နေပြည်တော်၊ ဇန်နဝါရီ ၂၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၁၇-၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် “သဘာဝဘေး အန္တရာယ်”ဆို သည့်စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ “အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ပွားခြင်း” တို့သည် သဘာဝဘေးအန္တရာယ်တွင်ပါဝင်သောကြောင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများ(တိုက်ပွဲရှောင်ပြည်သူများ) ဆိုရာတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက မြို့၊ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ကာ တရားမဲ့ နယ်မြေကျူးကျော်လာမှုများ ကြောင့် ယာယီနေရပ် စွန့်ခွာရသူများအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသဖြင့် ခေတ္တနေရပ် စွန့်ခွာလာရသူများလည်းပါဝင်ကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများကို လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ် ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းကောက်ယူလျက်ရှိရာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့်နေထိုင်ခြင်းများရှိရာ ထိုသို့နေထိုင်သူများအားလုံး သည်လည်း စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်းသိရသည်။ သို့ပါ၍ ယာယီနေရပ်စွန့်ခွာ နေကြရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေး အကျုံးဝင်သူအားလုံးပါဝင်အောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်နှင့် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရှိရသည်။
Join – https://t.me/MyanmarNationalPost