ylliX - Online Advertising Network

၂၀၂၅ ခုနှစ်မှာ ကြုံတွေ့လာနိုင်တဲ့ ကျယ်ပြန့်လာမယ့် စစ်ပွဲတွေ နဲ့ စစ်ဘေးရှောင် ပြည်သူတွေ လိုအပ်မယ့် အကူအညီ


မိုးမခ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅

၂၀၂၅ ခုနှစ်မှာ ကြုံတွေ့လာနိုင်တဲ့ ကျယ်ပြန့်လာမယ့် စစ်ပွဲတွေ နဲ့ စစ်ဘေးရှောင် ပြည်သူတွေ လိုအပ်မယ့် အကူအညီ

စစ်အာဏာသိမ်းခါစ ကာလတုန်းက ကေအန်ယူဗဟိုကော်မတီဝင် ပဒိုစောသမိန်ထောကို သတင်းမီဒီယာတခုက မေးမြန်းခန်းတခုမှာ ပဒိုစောသမိန်ထောက ပြောဆိုရာမှာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ထိုးစစ်ဆင်တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်ရာမှာ စစ်ရေးကိစ္စတခုထည်း ထည့်သွင်းစဥ်းစားပြီး လုပ်ဆောင်လို့မရကြောင်း တိုက်ပွဲဖြစ်ပွားလာမယ့် ဒေသမှာ နေထိုင်နေကြတဲ့ လူထုတွေ အနေနဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြရမယ့် အခြေအနေ၊ စစ်ဘေးတိမ်းရှောင်ကြတဲ့အခါ လိုအပ်တဲ့ လုံခြုံရေး၊ ရိက္ခာ အရေးပေါ် အကူအညီ စတဲ့ ကိစ္စရပ်တွေကိုပါ အားလုံးထည့်သွင်း စဥ်းစားပြီး ဖော်ဆောင်ကြရတာလို့ ပြောဆိုပါတယ်။ 

မြန်မာနိုင်ငံ မှာ ပြည်တွင်းစစ်အနှစ် ၇၀ ကျော်ကာလအတွင်း ပြည်သူလူထုအနေနဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေရဲ့ လက်နက်ကိုင်တပ်တွေနဲ့ လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်ကြတဲ့ တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေ အကြား ခေတ္တခဏ ဖြစ်စေ၊ နှစ်နဲ့ချီပြီးဖြစ်စေ စစ်ဘေးတိမ်းရှောင်လာခဲ့ကြရတဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း အတွေ့အကြုံတွေ ရှိကြပါတယ်။ 

မြန်မာနိုင်ငံက တိုက်ပွဲတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲတွေမဟုတ်ဘဲ ပြည်တွင်းက လက်နက်ကိုင် တပ်တွေအချင်းချင်း အကြားဖြစ်ပွားတဲ့ ပြည်တွင်းစစ်ဖြစ်ပြီး ဆယ်စုနှစ်များစွာ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ရောက်ရှိနိုင်ခဲ့ခြင်း မရှိပါဘူး။ မကြာသေးတဲ့ ဆယ်စုနှစ်တွေကျမှ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တချို့ ဝင်ရောက်ကူညီလာနိုင်တဲ့ အခြေအနေဖြစ်ပြီး ဒေသအချို့က စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ ICRC စတဲ့ နိုင်ငံတကာအဖွဲ့အချို့က အကူအညီပေးအပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကာလတွေ မတိုင်ခင်ကာလတွေမှာ စစ်ဘေးရှောင်ကြတဲ့အခါ မြို့ကြီးတွေဆီ ပြောင်းရွှေ့တိမ်းရှောင်နိုင်တဲ့ သူတွေက မြို့ကြီးတွေဆီ တိမ်းရှောင်ကြသလို ကျန်တဲ့သူတွေအနေနဲ့ ကျေးရွာတရွာမှ တရွာ မဟုတ်ရင် တောထဲတောင်ထဲမှာ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံ နယ်စပ်မျဥ်းကျော်ဖြတ်ပြီး ခေတ္တခိုလှုံတိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ အဲဒီအချိန်ကာလက ခေါ်ဆိုကြတဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အကုန်ထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ညီလာခံတွေ အကြိမ်ရေ ရာနဲ့ချီကျင်းပခဲ့တဲ့ ဆယ်စုနှစ်တခုဝန်းကျင် ကြာမြင့်တဲ့ ကာလအတွင်းမှာတောင် ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် အရေအတွက် ၄ သိန်းဝန်းကျင် ရှိခဲ့တာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းအရေအတွက်ထဲမှာ ပြည်ပမှာ ခိုလှုံနေကြရတဲ့ ကရင်နဲ့ ကရင်နီ ဒုက္ခသည်တွေ၊ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက် မပါဝင်သေးပါဘူး။ ပြည်တွင်းမှာပဲ တိမ်းရှောင်နေကြရသူ IDP အရေအတွက်ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော် ၄ နှစ်နီးပါးအတွင်း IDP အရေအတွက်က စစ်အာဏာမသိမ်းမီက အရေအတွက်ရဲ့ ဆယ်ဆမက မြင့်တက်လာခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ကာလမှာ ကုလသမဂ္ဂရဲ့ ကောက်ယူမှုတွေအရ ပြည်တွင်းစစ်ဘေးရှောင် အရေအတွက် ၄ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ 

ဒီ ၄ သန်းကျော်ရှိတဲ့ IDP တွေအတွက် လွှမ်းခြုံနိုင်အောင် ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူလုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ IDP တွေကို ကူညီကယ်ဆယ်ရေးမှာ အဓိက အခက်အခဲ ၂ ရပ်ရှိနေတာဖြစ်ပါတယ်။ ကူညီခွင့်ရဖို့နဲ့ ကူညီဖို့ ရန်ပုံငွေ ရဖို့ အခက်အခဲ ၂ ခုရှိနေတာဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကူညီခွင့် ပြည့်ပြည့်ဝဝ မရှိသလို၊ ကူညီခွင့်ရခဲ့ရင်တောင် ကူညီဖို့ ရန်ပုံငွေ လုံလုံလောက်လောက် ရှိမနေတဲ့ အခက်အခဲရှိနေတဲ့ သဘောလို့ ယူဆရပါတယ်။ 

ပြည်ပက ဒုက္ခသည်တွေကို ကူညီပေးရေးကိစ္စတွေကို စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေက အဖွဲ့အစည်းတွေ အနေနဲ့ ဦးစီးဦးဆောင်ကာ လုပ်ဆောင်နေကြပြီး ၄င်းတို့မှာလည်း အကူအညီ ရန်ပုံငွေ မလုံလောက်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်သူတွေ အနေနဲ့ နှစ်ကာလကြာရှည်လာတာနဲ့ အမျှ ထောက်ပံ့ကူညီမယ့် နိုင်ငံ၊ ငွေပမာဏ သိသာစွာ လျော့နည်း ကျဆင်းလာတာနဲ့ ကြုံကြရပါတယ်။ 

ပြည်တွင်းမှာ တိမ်းရှောင်နေကြရတဲ့ ၄ သန်းကျော်မျှသော စစ်ဘေးရှောင်သူတွေက ဘယ်လို ရှင်သန်ရပ်တည်ကြပါသလဲ။ နေအိမ်၊ ရိက္ခာ၊ ပိုင်ဆိုင်မှုတွေ နဲ့မိသားစုဝင်တွေ ဆုံးရှုံးကြရတဲ့ စစ်ဘေးရှောင်သူ အများစုက မိမိတို့ ပိုင်ဆိုင်မှုတွေ ရှိသမျှ ရောင်းချသုံးစွဲကြရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ အချို့သော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေက စစ်ဘေးရှောင်စခန်းတွေကို တတ်နိုင်သမျှ ကူညီပေးတာမျိုး ရှိပေမယ့် ကျယ်ပြန့်စွာ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်တာတွေ့ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကိုယ်၌က ရပ်တည်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အနေအထားမို့ စစ်ဘေးရှောင်သူတွေကို ကူညီနိုင်ခြင်း မရှိတဲ့ အနေအထားဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီပေးတဲ့ အေဂျင်စီတွေ၊ ကုလသမဂ္ဂ၊ ICRC တို့လို အဖွဲ့တွေအနေနဲ့လည်း ကူညီပေးအပ်ခွင့်ရော၊ ကူညီမယ့် ရန်ပုံငွေရရှိမှုပါ အကန့်အသတ်နဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစ ၄/၅ လအကြာ ချင်းပြည်နယ်နဲ့ ကရင်နီဒေသတွေမှာ စစ်ဘေးရှောင်တွေကို ကူညီဖို့ ကြိုးစားခဲ့ကြပေမယ့် ကန့်သတ်မှုတွေ ရှိခဲ့တာကြောင့် နောက်ပိုင်းမှာတော့ အကူအညီပေးအပ်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖေါ်ပြမှုတွေ များများစားစား မတွေ့ကြရတော့ပါဘူး။ လုံးဝ အကူအညီမပေးနိုင်တဲ့ အခြေအနေမဟုတ်ပေမယ့် နေ့စဥ်နဲ့ အမျှ  ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အဖြစ်အပျက်တွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပေးနိုင်၊ ပေးခွင့်ရတဲ့ ဖြစ်ရပ်တွေ သိသိသာသာ မတွေ့ရပါဘူး။ 

ဒီစာရဲ့ အစပိုင်းမှာ ပဒိုစောသမိန်ထော ပြောခဲ့သလို လက်နက်ကိုင် အဖွဲ့တခု အနေနဲ့ တိုက်ပွဲဖော်ဆောင်တော့မယ် ဆိုရင် မိမိတို့ အခြေစိုက်ရာဒေသမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ရိက္ခာ အကူအညီ စတာတွေကို ထည့်သွင်းစဥ်းစားပြီး ဖော်ဆောင်ကြတဲ့ အနေအထားမျိုး လက်ရှိ အဖြစ်အပျက်တွေ ဖြစ်စဥ်တွေမှာ မတွေ့ကြရတဲ့ အနေအထားလည်း ရောက်နေတာပါ။ တိုက်ပွဲမှာ အနိုင်ရရှိဖို့၊ နယ်မြေ၊ စခန်းနဲ့ မြို့တို့ကို သိမ်းယူနိုင်ဖို့ကိုသာ ဦးစားပေးနေကြတဲ့ အခြေအနေမျိုးလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

မြို့နေလူထု အနေနဲ့တော့ ဘယ်အချိန် စွန့်ခွာတိမ်းရှောင်မလဲ၊ ဘယ်လိုလမ်းက ထွက်ခွာကြမလဲဆိုတာကို မိမိတို့ အကဲဖြတ်မှုနဲ့ မိမိတို့ ဘာသာ ဆုံးဖြတ်ကြရပြီး အဲဒီလို မြို့ကနေ တိမ်းရှောင်နိုင်ဖို့ ငွေကြေး အလုံအလောက် ရှိဖို့လည်း လိုအပ်ပါတယ်။ ငွေကြေး မပြည့်စုံသူတွေ အနေနဲ့တော့ မြို့မှာပဲ အသက်အန္တရာယ် မကျရောက်အောင် အတတ်နိုင်ဆုံး ကြံဆနေထိုင်ကြရတာ ဖြစ်ပါတယ်။ လက်နက်ကြီး ကျည်ကျရောက်မယ့် အန္တရာယ်၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားမှာ အသက်ရှင်သန်အောင် ကြိုးစားရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အသက်နဲ့ရင်းရတဲ့ အလောင်းအစားတရပ်သဖွယ် ဖြစ်ပါတယ်။ 

အခုလို အခက်အခဲ အကျပ်အတည်း အခြေအနေတွေအောက်မှာ လူထုအချင်းချင်း ကူညီပေးတာ ကြည့်ရှုစောင့်ရှောက်တာ၊ ဝေမျှ စားသောက်ကြတာတွေလည်း ရှိသလို တဖက်မှာ အမှောင်ဘက်ခြမ်းလို့ ဆိုရမယ့် နေအိမ်တွေ ဈေးဆိုင်တွေ ဖောက်ထွင်းယူဆောင်တာတွေလည်း ဖြစ်ပွားနေတာ သတင်းတွေမှာနဲ့ လူမှုကွန်ရက်တွေမှာ တွေ့မြင် ကြားသိနေကြရတာလည်း ဖြစ်ပါတယ်။ 

လူထုတွေ ခံစားနေကြရတဲ့ ဒုက္ခတွေ အခက်အခဲတွေ အမြန်ဆုံး ကုန်ဆုံးနိုင်ဖို့က နိုင်ငံရေး၊ စစ်ရေးတွေကို ဦးဆောင်ဦးရွက် လုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်လို့သာ ဆိုရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *