ylliX - Online Advertising Network

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေကို စစ်ပွဲရောက်လာနိုင်သလား


မိုးမခ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေကို စစ်ပွဲရောက်လာနိုင်သလား 

ရက္ခိုင့်တပ်တော် AA အနေနဲ့ ခုလပိုင်းတွေမှာ ရခိုင်ပြည်နယ် တောင်ပိုင်း အနောက်ဘက် ရခိုင်ကမ်းရိုးတန်းက တောင်ဘက်အကျဆုံး မြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်ကို သိမ်းယူပြီး ဂွ-ငါးသိုင်းချောင်းကားလမ်း ပေါ်က စစ်ဆေးရေးဂိတ်ကိုလည်း သိမ်းယူခဲ့ပါတယ်။  ရခိုင်ကမ်းရိုးတန်းဘက်မှာ ရခိုင်ပြည်နယ် နယ်နိမိတ် အဆုံးထိ တိုက်ခိုက်သိမ်းယူထားပြီး ရခိုင်ပြည်နယ် အရှေ့တောင်ပိုင်းနဲ့ အရှေ့ဘက် နယ်နမိတ်မျဉ်းအတိုင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း နယ်စပ်တွေမှာလည်း တိုက်ပွဲတွေ ရောက်ရှိလာပါတယ်။ အချို့သောဒေသတွေမှာတော့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေနဲ့ AA တို့ ပူးပေါင်း တိုက်ခိုက်ကြတဲ့ လက္ခဏာတချို့လည်း သတင်းတွေမှာ ဖော်ပြပါရှိကြတာ တွေ့ရပါတယ်။ 

ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ အနောက်ဘက်ခြမ်းမှာ ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံတို့အထိ တိုက်ပွဲတွေ ဆက်ပြီးရောက်လာ မလား၊ အလားတူ ပဲခူးတိုင်းမှာလည်း တောင်ကုတ်-ပန်းတောင်း ကားလမ်းကတဆင့် ဧရာဝတီမြစ် အနောက်ဘက်မှာ ရှိတဲ့ ဥသျှစ်ပင် တို့လို ပဲခူးတိုင်းအနောက်ဘက် အခြမ်းတွေကို တိုက်ပွဲတွေ ရောက်လာနိုင်သလား ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ နဲ့ အတူဒေသခံ အချို့လည်း ကြိုတင်ရွှေ့ပြောင်းနေကြတဲ့ သတင်းတွေ ပေါ်ထွက်နေတာတွေ့ရပါတယ်။ 

အခုလို ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ AA အနေနဲ့ စစ်ဆင်ရေး ဆက်လက် ဖော် ဆောင်မယ်ဆိုရင် ဘယ်လို နိုင်ငံရေး အကြောင်းပြချက်နဲ့ တိုက်ပွဲဖော်ဆောင်မလဲ ဆိုတဲ့မေးခွန်းလည်း ရှိကောင်းရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ် လွတ်မြောက်ရေး အတွက် တိုက်ခိုက်တယ်ဆိုတဲ့ AA အနေနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲက နယ်မြေ၊ မြို့တွေ သိမ်းယူဖို့ ရည်မှန်းချက်ရှိနေသလားဆိုတဲ့ အချက်က ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အချက်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက PDF တပ်ဖွဲ့တွေအနေနဲ့ အဓိက အချက်က လက်နက်ခဲယမ်း ထောက်ပံ့ပေးနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်လိုကြတာ သဘာဝ ဖြစ်ပါတယ်။ နောက်တချက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေးအတွေ့အကြုံ နဲ့ ဗျူဟာကျကျ စစ်ဆင်ရေးကို ဦးဆောင်နိုင်တဲ့အချက်ကိုလည်း လိုလားကြမှာ သေချာပါတယ်။ 

တဖက်မှာတော့ လူမျိုးစုတစုရဲ့ အမျိုးသားလွတ်မြောက်ရေး ခေါင်းစဥ်နဲ့ တနိုင်ငံလုံးရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးခေါင်းစဥ်အကြား ဆက်စပ်ထားတဲ့ သဘောတူညီမှု၊ အပြန်အလှန်ကတိကဝတ်တွေ လောလောဆယ်မှာ ရှိမနေဘူးလို့ ယူဆရပါတယ်။ 

တိုင်းရင်းသား လူမျိုးစုဒေသမဟုတ်တဲ့ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှာ NUG အနေနဲ့  ကိုယ်စားပြုဖို့  ယေဘုယျအားဖြင့် အဓိပ္ပာယ်ကောက်ယူနိုင်ပါတယ်။ နိုင်ငံရေးအရ၊ စစ်ရေးအရ စုစည်းထားဖို့ NUG နဲ့ အခြားသောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အနာဂတ်နိုင်ငံဖော်ဆောင်ရေးသာမက လတ်တလော နယ်မြေဒေသတွေနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမလဲ ဆိုတဲ့ အပိုင်းတွေလည်း  နားလည်မှု ထူထောင်ထားဖို့  လိုအပ်မှာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ သမိုင်းကြောင်းနဲ့ ပြန်လှန်ပြီး ဖွင့်ဆိုရင် အချို့သော ဒေသတွေက တိုင်းရင်းသား ပြည်နယ်တွေထဲ နယ်မြေတွေထဲ ရှိသင့်ပေမယ့် လွတ်လပ်ရေးရပြီးနောက် အစိုးရအဆက်ဆက် ပြည်မဧရိယာကို တတ်နိုင်သမျှ ကျယ်အောင် သတ်မှတ်ထားခဲ့တာလို့ ကောက်ချက်ချစရာအချက်တွေလည်း ရှိနေပြန်ပါတယ်။ ဥပမာအားဖြင့် မန္တလေးတိုင်းထဲ မိုးကုတ်မြို့ကို ထည့်သွင်းထားတာမျိုးက နေထိုင်တဲ့ လူမျိုးအရ သော်လည်းကောင်း၊ ပထဝီမျက်နှာသွင်ပြင် အဆက်အစပ်အရ သော်လည်းကောင်း မန္တလေးတိုင်းလို့ မဆိုနိုင်တဲ့ နယ်မြေကို မန္တလေးတိုင်းထဲ ထည့်သွင်းသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးကုတ်မြို့ကို တအာင်းလက်နက်ကိုင် အဖွဲ့ TNLA က သိမ်းယူပြီး ၄င်းတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေထဲ ထည့်သွင်းထားပြီဖြစ်ပါတယ်။ 

 ရခိုင်ပြည်နယ်ဆိုတဲ့ နယ်နိမိတ်သတ်မှတ်ချက်ကိုလည်း ဧရာဝတီတိုင်းထဲက အချို့သော ကမ်းရိုးတန်းဒေသတွေအထိ ပါဝင်နေမလားဆိုတဲ့ ယူဆချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။  ပထဝီ မျက်နှာသွင်ပြင် ဆက်စပ်မှုဘောင်အတွင်းကကြည့်ရင် ဧရာဝတီတိုင်းထဲက အချို့သော ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေက ရခိုင်လူမျိုးစုတွေ နေထိုင်ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီလို နိုင်ငံရေး ယူဆမှု၊ သမိုင်းဆိုင်ရာ အဓိပ္ပာယ်ကောက်ယူမှုတွေက နယ်မြေပိုင်ဆိုင်မှု၊ သက်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်သလို လတ်တလော ဒီဒေသတွေ တိုက်ပွဲ ဆက်လက်ဖော်ဆောင်မလားဆိုတဲ့ စေ့ဆော်မှု အချက်တချက်အဖြစ်နဲ့လည်း ရှိနိုင်တာ ဖြစ်ပါတယ်။ 

စစ်ရေးအရ အသာစီးရနေချိန်၊ အောင်ပွဲတခုပြီးတခု ရနေချိန်မှာ ဆက်လက်ပြီး တိုက်ပွဲဖေါ်ဆောင်ဖို့ ဆုံးဖြတ်ချက်က ဆွဲဆောင်မှုရှိတဲ့ ဆုံးဖြတ်ချက် တရပ်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ မကွေး၊ ဧရာဝတီနဲ့ ပဲခူးဒေသတွေ မှာ ဒီနေ့ မနက်ဖြန်မဟုတ်ပေမယ့် တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *