ဒီရက်ပိုင်းအတွင်း ကယားပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့ တွေ့မြင်ရတဲ့ သတင်းကောင်းလေးတွေအပေါ် မုဒိတာပွား ဝမ်းမြောက်ခြင်းကြောင့် ဒီဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်။ မုဒိတာပွားရခြင်းက ကယားပြည်နယ်မှာ အကြမ်းဖက်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီပံ့ပိုးငွေတွေ ပေးအပ်တယ်။ စားနပ်ရိက္ခာတွေ ပေးအပ်ကြတယ်။ ဒေသခံပြည်သူတွေ လိုအပ်ချက်တွေကို နိုင်ငံတော်အကြီးအကဲများက ဆောင်ရွက်ပေးခဲ့သည့်အတွက် မုဒိတာပွားမိခြင်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ ဖြစ်ပါတယ်။ ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ သဝဏ်လွှာမှာ ကယားပြည်နယ်နေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ ” ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှစ၍ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုသို့ ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် နေ့ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။” ဖော်ပြထားပါတယ်။ ဒီအချက်က ယနေ့ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက ကရင်နီပြည်နယ်ဆိုပြီး တစခန်ထလာတာကို သတိချပ်မိစေဖို့ ဖြစ်ပါတယ်။ ကယားပြည်နယ်ကို ကရင်နီပြည်နယ်လို့ ပြန်လည်လုပ်ဆောင်နေခြင်းဟာ ရှေးလူကြီးများ လက်နဲ့ ရေးခဲ့တာကို ခြေနဲ့ဖျက်ချင်တဲ့ အဖျက်သမားတွေရဲ့ မလိုလားအပ်တဲ့ လုပ်ရပ်ဆိုတာကို ပြည်သူများ သတိချပ်မိစေလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ကယားပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့လည်း ပြောဆိုထားပါတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ဒေသကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရမှာ ဖြစ်တာကို အလေးပေး ပြောဆိုထားပါတယ်။
ကယားပြည်နယ်နေ့ အခမ်းအနားတက်ရောက်ဖို့ ရောက်ရှိသွားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ချီးမြှင့်ငွေ ပေးအပ်ခြင်းနှင့် သဘာဝဘေးကြောင့် ယာယီ နေရပ်စွန့်ခွာ ပြည်သူများအား ငွေသား၊ ဆန်၊ ဆီ၊ ပဲ၊ ဆား စသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့တာကို တွေ့မြင်ရပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ယာယီနေရပ်စွန့်ခွာရာမှ လွိုင်ကော် မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ဆား တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
စာရေးသူအနေနဲ့ ၂၀၂၂-၂၀၂၃ ကာလကတည်းက NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံး၊ တရပ်တကျေးကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနိုင်ဖို့ အစဉ်သဖြင့် မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်ဘေးဟာ အင်မတန် စိုးရွားလွန်းပါတယ်။ ဒီမိုကရေစီအရည်ခြုံ NLD အစွန်းရောက်တွေဟာ သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်း မရှိတဲ့ ရဟန်းရှင်လူပြည်သူ မည်သူ့ကိုမဆို အဆိုးဆုံးအခြေအနေအထိ ရောက်အောင် ရက်စက်ယုတ်မာ ရိုင်းစိုင်းခဲ့ကြတယ် မဟုတ်ပါလား။ အချို့သော မိသားစုတွေမှာ မိသားစုဝင်တွေ အသတ်ခံရတယ်။ မိသားစုဝင်တွေ အသတ်ခံရခြင်းကြောင့် ကျန်တဲ့သူတွေက ကိုယ့်အိမ်ကိုယ့်ယာကို စွန့်လွှတ်ပြီး တရပ်တကျေးကို ထွက်ပြေးတိမ်းရှောင်ကြရတယ်။ ကျန်နေတဲ့ နေအိမ်နဲ့ စည်းစိမ်ဥစ္စာကိုလည်း NLD အစွန်းရောက်တွေက မီးရှို့ဖျက်ဆီးတာမျိုးတွေ လုပ်ကြတယ်။ NLD အစွန်းရောက် အကြမ်းဖက်ဘေးကြောင့် တချို့သော ပြည်သူတွေမှာ ရပ်တည်စရာမရှိလောက်အောင်ကို ဘဝပျက်ခဲ့ကြရပါတယ်။
ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဥပဒေကြောင်းအရ ဘယ်လို ကုစားပေးနိုင်သလဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို ကြည့်ပြန်တော့လည်း တည်ငြိမ်အေးချမ်းနေတဲ့ အခြေအနေမှာသာ ပြည်သူတွေရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအတွက် အစိုးရက ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပြီး ယခုလို အရေးပေါ်ကာလ နစ်နာဆုံးရှုံးမှုတွေအတွက် အာမခံချက်ပေးနိုင်တာမျိုး မတွေ့ရပါဘူး။
သို့သော် အစိုးရအနေနဲ့ ကျန်စစ်သားမင်းကြီးထုံး နှလုံးမူပြီးတော့ ပြည်သူများကို ယာလက်ဖြင့် စားသောက်ဖွယ်ရာတို့ကို ပေးအံ့၊ ဘယ်လက်ဖြင့် အဝတ်တန်ဆာတို့ကို ပေးအံ့ ဆိုသည့်အတိုင်း ဥပဒေအရ အာမခံချက် ပေးထားသည်ဖြစ်စေ၊ မပေးထားသည်ဖြစ်စေ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးနေတာကို တွေ့မြင်ရပါတယ်။
ကယားပြည်နယ်ဟာ NLD အစွန်းရောက် CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ နိုင်ငံရေးမှိုင်းမိပြီး အကြမ်းဖက်လှုပ်ရှားမှုကို အဆိုးဆုံးအခြေအနေအထိ ဖြစ်ပေါ်ခဲ့တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ KNDF, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ၂၀၂၃ ခုနှစ်တုန်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတဲ့အချိန်မှာ KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှောင့်ယှက် ဖျက်ဆီးခဲ့တာ ကြောင့် အပြစ်မဲ့ဒေသခံတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ သေဆုံးထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ အလားတူ လွိုင်ကော်မြို့အပါအဝင် လွိုင်ကော်တက္ကသိုလ်နဲ့ လွိုင်ကော်အကျဉ်းထောင် တို့ကိုလည်း KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်ဖျက်ဆီးခဲ့ပြီး ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ကျူးလွန်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် ကယားဒေသက ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေ ပညာသင်ကြားလို့ မရအောင်၊ ပညာသင်ကြားခွင့် တွေဆုံးရှုံးအောင်လုပ်နေတာလည်း KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေပဲဖြစ်ပါတယ်။ KNDF, PDF အကြမ်းဖက်သမားတွေဟာ ကယားပြည်နယ်အတွင်းသာမက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာမှ သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၂ ဦး ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေလည်း ကျူးလွန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ပအိုဝ်းလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ PNLO နဲ့ ပူးပေါင်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်တွေ ဝင်ရောက်လုပ်ဆောင်ခဲ့ကြလို့ တပ်မတော်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းနှိမ်နင်းခဲ့ရပါတယ်။
ကယားပြည်နယ်အစိုးအဖွဲ့အနေနဲ့ အဆိုးဆုံးအခြေအနေက ရုန်းထွက်ပြီး အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာတဲ့အတွက်ကြောင့် လွိုင်ကော်မြို့က တိမ်းရှောင်နေရတဲ့ ပြည်သူတွေ ပြန်လည်ဝင်ရောက် နေထိုင်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာတယ်။ KNDF, PDF အကြမ်းဖက်သမားတွေ ဖျက်ဆီးသွားတဲ့ အစိုးရရုံးဌာနအဆောက်အဦတွေ၊ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်သွယ်တန်းခြင်းတွေ လုပ်ဆောင်နိုင်လာခဲ့ပါတယ်။
(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို သွားရောက်ကြတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအနေနဲ့ ဒေသခံပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လိုအပ်ချက်များကို ကိုယ်တိုင် ကိုယ်ကျ လိုက်လံကြည့်ရှုစစ်ဆေးပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တဲ့အတွက် ကယားပြည်နယ်က ပြည်သူတွေအတွက် ဝမ်းမြောက်မိတာ အမှန်ပါပဲ။
အကြမ်းဖက်လှုပ်ရှားမှု လျော့ပါးသွားသည့်တိုင်အောင် အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားနေမှုတွေကိုလည်း မြင်တွေ့နေရဆဲပဲ ဖြစ်ပါတယ်။ KNDF, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အဖွဲ့ဝင်များနဲ့ ချိတ်ဆက်ပြီး ပြည်ပက ကူညီထောက်ပံ့မှုတွေ ရခဲ့သော် အကြမ်းဖက်လုပ်ရပ်တွေ ပြန်လည် အရှိန်မြှင့်တင် လုပ်ဆောင်လာနိုင်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုကို တာဝန်ရှိသူများနဲ့ ပြည်သူများက မျက်ခြေမပြတ်စေဘဲ စောင့်ကြည့်ထိန်းသိမ်း ကာကွယ်ကြရမှာ ဖြစ်ပါတယ်။
NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ တကျော့ပြန် အားကောင်းလာတာမျိုး မဖြစ်စေဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပေးပို့တဲ့ သဝဏ်လွှာမှာ ” KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရပါသည်။ ပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ပါသည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်မှုများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာလည်း ဒေသခံများပင်ဖြစ်ပါသည်။ အကြမ်းဖက် တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင် ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသည့် အတွေး အခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပင် ဖြစ်ပါသည်။ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေ ရေးအတွက် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ပြည်သူ အားလုံးက ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုပါသည်။” ဟု ဖော်ပြပါရှိပါတယ်။
စာရေးသူအနေနဲ့လည်း ကယားပြည်နယ်အတွင်းမှ တငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများအား အကြမ်းဖက်ဝါဒီတွေ ကယားပြည်နယ်အတွင်းမှ ပပျောက်သွားအောင် တတ်စွမ်းသည့်ဘက်မှ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းလိုပါသည်။
နောင်တော်လေး (ဘိုကလေး)
Join – https://t.me/MyanmarNationalPost