ylliX - Online Advertising Network

မကွေး၊ ပဲခူးနှင့် ဧရာဝတီနယ်စပ်များတွင် တိုက်ပွဲရှိနေပြီဟု AA ပြော


ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော တိုင်းဒေသကြီးများဘက်တွင် တိုက်ပွဲရှိနေသည်ဟု အာရက္ခတပ်တော် (AA) က  ယမန်နေ့(ဇန်နဝါရီ ၂၀) ညပိုင်းတွင်  သတင်းထုတ်ပြန်လိုက်ပြီး ဧရာဝတီတိုင်းတွင်လည်း ထိုးစစ်ဆင်ခံရသော ကျေးရွာတစ်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။ 

ထိုရွာမှာ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ချောင်းတစ်ခုသာ ခြားသည့် ဘောမိကျေးရွာ ဖြစ်သည်ဟု သိရသည်။

AA ထိန်းချုပ်ထားသော ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်၏ တောင်ဘက် ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ 

ဇန်နဝါရီ ၁၆ ရက်နေ့က ဘောမိရွာတွင်  တိုက်ပွဲပြင်းထန်ခဲ့ပြီး  စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေတပ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရွှေသောင်ယံမြို့အနီး နေထိုင်သည့် ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။

“၁၈ ရက်နေ့ထိက ဘောမိရွာကို လေကြောင်းကနေ ဗုံးကြဲတယ်၊ လက်နက်ကြီးပစ်ခတ်သံတွေတော့ ကြားနေရတုန်းပဲ” ဟု ယင်းနေ့က အခြေအနေကို ပြောပြသည်။

ဇန်နဝါရီ ၈ ရက်နေ့တွင် ရွှေသောင်ယံမြို့မှ မိုင်၂၀ ကျော်ခန့် အကွာ မကျီးဇင်ကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး ၃ ရက်အကြာတွင် ထိုနေရာကို AA က ထိန်းချုပ်နိုင်ခဲ့ကာ မကျီးဇင်ရွာတောင်ဘက် ၃ မိုင် ခန့်အကွာ ဘောမိ ကျေးရွာတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ဇန်နဝါရီ ၁၉ နှင့် ၂၀ ရက်များတွင် တိုက်ပွဲဖြစ်သံ မကြားရတော့ဘဲ ငြိမ်သက်နေသဖြင့် ဘောမိကျေးရွာကို အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ပြီဟု ယူဆရကြောင်း  အထက်ပါအမျိုးသားက ဆက်ပြော သည်။
AA ထိန်းချုပ်လိုက်သော ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ကျော်ခန့်အကွာတွင်ရှိပြီး နာမည်ကျော် ကမ်းခြေများ ဖြစ်သော ချောင်းသာကမ်းခြေနှင့် ၂၇ မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈ မိုင်ကျော် ခန့်သာ ကွာဝေးသည်။

ထိုနေရာများသည် ကမ်းခြေတစ်ဆက်တည်းဖြစ်ပြီး ကားဖြင့်သွားပါက ၃ ၊ ၄ နာရီ ခရီးဖြစ်ကာ ရေလမ်း ဖြင့် သွားပါက ပိုမိုခရီးတိုသည်။

ရခိုင်နှင့် ဧရာဝတီနယ်စပ်ပြမြေပုံ။

ဘောမိရွာသည် ရွာငယ်လေးသာ ဖြစ်ပြီး စစ်တပ်အင်အား အများအပြား မရှိကြောင်း စစ်တပ်ကို ထောက် ခံသည့် အွန်လိုင်းစာမျက်နှာများတွင် ရေးသားထားသည်။ 

ပုသိမ်မြို့နယ်အတွင်း  တိုက်ပွဲဖြစ်ခဲ့သော နေရာများသည်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက   ကြည်းရေလေ တပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့သည့်နေရာအနီးတွင် ဖြစ်ပြီး ထိုလေ့ကျင့်မှုကို စစ်တပ် ထိပ်တန်းခေါင်းဆောင်များ သွားရောက်ကြည့်ရှုခဲ့ကြသေးသည်။

ရွှေသောင်ယံ ဒေသခံတချို့သည်လည်း ပုသိမ်မြို့နှင့် သာပေါင်းမြို့ဘက်သို့ အများဆုံး တိမ်းရှောင်ကြပြီး အိမ်စောင့်တချို့သာ ကျန်ရစ်ခဲ့ကြောင်း အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

ထိုသို့ စစ်ရှောင်သူ များပြားလာသည့် ပုသိမ်နှင့် သာပေါင်းမြို့နယ်ဘက်ရှိ ကျေးရွာများတွင်  စစ်ကောင်စီ က အဝင်အထွက် တင်းကျပ်ထားသလို  ဧည့်စာရင်း စစ်ဆေးနေသည်၊ ရခိုင် ဒေသခံများ ပိုအစစ်ဆေးခံရသည်ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။



ပုသိမ်မြို့ထဲတွင် အရပ်ဝတ်လက်နက်ကိုင်တချို့နှင့် ယူနီဖောင်းအပြည့် ဝတ်ဆင်ထားသည့် စစ်သားများ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်ရကြောင်း ၎င်းက ဆိုသည်။

ရေကြည်မြို့၊ ချင်းစုကျေးရွာ အနီး တိုက်ပွဲများဖြစ်နေသည်ဟု AA ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရခိုင်နှင့် ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းနယ်စပ်များတွင်   စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ခဲ့သည်၊  ရခိုင်-မကွေးနယ်စပ်တွင် “အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်” ဟု  AA ထုတ်ပြန်ချက်က ဆိုသည်။ 

AA သည် ရခိုင်တစ်ပြည်နယ်လုံး သိမ်းမည်ဟု ကြွေးကြော်ထားရာ ရခိုင် ၁၇ မြို့နယ်အနက် ၁၄ မြို့ကို သိမ်း ပိုက်ထားပြီး နယ်မြေထိစပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ ဆက်လက်ထိန်းချုပ်ထားနိင်သော မြို့ကြီး ၃ မြို့မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ ဖြစ်ကြသည်။ စစ်ကောင်စီက   စစ်တွေမြို့နှင့်အနီးတဝိုက်တွင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများသုံးပြီး  အဆက်မပြတ် တိုက်ခိုက်နေသည်ဟု AA က ဆိုသည်။

ကြည်းရေလေတပ်များ တိုက်ခိုက်မှု နေ့စဉ်ရှိနေသည်၊  ဒရုန်း နှင့် လေတပ်တိုက်ခိုက်မှု ပိုမိုများပြားခဲ့သည် ဟု သိရသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ စစ်ကောင်စီတပ်သည်  တစ်ဖက်ကမ်း ဝါဘိုကျေးရွာအတွင်း ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်သောကြောင့် နေအိမ်တချို့ မီးလောင် ပျက်စီးခဲ့သည်။ 

မကွေးဒေသတိုက်ပွဲများ

အမ်းမြို့နယ်၊  ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်း အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု AA က ဆို သည်။  

တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ လက်နက်စက်ရုံမှ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီ တပ်ရင်းများနှင့်  ဇန်နဝါရီ ၁၁ ရက်နေ့ ကတည်းက အစပြုသည့် တစ်ပတ်ကျော်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီရုပ်အလောင်း အမြောက်အမြား ရှိခဲ့ပြီး  လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့် သုံ့ပန်းအချို့ကိုလည်း ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲသတင်းများကို စစ်တပ်က ထုတ်ပြန်ခြင်း မရှိသလို သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းချက် ကိုလည်း စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။

အမ်းမြို့နယ်၊  ကမြင်းကန် (ကံမြင်ကန်)အနီးကို ဗုံးကြဲရန် စစ်တပ်ထောက်ခံသည့် အွန်လိုင်းမီဒီယာများက ရေးသားတောင်းဆိုနေကြသည်။ 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တစ်နေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ (၉၉) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ဇန်နဝါရီ ၁၉ ရက်နေ့၊ ညနေတွင် ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA 1 သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည် အိမ်များ သိမ်းဆည်းရမိကြောင်း ACDF က ထုတ်ပြန်ထားသည်။ 

အမ်း – ပဒါန်းလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို ကျောင်းသားတပ်များ၊ ချင်းအဖွဲ့များနှင့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေကြသည်။

 အမ်းမြို့နယ်တွင် AA က စစ်ကောင်စီတပ်ထံမှ  သိမ်းဆည်းရမိသည်ဆိုသော လက်နက်ခဲယမ်းများတွင် ဒရုန်းများလည်း ပါဝင်သည်။ (ဓာတ်ပုံ-AA Info Desk) 





Source link

Leave a Reply

Your email address will not be published. Required fields are marked *