နေပြည်တော်၊ဇန်နဝါရီ ၁၇
ဘေးအန္တရာယ်ကင်းရှင်းပြီး အရည် အသွေး စံချိန်စံညွှန်းပြည့်မီသည့် ဖွဲနုဆီ များ စနစ်တကျ ထုတ်လုပ်ရောင်းချနိုင် ရေးအတွက် ဖွဲနုဆီစက်များ တည်ဆောက် လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရ မည့် ကျင့်စဉ်များ (Code of Practice for Construction and Operation of Rice Bran Oil Mill) နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံး၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ ဓာတု အင်ဂျင်နီယာလုပ်ငန်းအဖွဲ့၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူ များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ အစာအာဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်းတို့ မှ တာဝန်ရှိသူများ၊ တည်ထောင် ဖွဲနုဆီစက်များ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဖွဲနုဆီစက်များသည် ယခင်က က ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တည်ရှိခဲ့ပြီး နိုင်ငံပိုင်စက်ရုံများဖြစ်သောကြောင့် စက်မှုမှတ်ပုံတင်ပြုလုပ်ရန် မလိုဘဲ သက်ဆိုင်ရာဝန်ကြီးဌာနက ခန့်အပ်ထားသော အင်ဂျင်နီယာများဖြင့် ကြီးကြပ် လည်ပတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစက်ရုံ များကို စက်မှုဝန်ကြီးဌာနအနေဖြင့် ဘွိုင်လာစစ်ဆေးခြင်း၊ လျှပ်စစ်စစ်ဆေး ခြင်းများသာ ဆောင်ရွက်ခဲ့ကြောင်း။ ဖွဲနုဆီထုတ်လုပ်မှု နည်းစဉ်အရ ဘေးအန္တရာယ်ရှိသော ဓာတုပစ္စည်းများ သုံးစွဲရခြင်းကြောင့် မီးလောင်ပေါက်ကွဲမှု များဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်းစွာ လည်ပတ် ဆောင်ရွက်နိုင်စေရန်အတွက် အသစ် တည်ဆောက်မည့် ဖွဲနုဆီစက်များနှင့် ဆီသန့်စက်ရုံများအား တတ်သိနားလည် ကျွမ်းကျင်သူများဖြင့် တည်ဆောက်ကြရန် လိုအပ်ကြောင်း၊ စက်ရုံတည်ဆောက် ရာတွင် အင်ဂျင်နီယာကောင်စီမှလည်း နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ပေးကြရ မည်ဖြစ် ကြောင်း၊ သို့မှသာ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်သား များလုံခြုံဘေးကင်းရေးတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု ရေရှည် တိုးတက်လာမည်ဖြစ်ကြောင်း။
ယခုအခါ အသစ်တည်ဆောက်မည့် ဖွဲနုဆီစက်၊ စားသုံးဆီသန့်စင်စက်ရုံများ နှင့်ပတ်သက်၍ စီမံကိန်း အတည်ပြုချက် ရရှိရန် တင်ပြသည့်အခါ ဆက်စပ်ဘာသာ ရပ်ဖြစ်သည့် ဓာတုအင်ဂျင်နီယာများမှ အတည်ပြုပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနမှ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် စိစစ် သည့်အခါ အချိန်တိုတိုအတွင်းဆောင်ရွက် နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရ မည့်ကျင့်စဉ်များ သတ်မှတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနာယကနှင့် ဥက္ကဋ္ဌတို့က အမှာ စကားပြောကြားကြပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ ဓာတုအင်ဂျင်နီယာ လုပ်ငန်းအဖွဲ့မှ ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့်ကျင့်စဉ်များ ရေးဆွဲရေး အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ် ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ် များ သတ်မှတ်ထုတ်ပြန်နိုင်ရေးအတွက် ရေးဆွဲထားရှိမှုအခြေအနေကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက် လာသူများက ဖွဲနုဆီစက် တည်ဆောက် လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရ မည့်ကျင့်စဉ်များတွင် ပါဝင်သင့်သည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
Join – https://t.me/MyanmarNationalPost