မျိုးမြတ်မိုး(MANA)
မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ မီးလောင်မှုအများစုသည် လျှပ်စစ်မီး၊ ပေါ့ဆမီးနှင့် မီးဖိုမီးများဖြစ်သော်လည်း စက်ရုံ၊ အလုပ်ရုံ မီးလောင်မှုများ၊ လောင်စာဆီတင်သင်္ဘော မီးလောင်မှုနှင့် မော်တော်ယာဉ်မီးလောင်မှုများလည်း ဖြစ်ပွားခဲ့သည်။ လူတိုင်း၏ လက်တစ်ကမ်းအကွာတွင်ရှိနေသော မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။
မီးသည်သုံးတတ်လျှင် မိတ်ဆွေဖြစ်သော်လည်းမသုံးတတ်ပါက ရန်သူဖြစ်၍ လူခိုးလျှင်အစုတ်ကျန်၊ မီးခိုးလျှင်အပြုတ်နှံဟု ပြောဆိုလေ့ရှိသည်။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါးတွင်လည်း မီးဘေးအန္တရာယ်ကို ထည့်သွင်းသတ်မှတ်ထားကြသည်။ ယနေ့ကာလတွင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပြကြီးများ၌ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အထပ်မြင့် လူနေအဆောက်အအုံများ၊ လူနေရပ်ကွက်အသစ်များ ပို၍များပြားလာသည်။ သို့ရာတွင် အိုးအိမ်အဆောက်အအုံများ နီးကပ်စွာတည်ဆောက်ထားခြင်း၊ လျှပ်စစ်ပစ္စည်းအသုံးပြုမှုများပြားခြင်း၊ မီးလောင်ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊ လောင်စာများကို ရပ်ကွက်များအတွင်း တရားမဝင်သိုလှောင်ရောင်းချခြင်းတို့ကြောင့် မီးလောင်မှုကို ပိုမိုဖြစ်ပွားစေနိုင်ပြီး မီးလောင်ပါကလည်း ဆုံးရှုံးမှုကြီးမားလေ့ရှိသည်။
မြန်မာနိုင်ငံတွင် မီးလောင်မှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့သည်။ နိုင်ငံတစ်ဝန်းလုံး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈ဝဝ ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ်ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေသည်။ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့သည်။ လျှပ်စစ်မီး၊ ပေါ့ဆမီးနှင့် မီးဖိုမီးများသည် အကြိမ်ရေအများဆုံးဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည့်ကိစ္စများမှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ မီးလောင်မှုမှတ်တမ်းများအရ မီးလောင်မှုကြောင့် သေဆုံးသူအားလုံး၏ ၈၂ ဒသမ ၇ ရာခိုင်နှုန်းသည် လူနေအိမ်အဆောက်အအုံ မီးလောင်မှုကြောင့်ဖြစ်သည်။ မီးလောင်ဒဏ်ရာများ၏ ၆၁ ရာခိုင်နှုန်းသည်လည်း အဆိုပါမီးလောင်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။ မီးဖိုမီးကြောင့် ဖြစ်ပွားတတ်သော မီးလောင်မှုများကို ကြိုတင်ကာကွယ်ရန်အတွက် မီးဖိုအနီးလူစောင့်ထားရှိခြင်း၊ လောင်စာဆီများမထားခြင်း၊ အိုမင်းမစွမ်းသူများ၊ ကလေးငယ်များအား မီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ရေနွေးကျိုခြင်းများမပြုလုပ်ခိုင်းခြင်း၊ မီးဖိုနံဘေးနှင့် အမိုး/နံရံများအကြား လုံလောက်သော အပူခံအကာအရံများထားရှိခြင်းတို့ကို အလေးထားလုပ်ဆောင်သင့်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များအနက် မီးဘေးအန္တရာယ်ဖြစ်ပွားမှုသည် ၇ဝ ရာခိုင်နှုန်းရှိသည်။ မီးလောင်မှုများအနက် အများပြည်သူများ၏ ပေါ့ဆမှုကြောင့် လောင်ကျွမ်းသည့်မီးသည် အများဆုံးဖြစ်ကာလျှပ်စစ်မီးကြောင့် လောင်ကျွမ်းသည့်မီးသည် ဒုတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကိုကြိုတင်ကာကွယ်နိုင်ရန် ပညာပေးလှုံ့ဆော်မှုများ၊ တိုက်တွန်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုတစ်ရပ်လုံးကလည်း “မီးဘေးရှောင်မလောင်ခင်တား”ဆိုသကဲ့သို့ မီးဘေးအန္တရာယ်ကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ တာဝန်ရှိသူများအနေဖြင့်လည်း မီးလောင်မှုကြောင့်ဆုံးရှုံးမှုလျော့နည်းစေရေးနှင့် မီးဘေးလုံခြုံသည့် စနစ်တစ်ရပ်ဖြစ်ပေါ်လာရေး၊ အများပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာမှုအားကောင်းလာစေရန် ပညာပေးရေးနှင့် မီးငြှိမ်းသတ်ရာတွင် ခေတ်မီနည်းပညာနှင့် ခေတ်မီမီးငြှိမ်းသတ်ရေးကိရိယာများ ပိုမိုဖြည့်တင်းရေးတို့ကို တစိုက်မတ်မတ် အကောင်အထည်ဖော်သင့်သည်။
မြန်မာနိုင်ငံသည် မီးလောင်မှုအကြိမ်ရေနည်းသော်လည်း ဆုံးရှုံးမှုကြီးမားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရပိုင်းနှစ်ခုစလုံးကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ လူအင်အား၊ ပစ္စည်းအင်အားနှင့် ဖွံ့ဖြိုးလာသည့် မီးငြှိမ်းသတ်ခြင်းဆိုင်ရာနည်းပညာများကို ဖြည့်တင်းခဲ့ရာ ပြည်ပထောက်ပံ့ချေးငွေဖြင့် အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးငြှိမ်းသတ်ရေးယာဉ်များနှင့် မီးသတ်အထောက်အကူပြုယာဉ်များကို ဖြည့်တင်းနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် အထပ်မြင့်အဆောက်အအုံများ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုများကို ထိရောက်စွာငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ လူဦးရေများပြားသည့် ရန်ကုန်မြို့တွင်သာမက နေထိုင်ရာပတ်ဝန်းကျင် မည်သည့်နေရာမဆို လူတိုင်းအထူးဂရုပြု လိုက်နာသင့်သည့် အလေ့အကျင့်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ချက်များသည်လည်း အထူးအရေးကြီးသည်။ ရန်ကုန်မြို့အတွင်း နှစ်စဉ်ဖြစ်ပွားခဲ့သည့် မီးလောင်မှုအများစုမှာ လျှပ်စစ်ဝိုင်ယာနှင့် ပတ်သက်သည့် မီးလောင်မှုသည် အများဆုံးဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းအများစုတွင်တပ်ဆင်ထားသည့် ဝိုင်ယာကြိုးများသည် အရည်အသွေးမပြည့်မီခြင်း၊ သုံးစွဲသည့်ဝန်နှင့် အားမမျှခြင်းတို့ကြောင့် လျှပ်စစ်နှင့်ပတ်သက်၍ မီးလောင်မှုများ မကြာခဏဖြစ်ပွားနေသည်။ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရေးပေါ်ထွက်ပေါက်များ၊ လှေကားများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်။ တိုက်ခန်းအများစုတွင် အရေးပေါ်လှေကားနှင့် အိမ်ရှေ့လှေကားများတွင် အသုံးမလိုသည့် ပစ္စည်းများစုပုံထားရှိခြင်းကြောင့် အရေးပေါ်အခြေအနေများ ဖြစ်လာသည့်အခါ အတက်အဆင်းပြုလုပ်ရန်ပင် ခက်ခဲသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ထင်းမီးဖို၊ မီးသွေးမီးဖိုများကို အကာအရံဖြင့်အသုံးပြုခြင်း၊ မီးဖိုဘေးတွင် မီးအလွယ်တကူ လောင်ကျွမ်းစေသောပစ္စည်းများမထားခြင်း၊ ဂတ်စ်မီးဖိုများ လုံခြုံမှု ရှိ မရှိ ပုံမှန်စစ်ဆေးခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ခြင်း၊ အိမ်စောင့်မရှိလျှင် လျှပ်စစ်မိန်းခလုတ်ချပြီးမှ ပြင်ပသို့ထွက်ခွာခြင်း၊ မီးဖိုအသုံးပြုစဉ် လူစောင့်အမြဲထားရှိခြင်း၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များထွန်းညှိပြီးပါက မီးငြှိမ်းသတ်ခြင်းကို မပျက်မကွက်ပြုခြင်း၊ မီးကြွင်းမီးကျန်များကို ရေဖြင့်သေချာအောင် ငြှိမ်းသတ်ခြင်း စသည့်ကြိုတင်ကာကွယ်မှုအရပ်ရပ် အားကောင်းလျှင် မီးဘေးအန္တရာယ်ကင်းလွတ်ပေမည်။ အထူးသဖြင့် မီးစလောင်ပါက ငြှိမ်းသတ်နိုင်ရန် မီးသတ်ဘူး၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကပ် အသင့်ဆောင်ထားရန်လိုသည်။
မီးစတင်လောင်ကျွမ်းရာ အခြေခံအကြောင်းတရားများမှာ ပေါ့ဆမီး၊ ဝိုင်ယာရှော့မီး၊ လျှပ်စစ်ဝန်နှင့်အားမမျှ၍ အပူလွန်ကဲလောင်သော မီး၊ မီးကြွင်းမီးကျန်မှ လောင်သောမီး၊ ဂတ်စ်အိုးမလုံသဖြင့် လောင်သောမီး၊ ဆေးလိပ်မီးမှအစ တောမီးလောင်ကျွမ်းမှုအထိ အမျိုးမျိုးရှိသည်။ မီးစတင်လောင်ကျွမ်းပါက အတွင်းကျိတ်မငြှိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို ဦးစွာအသိပေးကာ မီးသတ်ဦးစီးဌာနသို့ မပျက်မကွက်အကြောင်းကြားရပေမည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခြင်းသည် ကနဦးစတင်မီးလောင်စဉ် ဝိုင်းဝန်းမငြှိမ်းသတ်နိုင်ခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။ မီးလောင်နေစဉ် မီးသတ်ယာဉ်များဝင်ထွက်နိုင်အောင် လမ်းများရှင်းလင်းခြင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ နာမကျန်းသူများကို ဦးစားပေးကယ်တင်ရန် စီစဉ်ထားခြင်း၊ ရပ်ကွက်အလိုက် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ မီးလွတ်ရာနေရာတွင် ချထားသည့်ပစ္စည်းများကို လုံခြုံရေးထားရှိခြင်းစသည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုထားလျှင် ဆုံးရှုံးမှုသက်သာမည်ဖြစ်သည်။ မီးငြှိမ်းသတ်ရေးအဖွဲ့၊ ရွှေ့ပြောင်းရေးအဖွဲ့၊ လမ်းရှင်းလင်းရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များအပြင်ဖြစ်နိုင်ပါက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များထားရှိပါက ပို၍လွယ်ကူအဆင်ပြေချောမွေ့စွာ ကာကွယ်နိုင်မည်ဖြစ်သည်။
မီးလောင်သည်ကို သိလျှင်သိချင်း တံခါးအမြန်ဖွင့်ပြီး အိမ်ပြင်ထွက်ပေါက် သို့မဟုတ် လှေကားသို့ လေးဖက်ထောက် အမြန်သွားရန်လိုအပ်သည်။ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆောင်ပုဒ်များစွာ ရှိပေသည်။ မီးသတိပြု၊ သင့်ကြောင့် မီးမလောင်ပါစေနှင့်၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးကြွင်းမီးကျန်သတိပြု၊ ဝိုင်းဝန်းကာကွယ် မီးဘေးအန္တရာယ်၊ အမှိုက်ကစ ပြာသာဒ်မီးလောင်၊ လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ပါနှင့်၊ မီးမပေါ့ဆနှင့်အစရှိသည့် ဆောင်ပုဒ်များသည် လူတိုင်းလိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးဆောင်ပုဒ်များဖြစ်သည်။ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခြောက်သွေ့ရာသီမတိုင်မီ မီးသတ်ဦးစီးဌာနကဲ့သို့ တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ် အစစ်ဆေးခံပြီး အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည်လည်း ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်စဉ် ကြီးကြီးမားမားကြုံတွေ့ရသော နေရာများမှာ သိုလှောင်ရုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ တရားမဝင် စက်သုံးဆီသိုလှောင်ရာနေရာများပင်ဖြစ်သည်။ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန၏ အကြံပြုချက်နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်မှသာ မီးဘေးအန္တရာယ် ကင်းဝေးမည်ဖြစ်သည်။ မီးလောင်မှုသည် ခြောက်သွေ့ရာသီတွင် မီးလောင်လွယ်သဖြင့် ပို၍ဂရုစိုက်သင့်သည်။ ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များသည် မီးလောင်လွယ်သော မီးစာများဖြစ်သည်။ အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးသာမက ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ခြင်းများသည်လည်း မီးဘေးကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ မီးဘေးအန္တရာယ်ကြုံတွေ့ရသည်ရှိသော် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များ ဆောလျင်စွာ ဝင်ထွက်နိုင်ရေး လမ်းရှင်းလင်းပေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် မီးအမြန်ဆုံးငြိမ်းအောင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။