ylliX - Online Advertising Network

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၃ )


(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၅

18/1/25

Diary in the darkness 

အခုအချိန်မှာ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ကြွေးကြော်သံကိုသာ ကြွေးကြော်ရန်မှတပါးအခြားမရှိပါ။

၂၀၂၅ ရောက်ပြီ။ နွေဦးတော်လှန်ရေးဟာ သိသိသာသာ အရွယ်ရောက်ခဲ့ပြီ။ မြို့ပေါင်း တစ်ရာ နီးပါးကို တော်လှန်ရေးတပ်တွေက သိမ်းနိုင်ခဲ့ပြီ။ အနောက်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကို တော်လှန်ရေးတပ်တွေက လုံးဝနီးပါးသိမ်းနိုင်ခဲ့တယ်။ တနေ့က AAက ဂွမြို့ကို သိမ်းပြီး ဧရာဝတီတိုင်းဘက်ကို ခြိမ်းခြောက်နေတယ်။ NUG က စစ်ကိုင်းဘက်မှာ ရုံးထိုင်ဖို့ ပြင်နေတယ်။ လုံခြုံရေးအတွက် စိုးရိမ်ကြတယ်။ ပြည်သူ့လုံခြုံရေးကို အာမ မခံနိုင်တဲ့ အခြေအနေမှာ NUG ဟာ သူ့လုံခြုံရေးကို ထိပ်တန်းထားဖို့ မသင့်တော်ဘူးလို့ ယူဆပုံရတယ်။ 

KIA က မံစီကို သိမ်းပြီး ဗန်းမော်ကို တိုက်နေတယ်။ မကြာခင် ပူတာအို နဲ့ မြစ်ကြီးနားကို တိုက်မယ်လို့ ခန့်မှန်းနေကြတယ်။ ချင်းပြည်နယ်ကတော့ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်တော့မယ်လို့ဆိုတယ်။ ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေ ဆက်တိုက်ရှုံးနေတယ်။ အောင်ဇေယျစစ်ဆင်ရေးမှာလည်း လက်နက်ချတွေ ၊ စစ်ပြေးတွေသာ များနေပါတယ်။ အဆိုးဆုံးကတော့ ကျားဖြန့်လောင်းကစားမြို့တော် ရွှေကုက္ကို ပြဿနာပါ။ ကျားဖြန့်ပြဿနာဟာ နိုင်ငံတကာ ပြဿနာဖြစ်နေပါတယ်။ တရုတ် မျက်စိစပါးမွှေးစူးတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ မြတ် မီဒီယာကတော့ ကျားဖြန့်ခေါင်းဆောင်ဟာ တရုတ်ထောက်လှမ်းရေးရဲ့ မွေးမြူခြင်းကို ခံရပြီး မြန်မာ အစိုးခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များနဲ့ အထူးရင်းနှီးကျွမ်းဝင်သူ ဖြစ်တယ်ဆိုတာကို ဓာတ်ပုံ အထောက်အထားများနဲ့ တင်ပြလာပါတယ်။ စိတ်ဝင်စားသူ များပြားလှပါတယ်။

ဒီနှစ်ဆန်းမှာ ၈၈ ကိုမြအေးတို့ရဲ့ ကြေငြာချက်ဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေးပွဲဆူခဲ့ပါတယ်။ ကိုမြအေး ကြေညာချက်ကို ဖတ်ရတာ လက်နက်ကိုင်တော်လှန်ရေးလမ်း တစ်လမ်းတည်းကိုသာ လျှောက်လှမ်းပြီး တွေဆုံဆွေးနွေးရေးကို လုံးဝ ပစ်ပယ်မှာ စိုးရိမ်ပုံရပါတယ်။ တော်လှန်ရေးအင်အားစုကတော့ အောင်ပွဲတွေ ဆက်တိုက်ရနေချိန်၊ ပြည်သူ့ထောက်ခံမှုတွေ ရနေချိန်မှာ တွေ့ဆုံ ဆွေးနွေးပွဲကြောင့် တော်လှန်ရေးအရှိန်လျော့သွားမှာ စိုးရိမ်ပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းနိုင်ငံရေး အင်အားစုနဲ့ ပြည်ပတော်လှန်ရေး အင်အားစုတွေ အပြန်အလှန် သဘောထားထုတ်ဖော်ခွင့်ရတာကြောင့် ညှိနှိုင်းဖို့ အခြေအနေတရပ် ပေါ်ထွန်းလာတာတော့ သေချာပါတယ်။ စစ်ကောင်စီ 

ချွန်းတွန်းအုပ်စုကတော့ တော်လှန်ရေး အင်အားစုတွေရဲ့ အမြင်မတူတဲ့အပေါ်  မှာ အခွင့်ကောင်းယူပြီး သွေးခွဲသပ်သျှိုမှုတွေ အကြီးအကျယ် လုပ်ကြတာ မြင်နေရပါတယ်။

ရပ်ကွက်ထဲမှာတော့ လျှပ်စစ်မီး လာချိန်နည်းလွန်းတဲ့အပြင် အချိန်ဇယားမမှန်တာကြောင့် လူတွေပြာယာခတ်နေကြတယ်။ ရေတင်၊ ထမင်းချက်၊ ဖုန်းအားသွင်း ၊ ဖို့ အခက်အခဲတွေ့နေကြတယ်။ ပြီးခဲ့တဲ့ တပတ်က လမ်းထဲက လူငယ်သုံးယောက် စစ်မှုထမ်းဖို့ အဖမ်းခံလိုက်ရတယ်လို့သိရတယ်။ စစ်ရှောင်လာတဲ့ ချင်းမိသားစုတွေ နေတဲ့အိမ် အပါအဝင် အခြားအိမ် နှစ်အိမ်ကိုလည်း အိမ်ထဲဝင်စစ်ဆေးသွားတယ်လို့ သိရပါတယ်။ အချို့ရပ်ကွက်တွေမှာ စစ်မှုထမ်းကြေး တစ်အိမ် တစ်လ သုံးသောင်း ပေးနေရတယ်။ စစ်မှုထမ်း မလိုက်ချင်ရင် တစ်ယောက် သိန်း ရှစ်ဆယ်မှ သိန်းတရာ လာဘ်ပေးနေရတယ်လို့ သိရပါတယ်။ ရပ်ကွက်တွေထဲမှာ လုယက် ခိုးယူမှုတွေကတော့ အမြဲရှိနေပါတယ်။ တိုင်စရာ ရဲလည်း မရှိပါ။ ဘတ်စ်ကားတွေလည်း ည ၇ နာရီလောက်ဆို မရှိတော့ပါ။ အချို့ကားလိုင်းတွေက ဂိတ်အစ အဆုံး မဆွဲတော့ဘဲ လမ်းတဝက်မှာ လူတွေကို ဆင်းခိုင်းပြီးနောက်ကား စီးခိုင်းပါတယ်။ 

ဒီလိုခံနေရတာ တော်လှန်ရေးစစ်ပွဲတွေကြောင့် မဟုတ်ဘူး။ စစ်ဘုရင်တွေက ပြည်သူတွေကို ကျွန်အဖြစ် နှိပ်စက်နေလို့ ဖြစ်တယ်။ စစ်ကျွန်ဘဝက  လွတ်မြောက်အောင် စစ်ဘုရင်တွေကို အပြတ်တိုက်မှ ဖြစ်မယ်။ 

အခုအချိန်မှာ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ကြွေးကြော်သံကိုသာ ကြွေးကြော်ရန်မှတပါးအခြားမရှိပါ။

အန်ကယ် တူမီး

18/1/25

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *