ylliX - Online Advertising Network

ကိုအောင်မှိုင်း – ရန်သူကို အနိုင်တိုက်ဖို့ မိတ်ဆွေလိုတယ်


ကိုအောင်မှိုင်း – ရန်သူကို အနိုင်တိုက်ဖို့ မိတ်ဆွေလိုတယ်

(မိုးမခ) ဇန်နဝါရီ ၁၆ ၊ ၂၀၂၅

ကျနော် အမြဲသိခဲ့တာကတော့ ကျနော်တို့ မိတ်ဆွေအများကြီး လိုတယ် ဆိုတာပါပဲ။      

ဟိုဆေးရာမို့ဟော်တာ

နိုဘယ်ဆုရှင်၊ ၁၉၉၆။


တော်လှန်ရေးကာလမှာ မိတ်ဆွေ ဆိုတာ ဘယ်သူတွေလဲလို့ မေးရင် “ပြည်သူလူထု” လို့ ဖြေရမယ် ထင်ပါတယ်။ ပြည်သူလူထုဟာ ကျနော်တို့ မိတ်ဆွေကောင်းတွေ ဖြစ်သလို ပြည်သူလူထုဟာ တော်လှန်ရေးရဲ့ ကောင်းမွေ ဆိုးမွေကို အဓိက ခံစားကြရသူတွေလို့လည်း ပြောလိုပါတယ်။ ကျနော် ဆိုလိုချင်တာက “လူထုအသံဟာ တော်လှန်ရေးရဲ့ အလံ” ဖြစ်ဖို့လိုပါတယ်။

တချို့လည်း တော်လှန်ရေးကို စစ်ရေးသက်သက်အမြင်နဲ့ ချဥ်းကပ်လေ့ရှိပါတယ်။ ဒါဟာ အလွန်မှားတဲ့ အတွေးအခေါ် အမြင် ဖြစ်ပါတယ်။ ဘယ်တော်လှန်ရေးမှ စစ်ရေးသက်သက်အမြင်နဲ့ အောင်ပွဲခံခဲ့တာ မရှိခဲ့ပါဘူး။  ဂျာမန်စစ်ပါရဂူ ကလော့စ်ဝစ် Carl von Clausewitz က သူ့ရဲ့ စစ်ပညာကျမ်း  On War မှာ “စစ်ရေးဆိုတာ နိုင်ငံရေးရဲ့အဆက်” ဆိုတဲ့ အယူအဆကို အခိုင်အမာဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး “War is merely the constitution of politics by other means” လို့ ရှင်းပြခဲ့တာ တွေ့ရပါတယ်။ ဆိုလိုတာက “စစ်ပွဲဆိုတာ နိုင်ငံရေးကို အခြားနည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်တယ်” လို့ အဓိပ္ပာယ်သက်ရောက်တဲ့ သဘောပါ။

သေချာတာက ကျနော်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကိုက နိုင်ငံရေးအရ ဖြေရှင်းခွင့်မရဘဲ လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ခံကြတဲ့အခါ လက်နက်ကိုင်တော်လှန်ရေး ဆိုတဲ့ လူထုစစ်ပွဲ တနည်း ခုခံစစ်ကို တနိုင်ငံလုံး ပါဝင်ဆင်နွှဲနေတာလို့ ရိုးရိုးရှင်းရှင်း ကြည့်မြင်ဖို့ လိုမယ် ထင်ပါတယ်။ လူထုစစ်ပွဲဖြစ်တဲ့အတွက် တရားမဲ့ အကြမ်းဖက်မှု သက်သက်မဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် စဥ်ဆက်မပြတ် အကောင်အထည်ဖော်မှု အခြေခံတခု ဖြစ်တယ်လို့ ကလေ့စ်ဝစ်က သတိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ လူထုခုခံစစ် ဖြစ်တဲ့အတွက် တိမ်းညွှတ်မှု ၃ ခုကို ရှောင်ကြဥ်ဖို့ အထူးလိုအပ်ပါတယ်။

၁။ ကယ်တင်ရှင်အတွေးအခေါ်

၂။ လူထုနောက်မြီးစွဲ အတွေးအခေါ်

၃။ တပ်ဦးကျွန်အတွေးအခေါ် တို့ ဖြစ်ပါတယ်။

ကျနော်တို့ဟာ များသောအားဖြင့် ခိုင်မာတဲ့ အတွေးအခေါ်နိုင်ငံရေးကို မတည်ဆောက်နိုင်ဘူးဆိုရင် အထက်က တိမ်းညွှတ်မှု ၃ ခုကို ရင်ဆိုင်တွေ့ကြုံရလေ့ရှိပါတယ်။ များသောအားဖြင့် ကျနော်တို့ ရဲဘော်တွေဟာ ငါတို့ကတော့ တော်လှန်ရေးလုပ်နေကြတယ်။ ကျန်တဲ့ တော်လှန်ရေး လာမလုပ်သူ အားလုံးလိုလိုကို အချောင်သမားတွေလို့ မြင်တတ်ကြပါတယ်။ အဲဒီအယူအဆဟာ အလွန်မှားပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကယ်တင်ရှင်ကြီး အတွေးအခေါ်  ဝင်လာတတ်ပါတယ်။ ဒီအတွေးအခေါ်ကနေ လူထုဆန့်ကျင်ရေး အတွေးအခေါ်ကို မြစ်ဖျားခံစေလေ့ရှိပါတယ်။ ကျနော်တို့ တော်လှန်ရေးရဲဘော်တိုင်း အထူးသတိထားရပါလိမ့်မယ်။

နောက်တခုက လူထုနောက်မြီးစွဲ အတွေးအခေါ် ဖြစ်ပါတယ်။ တော်လှန်ရေးတခုမှာ လူထုဟာ ကျနော် ပြောသလို မိတ်ဆွေတွေ ဖြစ်ပါတယ်။  ဒါပေမဲ့ လူထုတော်လှန်ရေးဖြစ်တဲ့အတွက် လူထုကို ဦးဆောင်ပြီး တော်လှန်ရေး ဒီရေနဲ့အညီ လမ်းညွှန်တိုက်ပွဲဝင်ရမယ့် ဦးဆောင်အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီအဖွဲ့အစည်းတွေအနေနဲ့ ဦးဆောင်လမ်းညွှန်မှု မလုပ်နိုင်ရင် တော်လှန်ရေးရေချိန် အနိမ့် အမြင့်ကို များစွာ ဂယက်ရိုက်လေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအရွေ့ဟာ သိသာထင်ရှားစွာ တော်လှန်ရေးအတက်၊ တော်လှန်ရေးထိုင်းမှိုင်း၊ တော်လှန်ရေးအကျ စသဖြင့် အခြေအနေအမျိုးမျိုးကို ကျနော်တို့ လက်တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ လုပ်သင့်တဲ့အချိန်မှာ မလုပ်ဘဲ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲတာတွေဟာ လူထုနောက်မြီးစွဲ အတွေးအခေါ်က လာတာလို့ ပြောနိုင်မယ် ထင်တယ်။

နောက်တခုဖြစ်တဲ့ တပ်ဦးကျွန် အတွေးအခေါ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့အချိန် မရောက်မီ တနည်း ပြောရရင် အခြေအနေ အချိန်အခါ အချက်အလက်ကို ဂရုမစိုက်ဘဲ ကိုယ်ပိုင်ခံစားချက်ကို ရှေ့တန်းတင်ပြီး လုပ်ကိုင်ဆောင်ရွက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ များသောအားဖြင့် အတွေ့အကြုံနုတဲ့ လူငယ်တွေမှာ အတွေ့ရများပါတယ်။ ဆုံးရှုံးမှု အလွန်ကြီးမားတတ်ပါတယ်။ ဒီအတွေးအခေါ် ၃ ခုလုံးက တော်လှန်ရေးကို ထိခိုက်နစ်နာစေနိုင်တာ သေချာပါတယ်။ 

ဒီလို အတွေးအခေါ် အယူအဆတွေကို ကျော်နင်းနိုင်ဖို့ တိုက်ပွဲဆင်ရလေ့ရှိပါတယ်။ ပညာရှိများ ပြောသလို ကိုယ့်ကိုယ်ကိုယ် တိုက်ပွဲဆင်ရတာ ဝေဖန်ရတာ အခက်ဆုံး ဖြစ်ပါတယ်။ အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းဝင်အချင်းချင်း မူတခု ချပြီး ဆောင်ရွက်သင့်တဲ့ ကိစ္စလို့ ယူဆပါတယ်။

ကျနော် ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်က ‘စည်း’ ဆိုတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တည်ရှိနေတဲ့ အကန့်အသတ် (သို့) ဘောင်တခုအကြောင်း ဆွေးနွေးလိုတာ ဖြစ်ပါတယ်။ ‘စည်း’ ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အပိုင်းအခြား၊ အတားအဆီး၊ အကန့်အသတ်၊ အရံအတား စသဖြင့် အဓိပ္ပာယ်အမျိုးမျိုး ဖော်ပြနိုင်သလိုပဲ စည်းကမ်း၊ စည်းလုံး၊ စည်းရုံး၊ စည်းနှောင် ဆိုတဲ့ အဓိပ္ပာယ်တွေမှာလည်း သုံးစွဲလေ့ရှိတာ တွေ့ရပါတယ်။ 

ကနေ့ ကျနော်တို့ဟာ ဖက်ဆစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေကြတဲ့ ကာလ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့တဲ့ စနစ်ဆိုးကို စနစ်ကောင်းတခုနဲ့ အစားထိုးလိုကြတဲ့ မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒပေါ် အခြေပြုပြီး လက်တွေ့ဘဝတွေက ရွေးချယ်ခဲ့ကြတာဖြစ်လို့ မှန်ကန်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ဒီအတွက် ဖက်ဆစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ဖို့ ကျားကန်ပေးနေတဲ့ စစ်တပ်၊ ရဲ၊ ပျူစောထီး၊ မဘသ ပြည်သူ့စစ် စတဲ့ အလွန်ရက်စက် ယုတ်မာကောက်ကျစ်တဲ့ စစ်တပ်ယန္တရားတွေကို ပြတ်ပြတ်သားသား  တိုက်ပွဲဝင်ကြရတာကလည်း တော်လှန်ရေးရဲ့ စစ်အနိုင်တိုက်ရေး အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ကျနော်တို့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းလိုကြပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း စစ်ကျွန်တွေဘဝမှာ မနေလိုကြပါဘူး။ ကျနော်တို့ မျိုးဆက်တွေကိုလည်း စစ်ကျွန်တွေအဖြစ် မမြင်လိုကြတော့ပါဘူး။ ဂုဏ်သိက္ခာမဲ့တဲ့ နိုင်ငံသားတွေအဖြစ် အနာဂတ်မှာ မရှင်သန်စေလိုကြပါဘူး။ ဒါက အရှိတရားဖြစ်ပါတယ်။

ခုခံစစ်ကို ဆင်နွှဲကြတဲ့အခါ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ မီဒီယာ စသဖြင့် ကဏ္ဍအသီးသီးက တိုက်ပွဲဝင်ကြရတာဖြစ်လို့  အပြန်အလှန် ‘စည်း’ တွေကို နားလည်ပေးဖို့ လိုပါတယ်။ ဒီနေရာမှာ ‘စည်း’ ဆိုတာကို နယ်နိမိတ် Boundraries အဖြစ် ရည်ရွယ်လိုတာ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံရေးနဲ့ စစ်ရေးလုပ်ငန်း ၂ ခုဟာ တူညီတဲ့ အခြင်းအရာတွေ ရှိကြသလို မတူညီတဲ့ အခြင်းအရာတွေလည်း အများအပြားရှိနေကြပါတယ်။ ‘စည်း’ ဆိုတာ တူညီတဲ့ အခြင်းအရာတွေထက် မတူညီမှုတွေကြားမှာ အလေးအနက် သတိထား ဆောင်ရွက်ကြရတာ ဖြစ်တယ် ဆိုတာကို ထောက်ပြလိုတာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ မဟာဗျူဟာ နည်းပရိယာယ်တွေ ရေးဆွဲဆောင်ရွက်ကြရသလို စစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း မဟာဗျူဟာ နည်းပရိယာယ်တွေ ရေးဆွဲ အကောင်အထည်ဖော်ရတာဖြစ်လို့ အားလုံး တထပ်တည်းမကျမှာ သေချာပါတယ်။ ဒါပေမဲ့ ဘုံရည်မှန်းချက် ပန်းတိုင်ကတော့ စစ် ၃ စစ် အမြစ်ဖြတ်ရေးပဲ ဆိုတာ ရှင်းပါတယ်။

နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စစ်ရေးလုပ်ငန်း ရည်းမှန်းချက်တွေကို ထိခိုက်စေမယ့် လုပ်ဟန် အပြောအဆိုတွေကို ရှောင်ကြဥ်ဖို့ လိုသလို စစ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ  ထိခိုက်စေမယ့် လုပ်ဟန် အပြောအဆိုတွေကို ရှောင်ကြဥ်ဖို့ လိုမှာ ဖြစ်ပါတယ်။ ‘စည်း’ ဆိုတာရဲ့ အနှစ်သာရက အကျိုးမဲ့စေနိုင်သလို အကျိုးရှိစေနိုင်တယ် ဆိုတာ လေးနက်ဖို့ ကျနော်တို့ ကြိုးစားသင့်ပါတယ်။ 

ကနေ့ ငွေဆောင် ဆွေးနွေးပွဲရဲ့ အနှစ်သာရ ဆိုတာကလည်း ‘စည်း’ ကို အလေးထားနိုင်ရင် အကျိုးရှိမှာပါ။ ရန်သူစစ်အုပ်စုကလည်း ရရင်ရသလို ညစ်ညစ်ပတ်ပတ် ယုတ်မာသွေးခွဲကြမယ် ဆိုတာကိုလည်း သတိထားကြစေလိုပါတယ်။ ရန်သူကို အနိုင်တိုက်ဖို့ မိတ်ဆွေများများ လိုကြောင်း ပါဗျား။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *