တောင်တွင်းကြီး၊ ဇန်နဝါရီ ၁၂
စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟု သုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်ရှိ လောကတက္ကသိုလ် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ စာကြည့်တိုက်မှူးများအနေဖြင့် စာစုလုပ်ငန်း၊ စာပြု လုပ်ငန်း၊ စာငှားလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ကြရမှာ ဖြစ်သလို ငှားရမ်းသူများအနေဖြင့် စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး စာအုပ်စာစောင်များ ယခုထက် ပိုမိုတိုးပွားစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်းနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေဖို့အတွက် စာကြည့်တိုက်သို့ သွားရောက်ပြီး စာပေဖတ်ရှုလေ့လာစေခြင်း၊ အသိပညာဗဟုသုတများကို ကူးယူရေးမှတ်စေခြင်း၊ ဆွေးနွေးတိုင်ပင်စေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်များအား တောင်တွင်းကြီးမြို့နယ်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပေးအပ်ရာ လောကတက္ကသိုလ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက လက်ခံရယူခဲ့ပြီး ဒေသခံပြည်သူ ဦးခင်မောင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ လောကတက္ကသိုလ် စာကြည့်တိုက် အဆောက်အအုံသစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှခွဲဝေပေးသည့် ငွေကျပ် (၁၅၀) သိန်း၊ ဒေသခံပြည်သူများနှင့် အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေကျပ် (၂၅၁)သိန်း စုစုပေါင်းငွေကျပ်သိန်း(၄၀၀)ကျော်ဖြင့် တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက် အဆောက်အအုံသစ် (၂၁) တိုက်အား တည်ဆောက်ပေးသွားမည်ဖြစ်ရာ ယခုစာကြည့်တိုက်အပါအဝင် စုစုပေါင်း စာကြည့်တိုက် (၁၇)တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)
Join – https://t.me/MyanmarNationalPost