ylliX - Online Advertising Network

အမျိုးသားရေးဝါဒရဲ့ အားသာချက်နဲ့ အားနည်းချက် – MoeMaKa Media


မိုးမခ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၅

အမျိုးသားရေးဝါဒရဲ့ အားသာချက်နဲ့ အားနည်းချက်

လူမျိုးအများအပြား ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမှာ လူမျိုးစု အရေးကိစ္စ၊ တနည်းအားဖြင့် ဖက်ဒရယ် အရေးကိစ္စက ဒီမိုကရေစီအရေးထက် ပိုပြီးအရေးကြီးတဲ့ နိုင်ငံရေးကိစ္စဖြစ်တယ်ဆိုတာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ထင်ရှားလာခဲ့ပါတယ်။ လူမျိုးအားလုံးစုဖွဲ့ထားတဲ့ နိုင်ငံကို ဗမာနိုင်ငံ မြန်မာလူမျိုးက လူမျိုးတမျိုးတည်းကို ရည်ညွှန်းတာဆိုတဲ့ အယူအဆလည်းရှိပြီး လက်ရှိအများ သတ်မှတ်သုံးစွဲနေကြရာမှာတော့ ဗမာလူမျိုးနဲ့ မြန်မာနိုင်ငံလို့ မှတ်ယူသုံးစွဲနေကြတာ လည်းဖြစ်ပါတယ်။ 

ပဒေသရာဇ်ခေတ်တွေကတည်းက လူဦးရေအရ အင်အားများတဲ့ စစ်မက်တိုက်ခိုက်မှုမှာ အားသာတဲ့ ဗမာလူမျိုးတွေက နိုင်ငံထူထောင်ခဲ့ကြသလို အခြားသော လူမျိုးတွေ ဖြစ်တဲ့ ရခိုင်၊ မွန်လူမျိုးတွေမှာလည်း ၄င်းတို့သီးခြား မင်းနေပြည်နဲ့ လွတ်လပ်တဲ့ ဘုရင့်နိုင်ငံတွေ ထူထောင်ခဲ့ကြတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တာပါ။ ခရစ်သက္ကရာဇ် ၁၈၀၀ ပြည့်နှစ်တွေမှာတော့ ကမ္ဘာနဲ့အဝှမ်း ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှ အင်ပိုင်ယာရဲ့ ကိုလိုနီအဖြစ် သွတ်သွင်းခံခဲ့ရပြီးနောက် နှစ် ၁၀၀ ကျော်ကြာမှ ကိုလိုနီနိုင်ငံအဖြစ်ကနေ သီးခြားလွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှတွေ အနေနဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကရင်နီဒေသ ချင်းတောင်တန်း၊ ကချင်ဒေသ အစရှိတဲ့ ဒေသအသီးသီးရဲ့ အနေအထားကို ကိုလိုနီ မပြုခင်ကာလ အနေအထားမှာ ပြန်လည်ထားရှိဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်လို့လည်း သမိုင်းဖေါ်ပြမှုအချို့အရ သိရှိရပါတယ်။ ကိုလိုနီသွတ်သွင်းခဲ့ကြတဲ့ ကာလ ဖြစ်တဲ့ ၁၈၀၀ ခုနှစ် အစောပိုင်း နိုင်ငံရေး အခြေအနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရယူကြတဲ့ ကာလ နိုင်ငံရေး အခြေအနေ ကူးလူးဆက်သွယ်မှု အစရှိတဲ့နောက်ခံ အနေအထားတွေ မတူညီတော့တာကြောင့် ဗြိတိသျှအစိုးရအနေနဲ့ နဂိုအနေအထားအတိုင်း ပြန်လည်ချထားဖို့ ဆန္ဒက မဖြစ်နိုင်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၁၉၄၆ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အတွင်း လူမျိုးစု အသီးသီးရဲ့ မျှော်လင့်ချက်တွေ၊ အပြောင်းအလဲတွေနဲ့ အနာဂတ်အိပ်မက် ပန်းတိုင်စတဲ့ အရာတွေက ဖြစ်တည်ခဲ့ပြီး ဖြစ်ပါတယ်။ လွတ်လပ်ရေးရယူဖို့ ညှိနှိုင်းကြတဲ့ အချိန်မှာ တစုတစည်းတည်း ရယူကြမယ်ဆိုတဲ့ စည်းရုံးမှု၊ ဆန္ဒ လူမျိုးစုတွေရဲ့ သမိုင်းနောက်ခံ၊ အမျိုးသားရေး စိတ်ဓါတ်၊ လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံ ဖွဲ့စည်းကြဖို့ ယေဘုယျ သဘောတူညီခဲ့ကြပြီး ၁၉၄၇ ခုနှစ်မှာ ပြုစုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွတ်လပ်ရေး ရယူခဲ့ကြပါတယ်။ သို့ပေမဲ့ ကံမကောင်း အကြောင်းမလှတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသစ် လွတ်လပ်ရေးရပြီးခါစ နှစ်မလည်ခင်မှာပဲ လက်နက်ကိုင်နည်းနဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေးအယူဝါဒခြင်း မတူကွဲလွဲရာကနေ လွတ်လပ်ရေး ရဖို့လက်တွဲ တိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက် အချင်းချင်းက ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့တွေထဲပါဝင်ကာ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ပြည်တွင်းစစ်မီးတောက်ထဲ ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။ 

လွတ်လပ်ရေးရတဲ့ ၁၉၄၈ ကနေ လက်ရှိအချိန်ကာလအထိ မြန်မာနိုင်ငံသမိုင်းရဲ့ နိုင်ငံရေး နောက်ခံကားချပ်မှာ ပြည်တွင်းစစ်က အပေါ်လွင်ဆုံး နောက်ခံကား အဖြစ်ရှိခဲ့တာပါ။ တိုင်းရင်းသားလူမျိုးစု အသီးသီးအလိုက် လူမျိုးစုလွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့တွေပေါ်ထွက်လာခဲ့သလို နှစ် ၇၀ ကျော် သမိုင်းအဖြစ်အပျက်တွေမှာ လူမျိုးစုလက်နက်ကိုင် ၂ ဖွဲ့ ကွဲတာ၊ ပေါင်းစည်းသွားတာ၊ အသစ်ပေါ်ထွက်လာတာ၊ လက်နက်စွန့်တာ၊ လက်နက်မစွန့်ဘဲ အပစ်ရပ်တာ စတဲ့အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး သမိုင်းသင်ခန်းစာ အနေနဲ့ လုံလောက်ရုံမျှမက များပြားလွန်းနေပြီလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ 

လွတ်လပ်ရေးရပြီး နှစ် ၇၀ ကျော်ကာလမှာ အတိုင်းအတာတခုထိ ဒီမိုကရေစီ အခွင့်အရေး ရရှိခဲ့တဲ့ ကာလဆိုလို့ ဆယ်နှစ်ကနေနှစ် ၂၀ မပြည့်တဲ့ကာလသာ ရှိခဲ့ကာ ကျန်ကာလတွေက စစ်တပ်က အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ကာလတွေ ဖြစ်လို့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေက မြေပေါ် လှုပ်ရှားမှုတွေထက် လက်နက်ကိုင် လှုပ်ရှားမှုအဖြစ်သာ အများစုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ် ၇ ခုကျော် အတွင်း အမျိုးသားရေး လှုပ်ရှားမှုတွေ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိခဲ့ကြရဲ့လား လို့ မေးခွန်းလည်း ရှိကောင်း ရှိမှာဖြစ်ပါတယ်။ မျိုးဆက်အားဖြင့် ၃ ဆက်ကျော်သည့်တိုင် လက်နက်ကိုင် တော်လှန်ရေး အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် တော်လှန်မှုမအောင်မြင်ခဲ့ရခြင်း အကြောင်းအချက်တွေ အနက် ဗဟိုအင်အားဖြစ်တဲ့ ပြည်မစစ်တပ်က အင်အားကောင်းနေခဲ့တာ၊ တိုင်းရင်းသား နယ်မြေတွေအားလုံး တပြိုင်နက်ထည်း စစ်ပွဲတွေဖေါ်ဆောင်ကြတာ မဟုတ်တဲ့အချက်၊ ဗမာလူထုက ပြည်မစစ်တပ်အပေါ် ဆန့်ကျင်မှု ထုနဲ့ထည်နဲ့ မပေါ်ထွက်ခဲ့တဲ့ အကြောင်းတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အောင်မြင်မှုရဖို့ အခြေအနေမပေးခဲ့တဲ့ အကြောင်းအချက်တွေလို့ ဆိုနိုင်ပါလိမ့်မယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးမှာတော့ ပြည်မက လူများစုရဲ့ ဆန့်ကျင်မှု၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကိုလည်း ကြီးကြီးမားမား ရင်ဆိုင်လာရတဲ့ စစ်တပ်အနေနဲ့ တိုင်းရင်းသား လွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့တွေကို အရှုံးပေးလာရတဲ့ အခြေအနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အခုအခြေအနေဟာ စစ်ကောင်စီအဖို့  ၁၉၄၉-၁၉၅၂ ခုနှစ်ပြည်တွင်းစစ်ကာလ အခြေအနေထက် နိုင်ငံရေးအရ ပြိုကွဲအားနည်းနေသလို စစ်ရေးအရလည်း အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ 

ဒီအခြေအနေဟာ အမျိုးသားလွတ်မြောက်ရေး ရည်မှန်းချက်ထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအဖို့ ဆယ်စုနှစ်များစွာ အတွင်း ရရှိတဲ့ အခွင့်အခါကောင်း တခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အကုန်မှာ ရခိုင်ပြည်နယ် တခုလုံးနီးပါး၊ ကရင်နီပြည်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်စတဲ့ ဒေသတွေကို ပြည်မစစ်တပ်က လက်လွှတ်ခဲ့ရပြီဖြစ်သလို ဆက်လက်ပြီးလည်း လက်လွတ်ဆုံးရှုံးရမယ့် နယ်မြေ ဒေသတွေရှိနေပါသေးတယ်။ 

အခုလို အခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ အမျိုးသားရေးဝါဒနဲ့ ဒီမိုကရေစီကျင့်သုံးမှု ဘယ်လောက် အချိုးတွေနဲ့ ပါဝင်နေသလဲဆိုတာ စေ့ငုစရာ သုံးသပ်ကြည့်စရာ ဖြစ်လာပါတယ်။ အကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်မှုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ ပြည်မစစ်တပ် (တနည်း စစ်အာဏာရှင်တပ်) အကြားကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြားကို ရွေ့မလာဖို့ အချက်ကလည်း အရေးကြီးပါတယ်။ အမျိုးသားရေး ဝါဒ သက်သက်နဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ် သို့မဟုတ် နိုင်ငံရေးအားနည်းပြီး စစ်ရေးအင်အားသက်သက်နဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ် ဖြစ်ခဲ့ရင် အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှုတွေက တိုင်းရင်းသားလက်နက်ကိုင် တပ်တွေအကြားမှာ ဒေသခံ လူမျိုးစုတွေအကြားမှာ ဖြစ်တည်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။ 

အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရေးအင်အား၊ စစ်ရေး အတွေးအခေါ် ချည်းအားပြုတာမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်း၊ ဒီမိုကရေစီကျင့်သုံးမှု အတိုင်းအတာတခုထိ ရှိကြတာလည်း တွေ့ရသလို အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသားရေး ဝါဒနဲ့ စစ်ရေးအင်အားကိုသာ အားကိုးအားထားပြုကြတဲ့ အနေအထားတွေလည်း ရှိနေတာ သတိပြုမိပါတယ်။ အမျိုးသားရေးဝါဒဟာ အဆင့်တခုထိ၊ အခြေအနေအတိုင်းအတာတခုထိတော့ အပေါင်းလက္ခဏာသဘော စည်းလုံးညီညွတ်မှုကို ပေးနိုင်တဲ့ သဘောရှိသော်လည်း သည့်ထက်ပိုလွန်ခဲ့ရင် လူမျိုးကြီးဝါဒ၊ စစ်အင်အားသည်သာလျှင် အဆုံးအဖြတ်ဆိုတဲ့ အန္တရာယ်ထဲ ကျရောက်နိုင်ခြေလည်း တဖက်မှာ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *