(မိုးမခ) ဇန်နဝါရီ ၁၈ ၊ ၂၀၂၅
လူရာဝင်ချင်ရင် စာဖတ်ရမယ်။ စာရေးရမယ်လို့ ဆရာမောင်သာနိုးက ပြောဖူး၊ ရေးဖူးပါတယ်။ လူရာဝင်ဖို့ စာရေးရမယ်လို့ ဆရာစွမ်းကလည်း ပြောဖူးပါတယ်။
အဓိကတော့ စာရေးတဲ့သူပဲဖြစ်ဖြစ်၊ စာမရေးတဲ့သူပဲ ဖြစ်ဖြစ် စာဖတ်ရမယ်။ စာမဖတ်ရင် လူဟာ လူတုံး ဖြစ်သွားတတ်တယ်။ ဆရာမြသန်းတင့်က စာမဖတ်ဘဲ စာရေးတဲ့သူနဲ့ စာတွေဖတ်ပြီး စာမရေးတဲ့သူတို့ဟာ “အကန်းနှင့် အမြုံ” တူကြောင်း ရေးဖူးပါတယ်။
စာဖတ်တယ် ဆိုတာ ပေါက်တတ်ကရစာတွေ ဖတ်ရင်တော့ လူတောမတိုးနိုင်ဘဲ ရှိပါလိမ့်မယ်။ အချို့က သတင်းစာကလွဲ၍ ဘာစာမှပဲ မဖတ်တဲ့လူ ရှိတယ်။ ထိုလူဟာ တစ်ဖက်နားပေါက်တဲ့သူဖြစ်သွားတတ်ပါတယ်။ သတင်းစာမှာ အစိုးရထုတ်တဲ့ သတင်းစာကိုပဲ ဖတ်တဲ့လူဟာ ကျွဲပါးစောင်းတီးသလိုပဲ ဖြစ်မယ်။ စာဖတ်ချင်တဲ့သူဟာ စာကြည့်တိုက်ကို သွားရပါမယ်။ စာကြည့်တိုက်ဆိုတာ ကိုယ့်ရပ်ရွာမြို့နယ်တွေက စာကြည့်တိုက်တွေကို သွားဖတ်ရပါ့မယ်။ ဒါပေမဲ့ စာအုပ်တန်းတွေကို သွားလို့ရပါတယ်။ စာအုပ်တန်း ရောက်တဲ့အခါ ကိုယ် ဖတ်ချင်တဲ့ စာအုပ်တွေကို ရှာဖွေရမယ်။
စာမဖတ်ဘဲနဲ့ နိုင်ငံရေးပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ် အရေးပါအရာရောက်တဲ့ လူတော့ဖြစ်လာမှာမဟုတ်ပါဘူး။ စာဖတ်တယ်ဆိုတာ စိတ်ဝင်စားတဲ့စာကို ဖတ်တတ်ရမယ်။ ဖတ်ပြီးတဲ့စာကို မှတ်တတ်ရမယ်။ မှတ်ထားပြီးစာတွေကို ထုတ်နုတ်အသုံးပြုတတ်ရမယ်။ စာဖတ်ရာမှာ ဝတ္ထုပဲ ဖတ်ဖတ်၊ ဆောင်းပါးပဲဖတ်ဖတ် အဓိက က ဘယ်ခေတ်ကရေးတဲ့စာလဲ ဘာရသတွေ ပေးသလဲဆိုတာသိရမယ်။ လူအကြောင်း သိချင်ရင် လူတွေ ရေးတဲ့ စာအုပ်တွေကို ဖတ်ရမယ်။ စာဖတ်ရင် လူနဲ့လူ့ပတ်ဝန်းကျင်တွေရဲ့ အဖြစ်အပျက်ကို သိရမယ်။ အချို့က ဘာစာဖတ်ရမလဲလို့ မေးတတ်တယ်။ ဖတ်ချင်တဲ့ စာဖတ်လို့ ပြောရပါမယ်။ နားရေးယပ်တောင်ကအစ ဖတ်ပါ။ အစကတော့ ကာတွန်းတွေ ဖတ်၊ နောက်တော့ဝတ္ထုနဲ့ဆောင်းပါးတွေဖတ်ပါ။ နောက်ပိုင်းမှာ စာကောင်းပေကောင်းတွေ ရွေးဖတ်တတ်လာပါလိမ်မယ်။
အဓိကမှာ စာကောင်းကောင်းဖတ်တဲ့ နေရာကောင်း ရှိဖို့လိုပါတယ်။ ပြောချင်တာက စာကြည့်တိုက်တွေ နေရာအနှံ့ရှိဖို့ လိုပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ ရပ်ကွက်စာကြည့်တိုက်တွေကအစ နိုင်ငံတော်စာကြည့်တိုက်တွေ ထူထောင်ကြပါတယ်။ စာမဖတ်တဲ့ လူမျိုးဟာ ရိုင်းစိုင်းတဲ့စိတ်ဝင်ပြီး နိုင်ငံ ဆင်းရဲသွားနိုင်ပါတယ်။ နိုင်ငံရေးသမားကောင်း ဖြစ်ချင်ရင် စာကို ရှာဖွေ ဖတ်တတ်ရမယ်။ စာမဖတ် ပေမဖတ် နိုင်ငံရေးသမား ဟာ လူအတစ်ယောက်ဖြစ် ဖြစ်ချင်တာက စာကြည့်တိုက်တွေထူထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးသန့်ဟာ စာဖတ်လို့ ခေါင်းဆောင်ဖြစ်လာတဲ့သူပါ။ စာမဖတ်ပဲနဲ့ ဦးသန့် ဒီနေရာရောက်ဖို့မဖြစ်နိုင်ပါဘူး။ ဦးသန့်ဟာ စာဖတ် စာရေးကို ငယ်စဉ်က လုပ်လာခဲ့သူပါ။ ကျောင်းနေစဉ်က ကျောင်းစာကြည့်တိုက်ကို အသုံးပြုလို့ ဦးနု တို့၊ ဦးသန့် တို့ဟာ နိုင်ငံခေါင်းဆောင်၊ ကမ္ဘာခေါင်းဆောင်အသီသီဖြစ်လာပါတယ်။ စာဖတ်တဲ့လူမျိုးဟာ အောင်မြင်တဲ့လူမျိုးဖြစ်လာပါတယ်။ ယနေ့ ဗမာပြည်ကိုကြည့်ပါ။ ခေါင်းဆောင် စာမဖတ်တော့ ကမောက်ကမ ဖြစ်ကာ နိုင်ငံ ဆင်းရဲတွင်း နက်လာပါတော့တယ်။ စာမဖတ် ပေမဖတ်တဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ဦးတည်ရာမဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလာပါတယ်။ တိုင်းပြည်ဆင်းရဲရင် လူထုက စိတ်ပျက်လက်ပျက်ဖြစ်ကာ အစိုးရကို တော်လှန်ပစ်တာဟာ နိယာမှတစ်ခုလို ဖြစ်လာပါတယ်။
ဒါဟာ စာမတတ် ပေမတတ်တိုင်း ပြည့်ခေါင်းဆောင်တက်လုပ်ရင် ဖြုတ်ချပစ်ဖို့ ကြိုးစားလာပါတယ်။ အာဏာရှင်အစိုးရ မဖြစ်ဖို့ရေး လူထုက စာဖတ်ဖို့ လိုပါတယ်။ ဒါကြောင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သမိုင်းမတတ်ရင် “လူအ”တွေ ဖြစ်မယ်တဲ့။သမိုင်း ဘာကြောင့် သင်တာလဲ မေးတဲ့အခါ “မအလို့”ပြောပါတယ်။ သမိုင်းတတ်အောင် စာအစုံစုံဖတိရပါတယ်။ စာပေဝတ္ထု၊ ဆောင်းပါး၊ သမိုင်းစာအုပ် များများစားစား ပြည့်ပြည့်စုံစုံဖတ်ထားရင် လေ့လာထားရင် လူအ တစ်ယောက်တော့ ဖြစ်မလာနိုင်တော့ဘူးပေါ့။ ဒါမှတိုင်းပြည်အတွက် တတ်အားသ၍ ကူညီနိုင်ပါလိမ်မယ်။ ဒါမှမဟုတ် ချိုကျိုး နားရွက်ပဲ့ လူသားတွေ ဖြစ်လာပါလိမ့်မယ်။ ပညာသင်ကြားတယ် ဆိုတာ ရာထူးရဖို့ မဟုတ်၊ အမှား အမှန် ခွဲခြားနိုင်ဖို့နဲ့ မတရားမှုနဲ့ တရားမှုတွေကို ခွဲခြားတတ်နိုင်ပါတယ်လို့ ဆရာမြသန်းတင့်က ဆိုပါတယ်။ စာဖတ်ပြီး ကိုယ်ချင်စာတရား မရှိလည်း အဲ့ဒီလူဟာ အလကားလူဖြစ်တဲ့လို့ လူထုဒေါ်အမာက ရေးဖူးပါတယ်။
ဒါကြောင့် စာများများ ဖတ်ကြပါလို့ အင်းတိုက်အားတိုက် တိုက်တွန်းလိုက်ရပါကြောင်း၊ မြန်မာပြည်ဝယ် စာကြည့်တိုက်တွေ များများ ပေါ်ပေါက်လာပါစေလို့လည်း အခါတစ်ထောင်မက ပြောကြားလိုက်ပါတယ်။
–
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar