ယူကရိန်းသမ္မတ ဇလန်းကီးဟာ သူတို့ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သုံ့ပန်းတွေနဲ့ ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေ အပြန်အလှန်လဲလှယ်ဖို့ အသင့်ရှိတယ်လို့ ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကသာ ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေ အပြန်အလှန်လဲလှယ်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယား စစ်သားတွေကို ကင်ဂျုံအန်ဆီ ပြန်လည်လွှဲပြောင်းပေးမယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ဖြည့်စွက်ပြောရရင် ဒါက မြောက်ကိုရီးယား စစ်သားတွေကို ပထမဆုံးအကြိမ် ဖမ်းဆီးရမိတာပါ။ နောက်ထပ်လည်း ထပ်ရှိလာနိုင်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ မကြာခင်မှာ နောက်ထပ် (မြောက်ကိုရီးယားစစ်သားတွေ) ကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိပါလိမ့်မယ်”လို့ လူမှုကွန်ရက် X မှာ ဇလန်းစကီးက ရေးသားပါတယ်။
ရုရှားပိုင် ကာ့ရှ်ဒေသမှာ မြောက်ကိုရီးယားစစ်သား နှစ်ဦးကို အသက်ရှင်ရက် ဖမ်းဆီးမိတယ်လို့ ပြောဆို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဇီလန်းစကီးက ပြောထားပါတယ်။ မြောက်ကိုရီးယားစစ်သားတွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ ထုတ်ပြောတာဟာ သုံးနှစ်နီးပါးကြာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာ ပထမဦးဆုံးအကြိမ် တရားဝင် ထုတ်ပြန်ပြောဆိုတာလည်းဖြစ်ပါတယ်။
ယူကရိန်းနဲ့ အနောက်နိုင်ငံတွေဘက်က ရုရှားတပ်တွေကို ကူညီဖို့ မြောက်ကိုရီးယား စစ်သား ၁၁,၀၀၀ လောက်ကို တိုက်ပွဲပြင်းထန်နေတဲ့ ကာ့ရှ်ဒေသမှာ တပ်ဖြန့်ထားတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ ရုရှားဘက်ကတော့ အဲဒီကိစ္စကို အတည်မပြုသလို ငြင်းဆိုတာလည်း မရှိပါဘူး။
ဇလန်းစကီးကတော့ ရုရှားနဲ့ မြောက်ကိုရီးယားတပ်တွေဟာ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဇလန်းစကီးဟာ မြောက်ကိုရီးယား စစ်သားလို့ဆိုတဲ့ အမျိုးသားနှစ်ဦးကို စစ်မေးနေတဲ့ ဗီဒီယိုအတိုလေးကိုလည်း တင်ခဲ့ပါတယ်။ အဲဒီ အမျိုးသားနှစ်ဦးထဲက တစ်ဦးကတော့ လက်မှာ ပတ်တီးစည်းပြီး လှဲနေသလို ကျန်တစ်ဦးကတော့ မေးမှာ ပတ်တီးစည်းထားပြီး ထိုင်နေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
စစ်သားနှစ်ဦးထဲက တစ်ဦးကတော့ သူဟာ ယူကရိန်းနိုင်ငံနဲ့ တိုက်ခိုက်နေရတာကို မသိရှိကြောင်းနဲ့ သူ့ကို စစ်ဆင်ရေး လေ့ကျင့်ခန်းဆင်းနေတယ်လို့သာ ပြောပြထားကြောင်းကို စကားပြန်ကနေတဆင့် ပြောပြပါတယ်။
ယူကရိန်းရဲ့ ထိုးစစ်အတွင်းမှာ သူဟာ အမိုးအကာအောက်မှာ ပုန်းအောင်းနေခဲ့ပြီး ရက်အနည်းငယ်အကြာမှာ သူ့ကို ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့လည်း ပြောပြပါတယ်။
ဒါ့ပြင် သူ့ကိုမြောက်ကိုရီးယားကိုပြန်ပို့မယ် ဆိုရင်လည်း ပြန်မှာဖြစ်ပြီး အကယ်၍ အခွင့်အရေးပေးတဲ့အနေနဲ့ ယူကရိန်းမှာ နေခွင့်ပေးရင်လည်း ယူကရိန်းမှာ ဆက်နေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီ ရုပ်သံကို သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
“(စစ်သားနှစ်ဦးထဲက) တစ်ယောက်ကတော့ ယူကရိန်းမှာ နေချင်တယ်လို့ ပြောပြီး ကျန်တစ်ယောက်ကတော့ (မြောက်) ကိုရီးယားကို ပြန်ချင်တယ်လို့ ပြောပါတယ်”လို့ ဇလန်းစကီးက ရုပ်မြင်သံကြားကတဆင့် ပြောဆိုပါတယ်။
အိမ်မပြန်ချင်တဲ့ မြောက်ကိုရီးယားစစ်သားတွေအတွက် တခြားရွေးချယ်နိုင်စရာတွေ ရှိပြီး ငြိမ်းချမ်းရေး အလျင်အမြန် ရယူနိုင်ဖို့အတွက် ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ကိုရီးယား (ဘာသာစကား) နဲ့ ပြောဆို ဖော်ပြခဲ့မယ်ဆိုရင် သူတို့အတွက် အခွင့်အရေးတွေ
ရရှိလာမှာဖြစ်တယ်လို့လည်း ဇလန်းစကီးက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်းနှစ်ဦးနဲ့ ပတ်သက်ပြီး ဇလန်းစကီးက နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ထပ်ပြီးဖော်ပြထားတာ မရှိပါဘူး။
ဓာတ်ပုံ – REUTERS/Alina Smutko
ပုံစာ- ဇန်နဝါရီလ ၈ ရက်နေ့က ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ကျင်းပပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတ ဇလန်းစကီးကို တွေ့ရစဉ်
ကိုးကား – Reuters