ သို့တည်းမဟုတ် စာဖတ်ပရိသတ် ငြီးငွေ့ဖွယ်ရာအကြောင်းအရာဖြစ်-မဖြစ်၊ ထူးခြားသိမှတ်ဖွယ်ရာအကြောင်းအရာမျိုး၊ စာဖတ်သူတို့ စိတ်ဝင်စားဖွယ် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းဖွယ် အကြောင်းအရာမျိုးဖြစ်-မဖြစ်” သတိမူရသည်။
အလားတူ သတင်း(သို့)ဆောင်းပါး၏ သဘောသွား၊ စကားလုံးလေကြောရှည်မှု၊ အပ်ကြောင်းထပ်မှု၊ ငြီးငွေ့စရာအသေးစိတ်အချက်များ၊ မျက်စိလျှံသွားသော အချက်အလက်များ၊ အဆီအငေါ်မတည့်မှုများ၊ အမှတ်တမဲ့ကြော်ငြာပေးမှုများ၊ အသရေဖျက်မှု၊ တစ်ပတ်ရိုက်လှည့်စားမှုများ၊ သတင်းဟောင်းပြန်ရေးသားမှု၊ အငြိုးဖြင့်ရေးသားမှု၊ ပုံတူကူးချမှုများကို ဆန်းစစ်ကြရသည်။
ထို့အပြင် အယ်ဒီတာဟူသည် စားပွဲပေါ်အသင့်ရောက်လာသော သတင်း၊ ဆောင်းပါးများကို တည်းဖြတ်ကာ သတင်းစာတွင် ဖတ်ချင်စဖွယ်ဖြစ်အောင် နေရာချထည့်သွင်းဖော်ပြရုံမျှမက စာဖတ်ပရိသတ်များ သိသင့်သိထိုက်သော သတင်း၊ ဆောင်းပါးများကိုရရှိအောင် စီစဉ်ညွှန်ကြားသူ၊ ထောက်လှမ်း၊ စုံစမ်းရေးသားနိုင်ရပါမည်။
အယ်ဒီတာ၏အလုပ်
သို့ဖြစ်၍ နယူးယောက်တိုင်းမ်သတင်းစာကြီးကို စတင်တည်ထောင်သူ အဒေါ့ဖ်အက်စ်အော့ချ်က “သတင်းစာတစ်စောင်မှာ အသုံးဝင်ဆုံးပုဂ္ဂိုလ်ဟာ တည်းဖြတ်နိုင်သူဖြစ်တယ်”ဟူ၍လည်းကောင်း၊ မြန်မာသတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ကလည်း “တည်းဖြတ်တဲ့အလုပ်ဟာ သတင်းစာရဲ့ တကယ့်အဆီအနှစ်ကြီးပဲ”ဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ဆရာကြီး ပီမိုးနင်းကမူ “စာနယ်ဇင်းတည်းဟူသော စာအမျိုးမျိုးပွဲကြီး ရံကြီးမှာဆော့စ်ကလေး၊ ချက်တနီးကလေးများနှင့် မွှေးမွှေးကြိုင်ကြိုင် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် အငွေ့တထောင်းထောင်းနှင့်မြင်ရလျှင် သွားရည်ယိုလောက်အောင် စီမံတတ်သော ‘စာသူကြီး’ဉာဏ်မျိုး ရှိသူတို့ကို အယ်ဒီတာဟု ခေါ်ဝေါ်သမုတ်အပ်ပေကြောင်း” စသည်ဖြင့် အယ်ဒီတာ၏အလုပ်ကို အကဲဖြတ်ခဲ့ပေသည်။
ထိုသို့ဆိုရလောက်အောင်လည်း အယ်ဒီတာတို့ ဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ်သည်များစွာ ကျယ်ဝန်းလှပါသည်။ အမေရိကန်နိုင်ငံမှ PM ခေါ် သတင်းစာကြီးတွင် အယ်ဒီတာဌာနကို လုံးဝမထားဘဲ အကောင်းဆုံးသတင်းထောက်များကိုသာထား၍ စမ်းသပ်ခဲ့ဖူးသည်ဟုဆိုသည်။ ထိုစမ်းသပ်မှုမှာ နှစ်ရက်သာခံပြီး အယ်ဒီတာဌာနကို ထားမြဲထားရလေသည်ဟု သိရသည်။
သတင်းထောက်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ထိုသတင်းများကို ဖတ်ချင်စဖွယ်ဖြစ်အောင်၊ အသရေဖျက်မှုစသည့် တည်ဆဲဥပဒေများနှင့် ခလုတ်မထိဆူးမငြိအောင် တည်းဖြတ်ဖော်ပြပေးရသည့် အယ်ဒီတာတို့၏ လုပ်ငန်းဆောင်တာများအပြင် ယနေ့အွန်လိုင်းပေါ်တွင် ခေတ်စားနေသည့် ဝေဖန်မှုများစွာနှင့်ပတ်သက်၍ ဝေဖန်စာ၏ သဘောသဘာဝကို အွန်လိုင်းသုံးစွဲသူများ အကြမ်းဖျင်းသိရှိနားလည်ဖို့လည်း လိုအပ်ပေသည်။
ဝေဖန်စာကို မြန်မာနှင့် အနောက်တိုင်းသတင်းလောကတွင် review ဟု အသုံးများသည်။ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ ပြဇာတ် စသည့် အနုပညာရပ်များ၊ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ စသည့် အားကစားပွဲများကို ကြည့်ရှုပြီးနောက် ဆန်းစစ်သုံးသပ်ကာ မိမိ၏ထင်မြင်ချက် သို့မဟုတ် ဝေဖန်ချက်ကို ရေးသားထုတ်လွှင့်ခြင်းသည် ရီဗျူး(review) ဖြစ်ပေသည်။
ရီဗျူးရေးရာတွင် အာဃာတများ၊ အငြိုးအတေးများ ကင်းရှင်းပါစေ၊ လူ့သဘာဝအလျောက် ချစ်သူကို သာစေ၊ မုန်းသူကိုနာစေရန် ရေးမိလျှင်တောင်မှ မဖုံးနိုင်မဖိနိုင်လောက်အောင် မပေါ်လွင်ပါစေနှင့်၊ သာစေရန် သို့မဟုတ် နာစေရန်ရေးလျှင်လည်း အချက်အလက်နှင့်ရေးပါ၊ စည်းလွတ်ကမ်းလွတ်ရေးဖန်များလျှင် သင့်ရီဗျူးကိုစာဖတ်သူများက ယုံကြည်မှုရှိတော့မည်မဟုတ်၊ ရီဗျူးတွင် အဆိုးချည်းပဲတွေ့နေလျှင်တောင်မှ အဆိုးချည်းတန်းစီမရေးပါနှင့်။ အဆိုးထဲကအကောင်း၊ ကောင်းကွက်ကလေးများတွေ့အောင်ရှာ၍ ထိန်းညှိပြီးရေးပါ။ “အနုပညာသည်တစ်ယောက်ကို သင့်ရီဗျူးဖြင့် ဘယ်တော့မှ အသေမသတ်ပါနှင့်။ သူ့ကို နောက်တစ်ကြိမ်ကြိုးစားရန် အခွင့်အရေးပေးပါ” စသည်ဖြင့် ကျင့်ဝတ်သိက္ခာပြည့်ဝသော ဝါရင့်သတင်းစာဆရာကြီးများ၏ အဆုံးအမရှိပေသည်။
သူတစ်ပါးထက် ထူးခြားတဲ့ကိုယ်ကျင့်တရား
ဝန်ကြီးချုပ်ဟောင်း ဦးနုကလည်း ၁၂ အောက်တိုဘာ ၁၉၆၈ ထုတ် အိုးဝေဂျာနယ်၊ အမှတ် ၅ တွင် ညီလေးညိုမြအစချီ၍ “လောကမှာ တိုးတက်ကြီးပွားနေတဲ့ စာနယ်ဇင်းသမားတွေကို လေ့လာကြည့်တဲ့အခါ သူတစ်ပါးထက် ထူးခြားတဲ့ကိုယ်ကျင့် တရားတွေကို ဒီလိုတွေ့ရတယ်။
(၁) အကြောင်းကြောင်းတွေကြောင့် တချို့ကိစ္စတွေမှာ မရေးသားဘဲနေချင်နေမယ်။ မမှန်တာ၊ မဟုတ်တာ၊ သူတို့မယုံကြည်တာတွေကိုတော့ မှန်တာ၊ ဟုတ်တာ၊ သူတို့ယုံကြည်တာအဖြစ်မျိုးနဲ့ စာဖတ်ပရိသတ်ကို ဘယ်တော့မှမတင်ပြဘူး။
(၂) အကျိုးရှိရှိမရှိရှိ၊ လူကြိုက်များရင်ပြီးရောဆိုတာမျိုး ဘယ်တော့မှမလုပ်ဘူး။ လူကြိုက်လည်းများရမယ်၊ အကျိုးလည်းရှိရမယ်ဆိုတာမျိုးကိုသာ စာဖတ်ပရိသတ်ကို တင်ပြလေ့ရှိတယ်။
(၃) ကိုယ့်ကလောင်နဲ့ထိုးသမျှ ဘာမှပြန်မလုပ်နိုင်ရှာဘဲ ငုံ့ခံရမယ်ဆိုတဲ့ လူစားမျိုးတွေအပေါ်မှာ ဘယ်တော့မှအနိုင်မကျင့်ဘူး။ သက်ညှာတယ်၊ သဘောထားကြီးတယ်” စသည်ဖြင့် ရေးသားခဲ့ပါသည်။ ထိုသို့ရေးသားပေးပို့မှုကို သတင်းစာဆရာကြီး အိုးဝေညိုမြက “စာနယ်ဇင်းသမားများအဖို့ ကျင့်ဝတ် ၃ ပါး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
စာရေးဆရာ၊ သတင်းစာဆရာတစ်ဦးဖြစ်သူ ဆရာမောင်ဝံသကလည်း ဂျာနယ်အင်တာဗျူးကဏ္ဍတစ်ခုတွင် ပြန်လည်ဖြေကြားခဲ့သည်များကို “သတင်းစာဆရာဘဝနှင့်အမြင်” ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည် –
မေး ။ သတင်းလောကမှာ ဘက်လိုက်မှုကင်းရမယ်ဆိုတဲ့အသံက တော်တော်ကျယ်ပါတယ်။ သတင်းစာ ဆရာကြီးတစ်ဦးကတော့ သတင်းစာဆရာဟာ ပြည်သူလူထုဘက်ကို လိုက်ရမယ်လို့ဆိုတယ်။ ဒါနဲ့ပတ်သက်တဲ့ ဆရာရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ။ သတင်းစာဆရာဟာ သာမန်လူ၊ သာမန်အရပ်သားတွေထက် အမြင်ကျယ်ရပါမယ်။ အမှားအမှန်၊ အကောင်းအဆိုးကို လူပြိန်းတွေထက် ပိုသိပိုမြင်ပါမှ သတင်းစာဆရာကောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း သတင်းစာဆရာဆိုတာ တိုင်းပြည်ရဲ့ နား၊ မျက်စိလို့ တင်စားကြတာပေါ့။ သည်တော့ သတင်းစာဆရာဟာ ဘယ်သူရဲ့နောက်မြီးဆွဲမှမဖြစ်စေရပါဘူး။ ပြည်သူလူထုနောက်မြီးဆွဲလည်း မဖြစ်ရပါဘူး။ ပြည်သူလူထုက မှားနေရင်လည်းမှားနေတာကို ဖော်ပြရပါမယ်။ သတင်းစာဆရာဟာ အမှန်တရားဘက်ကပဲ ဘက်လိုက်ရပါမယ်။ ပြဿနာရပ်တိုင်းမှာ အမှန်နဲ့အမှားကို ခွဲခြားနိုင်စွမ်းရှိဖို့တော့ လေ့လာမှုတွေရှိရမှာပေါ့။
မေး။ သတင်းတစ်ပုဒ်ကို ကိုင်တွယ်တင်ပြနေတဲ့ သတင်းသမားတွေဟာ ကိုယ်ရေးလိုက်တဲ့ သတင်းအပေါ် ဘယ်လောက်အထိ တာဝန်ယူရပါသလဲ။ သတင်းသမားတစ်ယောက်ရဲ့ တာဝန်ကြီးမှုကို ရှင်းပြပေးပါ။
ဖြေ။ ဘယ်လောက်အထိ တာဝန်ယူရသလဲဆိုရင်တော့ တရားစွဲခံရရင်အမှုကို ရင်ဆိုင်ဖြေရှင်းရပါတယ်။ ဒါပေမယ့်သတင်းကို မိမိနာမည်ဖော်ပြပြီး by line နဲ့ ရေးတာမဟုတ်ရင် တာဝန်ခံအယ်ဒီတာကပဲ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရတယ်။ သတင်းထောက်ကတော့ မိမိစာနယ်ဇင်းတရားစွဲခံရပြီဆိုကတည်းက တာဝန်ရှိနေပြီပေါ့။ သတင်းတစ်ပုဒ်ကိုရေးပြီဆိုရင် အမှားအမှန်အတည်ပြုတာဟာ သတင်းထောက်ကိုယ်တိုင်ရဲ့ တာဝန်ပါပဲ။
လေ့လာမှတ်သား သင်ယူ
သို့ဆိုလျှင် ထိုထိုသော သတင်းမီဒီယာဆိုင်ရာကျင့်ဝတ်စည်းကမ်းများနှင့် ခေတ်အဆက်ဆက် ပြည်တွင်း ပြည်ပ သတင်းစာဆရာကြီးများ၏ အဆိုအမိန့်များကား လက်ရှိသတင်းလောကတွင် ကျင်လည်နေသော သတင်းသမားများအတွက်သာမက အထူးသဖြင့် အွန်လိုင်းပေါ်တွင် နှုတ်တစ်ရာစာတစ်လုံးအဖြစ် ရေးသားနေကြသော အွန်လိုင်းသုံးစွဲနေကြသူများအဖို့ပါ လေ့လာမှတ်သား သင်ယူစရာကောင်းလှပါသည်။
သတင်းပြန်ကြားရေးနှင့်ဆက်သွယ်ရေး နည်းပညာခေတ်တွင် အွန်လိုင်းသုံးစွဲသူအများစုမှာလည်း သတင်းတွေဖတ်ကြ၊ ထပ်ဆင့်ဝေငှကြ၊ ကိုယ်တိုင်ရေးကြသားကြ၊ ဝေဖန်ပြောဆိုကြနှင့် တစ်စတစ်စ ကိုယ်တိုင်သတင်းသမားများ၊ ဝေဖန်ရေး ရီဗျူးရေးသူများဖြစ်နေကြသည် မဟုတ်ပါလား။ ။
ကိုးကား။ ။ မောင်ဝံသ၏ “သတင်းစာပညာ သဘောတရားနှင့် လက်တွေ့”
စာဖတ်ပရိသတ်တစ်ဦး
Join – https://t.me/MyanmarNationalPost