မွန်ပြည်နယ် မုဒုံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းက ကားသုံးစီး မနေ့က ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အပြင် ဒီရက်ပိုင်းအတွင်း ကျိုက်မရောမြို့နယ်ထဲက ရဲစခန်းနှစ်ခုကို ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့က (၆) ယောက်သေဆုံးပြီး (၅) ယောက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို အခုရက်ပိုင်း ခပ်စိတ်စိတ် တိုက်ခိုက်ခံနေရတဲ့အတွက် မုဒုံ မြို့အဝင်အထွက်နေရာမှာ စစ်ဆေးရေး ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မွန်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီလ (၁၃) ရက် မနက်အစောပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းရွာနဲ့ ကွမ်လှာရွာကြား မော်လမြိုင်-သံဖြူဇရပ် ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခဲ့ ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က သတင်းထုတ်ပြန်ထား ပါတယ်။ ဒီဒေသမှာ အရင်က တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်တာမရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်း တွေ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ မကြာမကြာ ဦးတည်ရာမဲ့ တုံ့ပြန် ပစ်ခတ်လေ့ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။မော်လမြိုင်မြို့ နယ်ကနေ သံဖြူဇရပ်မြို့နယ်ဘက်ကို ချီတက်သွားတဲ့ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ကြောင်း အမည်မဖေါ်လိုတဲ့ မုဒုံဒေသခံတယောက်က ဗွီအိုအေကို ခုလို ပြောပါတယ်။
“(စစ်ကောင်စီယာဉ်တန်းက)မော်လမြိုင်ကနေလာတယ်။ သံဖြူဇရပ်ဘက်ဆင်းသွားတဲ့ ယာဉ်တန်းတွေ သုံးစီးပါတယ်။ အဲ့ဒါ မွန်အဖွဲ့ကသေနတ်ငယ်နဲ့ပစ်ခတ်တိုက်ခိုက်တာ မြန်မာစစ်တပ်က တယောက်ထိ သွားတယ် ကြားတယ်။ အဲ့ဒီနောက်တော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတာ ရော်ဘာခြံဘက်မှာ လက်နက်ကြီးကျတယ်၊ ရွာမှာတော့ မကျဘူး။ ဒေသခံတွေက မြန်မာစစ်တပ် တွေကို ကြောက်လန့်နေရတယ်။ တခြားစိုးရိမ်စရာတော့မရှိပါဘူး။”ဆိုပြီး မွန်ဘာသာနဲ့ ပြောပြသွားတာပါ။
ဒါ့အပြင် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရဲစခန်းနဲ့ ကဒါကျေးရွာရဲစခန်းကို ဇန်နဝါရီလ (၁၀) ရက်နဲ့ (၁၂) ရက်နေ့တုန်းက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကား က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ရဲ့ ဒရုန်းယူနစ်တပ်ဖွဲ့ပေါ့နော်။ ကျိုက်မရောမြို့နယ်မှာရှိတဲ့ ကဒါကျေးရွာ ရဲစခန်းတခုရယ်၊ နောက်ပြီးတော့ တောင်ကလေးရဲစခန်းတခုပေါ့နော်။ ရဲစခန်းသာပြောပေမယ့် ရဲတွေ သိပ်မရှိ သလောက်ပဲလို့ ကျနော်တို့က သိရတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်တွေပဲ တပ်စွဲထားတဲ့ သဘောရှိတယ်။ အဲ့မှာ ကျနော်တို့ (၁၀) ရက်နေ့ကဆိုရင် ဒရုန်းဗုံးနဲ့ သွားချတယ်။ ရန်သူဘက်ကတော့ (၅) ဦးသေဆုံးပြီးတော့ (၄) ဦးဒဏ်ရာရတယ်လို့ နောက်ပိုင်း ကျနော်တို့ ပြန်သိရတယ်ပေါ့နော်။ ထိုနည်းတူပဲ တောင်ကလေးရဲစခန်းမှာလည်း ရဲနည်းနည်းနဲ့ အထူးသဖြင့်စစ်တပ်တွေပဲ ထိုင်တဲ့စခန်းပေါ့ နော်၊ အဲ့မှာ ဒရုန်းဗုံးသွားချတော့ တဦးသေဆုံးတယ်၊ နောက်ပြီးတာ့ တဦးဒဏ်ရာရတယ်။”
ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ နိုင်ကောင်းစကားက ပြောပါတယ်။
“တောင်ကလေးဘက်မှာဆိုရင် ကျနော်တို့ ဒရုန်းချပြီးပြီးချင်းပေါ့နော်၊ (စစ်ကောင်စီတပ်)သူတို့က ထုံစံအတိုင်းပေါ့၊ သူတို့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိတယ်၊ ကျနော်တို့ဘက်ကတော့ လုံခြုံစွာပဲ ပြန်ဆုတ်ခွာလာနိုင်တယ်ပေါ့နော်။”
တောင်ကလေးကျေးရွာအနီးအနားမှာ နေထိုင်တဲ့ ရွာခံတဦးကတော့ စစ်ကောင်စီဘက်က လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတဲ့အပြင် အသွားအလာ သတိထားနေ ရတယ်လို့ VOA ကို ပြောပါတယ်။မွန်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ် ကုန်ပိုင်းတုန်းက ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာ ရဲစခန်းကို မွန်ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေယာဉ်တွေ အသုံးပြုပြီး အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ပြီး ပြန်လည် တပ်စွဲခဲ့ပါတယ်။
ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရဲစခန်းကတော့ စစ်ကောင်စီတပ်က မကြာမကြာ တိုက်ခိုက်ခံနေရတဲ့နေရာတခု ဖြစ်လာပါတယ်။ ခုနောက်ပိုင်း မွန်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေနဲ့ ရဲစခန်းကို ပိတ်ဆို့ တိုက်ခိုက်တာတွေ ပိုများလာတာကြောင့် စစ်ကောင်စီတပ်က မြို့အဝင်အထွက်နေရာမှာ စစ်ဆေးရေးတွေ ပိုတင်းကြပ်လာတဲ့အကြောင်းလည်း ဒေသခံတွေ ပြောဆိုကြပါတယ်။