ylliX - Online Advertising Network

“စိတ်ခြောက်ခြား အိပ်ပျက်ရသည့် စစ်မှုထမ်း”


ညမှောင်ရီ ဝိုးတဝါးအချိန်တွင် လမ်းမပေါ်မှ တိတ်ဆိတ်ခြောက်ကပ်မှုနှင့်အတူ ရိုက်ခတ်လာသော မြောက်လေသည် တုံချမ်း၍ ခိုက်ခိုက်အေးနေသည်။

မည့်သို့ပင် အေးပါစေ။ လက်ရှိ နန်းထက်တစ်ယောက်မှာ ခံစားနေရသော ရင်ထဲက အပူမီးများကို မငြိမ်းသက်နိုင်ပေ။

“ဆွဲနေပြီဆိုတဲ့ သတင်းကြားရင်တော့ ပူထူတယ်။ နည်းနည်းလေး သတင်းပြန်ငြိမ်းသွားရင်တော့ ပုံမှန်လိုပါပဲ။ ဒီမှာကတော့ ညဆိုအတွေးပေါင်းစုံနဲ့ပေါ့” ဟု တိုးတိုးတိတ်တိတ်ဖြင့် နန်းထက် (အမည်လွှဲ) က ပြောလာသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးဇာတိတွင် မွေးဖွားကြီးပြင်းသော နန်းထက် တစ်ယောက်သည် ပေါ်တာဆွဲမှုကြောင့် စိတ်လုံခြုံမှုမရှိ နေ့နေ့ ညည စိုးရိမ်မှုဖြစ်နေသည်။

တောင်ကြီးမြို့

တောင်ကြီးမြို့သည် လက်ရှိအချိန်ထိ စစ်ရေးမရှိသည့်မြို့တစ်မြို့ဖြစ်ပြီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်​ (ရပခ) အခြေစိုက်သည့်မြို့လည်းဖြစ်သည်။

သူ စိတ်မလုံခြုံမှုများနှင့် နေထိုင်ရသည်မှာ သုံးနှစ်ကျော်ပြီဟု ပြောသည်။ နေ့ဘက်တွင် “ခွေး” (ရဲ) ကိုလည်း ကြောက်ရသည်။ ညဘက်တွင် “တစ္ဆေ” (စစ်တပ်) ကိုလည်း ကြောက်ရသည်ဟု နန်းထက်ကပြောသည်။

“ကိုယ်တိုင်က ဆွဲခံရတော့မှာလား။ ဘာလုပ်သင့်လဲ၊ ဒီကထွက်သင့်လား တွေးနေတာပေါ့”ဟု မေးခွန်းများစွာဖြင့် နန်းထက်တစ်ယောက် တွေဝေနေသည်။

တောင်ကြီးလမ်းမပေါ် စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့

နိုင်ငံခြားကိုပင် မပြောနှင့် မိဘတွေနဲ့မခွဲခွာဖူးသည့် နန်းထက်တစ်ယောက်သည် ယခုအခါ ပေါ်တာဆွဲမှုကြောင့် နိုင်ငံခြားသို့ ထွက်ရန် ပြင်ဆင်နေရပြီ။

နိုင်ငံခြားတွင် မည်သို့ ပုံစံဖြင့် နေထိုင်ရမည်ကို သူမသိ။ နိုင်ငံခြားသွားပြီး အလုပ်လက်မဲ့ ဖြစ်မှာကိုလည်း စိုးရိမ်နေသည်ဟု နန်းထက်ကပြောသည်။

“သူများနိုင်ငံမှာ အဆင်ကောပြေပါ့မလား။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့။ သွားပြီး အလုပ်အကိုင်မရှိဘူး ဖြစ်မှာလဲကြောက်တယ်လေ” ဟု နန်းထက်တစ်ယောက် အနာဂတ်အတွက် တွေဝေပြီး ပြောဆိုလာသည်။

နန်းထက်ကဲ့သို့သော အမျိုးသမီးများ နိုင်ငံခြားသို့ ထွက်ရန် ပြင်ဆင်နေကြသည့် လူငယ်တွေလည်း အများအပြား ရှိသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင်သည့် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နိုင်ငံခြားသို့ ရှောင်တိမ်းသွားကြသည့် လူငယ်များလည်း ရှိသည်။ မိသားစုနှင့် ငွေရေးကြေးရေး အခက်အခဲများကြောင့် နိုင်ငံခြားသို့ ရှောင်တိမ်း၍ အခွင့်အလမ်းမရှိသည့် လူငယ်များလည်း ရှိသည်။

ယင်းကြောင့် အတင်းအကျပ် (ပေါ်တာဆွဲ) ဖမ်းဆီးခံရပြီး စစ်သင်တန်း ပို့ခံရသူများ၊ အစားထိုး ဝယ်ထည့်ခံရသူများလည်း ရှိသည်ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ဖွင့်ဟလာသည်။

“တစ်ယောက်ကတော့ စစ်တွေမှာရောက်သွားတယ်။ သူကနေစရာအိမ်လည်းမရှိ၊ မိဘလည်းမရှိဘူးဆိုတော့ ထည့်ပေးလိုက်တာ။ ဟို..လေး၊ ငါး သိန်းတော့ကုန်တာပေါ့။ နောက်တစ်ယောက်ကတော့ တစ်ခါ ရပ်ကွက်က ဝယ်ထည့်လိုက်တာ ၄၅ သိန်းနဲ့။ အခုသူက မိုင်းရယ်မှာ ကင်းသွားစောင့်နေတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်မှုထမ်းဥပဒေ စတင်သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ ၎င်းတို့ရပ်ကွက်ထဲတွင် ဖမ်းဆီးခံရသူများ၊ အစားထိုးခံရသူများ စုစုပေါင်း ၁၄ ဦးအထိ ရှိသွားပြီဟု ဆိုသည်။

ထိုထဲတွင် အသက်မပြည့်သေးသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

“အဓိက သူတို့လုပ်စားတာပေါ့။ ဖမ်းပြီးတော့ အဲ့ကောင်တွေ စာရင်းဖျောက်၊ ဆင့်ခေါ်စာနဲ့ ခေါ်တဲ့ကောင်ကခေါ်။ ခေါ်ပြီးရင် မင်းတို့လူမသွားနိုင်ရင် ပိုက်ဆံ ၁၀ သိန်းပေး၊ ၈ သိန်းပေး၊ ၁၅ သိန်းပေးပေါ့။ ပြီးမှ ဖမ်းထားတဲ့ ကောင်တွေရဲ့ နာမည်ထည့်။ ပိုက်ဆံပေးထားတဲ့ သူတွေလည်း တာဝန်ကြေပေါ့” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်မှုမထမ်းချင်သောကြောင့် လဝကရုံးကို ပိုက်ဆံပေးပြီး လူအစားထိုးသည့်တိုင် ထိုလူသည် ထပ်မဖမ်းခံနိုင်ကြောင်း အာမခံချက်မရှိဟု ဆိုသည်။ိ

ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ဌာနအသီးသီးသို့ ဝင်ရောက်သွားသည့် သူများလည်း စစ်မှုထမ်း ဆင့်ခေါ်ခံရပါက လူမလာနိုင်လျှင် ပိုက်ဆံသိန်းနှင့်ချီ ပေးဆောင်ရကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်ကောင်စီတပ်ယာဉ်တန်း

စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အမျိုးသမီးများ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမည် ဖြစ်သည်။

သို့သော် စစ်မှုထမ်းဥပဒေအတွက် မဲပေါက်သူများ ရှောင်တိမ်းနေကြသဖြင့် အတင်းအကျပ် ဖမ်းဆီးကာ စစ်သင်တန်း တက်ခိုင်းခြင်းမျိုးကို စစ်ကောင်စီက ကျင့်သုံးနေသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ် ရှိ ရပ်ကွက်များကို စစ်ကောင်စီတပ်က ဝင်ရောက်ပေါ်တာဆွဲခဲ့ရာ ကျောင်းကြီးစု ရပ်ကွက်မှ လူ ၃၂ ဦး ဖမ်းဆီးခံရကြောင်း ကျောင်းကြီးစုရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ တောင်ကြီးမြို့တွင် ရပ်ကွက် စုစုပေါင်း ၂၂ ခုရှိသည့်အနက် ကျောင်းကြီးစုရပ်ကွက်သည် ပေါ်တာဆွဲခံရမှု လူဦးရေအများဆုံး ဖြစ်သည်။

သူတို့သည် လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိ။ ရောင်းစားခံလိုက်ရပြီဟုလည်း ကျောင်းကြီးစုရပ်ကွက်မှ ဒေသခံတစ်ဦးက သူ၏ယူဆချက်ကို ပြောသည်။

“တောင်ကြီး ၂၂ ရပ်ကွက်ကို ဝင်ဆွဲတယ်။ ကျနော်တို့ ရပ်ကွက်က ၃၂ ယောက်ပါသွားတယ်။ သုံးရက်အတွင်း တစ်သုတ်ဆွဲတဲ့အထဲမှာ ကျနော်တို့ရပ်ကွက်က အများဆုံးပါသွားတာပေါ့။ အခုချိန်ထိ အဲ့လူတွေ ပြန်လွှတ်လာတာ မရှိဘူး။ ဘာသတင်းမှ မရတော့တာ။ အဲ့ကောင်တွေကို ရောင်းစားလိုက်ပြီ” ဟု ကျောင်းကြီးစု ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ တောင်ကြီးမြို့ပေါ်တွင် ညမိုးချုပ် မှောင်ရီလာပြီဆိုသည်နှင့် လမ်းမပေါ်မှာ ဈေးရောင်းသူများ၊ သွားလာ လှုပ်ရှားသူများ မရှိသလောက်ပင်။

နေ့စဉ် ည ၇ နာရီအချိန်နောက်ပိုင်း ရပ်ကွက်အတွင်းရှိ လူငယ်များ၊ လူရွယ်များ အိမ်ပြင်သို့ မထွက်ရန်လည်း အုပ်ချုပ်ရေးမှူးအချို့က အသိပေးထားသည်။

သျှမ်းမြောက် တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည်လည်း ပေါ်တာဆွဲနေသည် ဆိုသည့် သတင်းကြောင့် လုံခြုံးရေးစိုးရိမ်နေရသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦး ပြောသည်။

“ကြောက်တာပေါ့။ ကျမတို့က တိုက်ပွဲကြောင့် ရှောင်လာတော့ သူများ (စစ်တပ်) လာခေါ်မှာကို ကြောက်တာပေါ့။ ကျမတို့က ဧည့်သည်လည်း ဟုတ်တော့။ ဒီမှာတကယ် နေလိုက်မယ်ဆိုရင်လည်း ကြောက်ရတယ်။ ခရီးဆက်သွားရအောင်လည်း လမ်းကမရှိတော့ဘူး” ဟု ၎င်းကပြောသည်။

“ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” ဆိုသည့်အတိုင်း သျှမ်းမြောက်က စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ စစ်ရှောင်လာစဉ် စစ်မှုထမ်း ဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေရကြောင်း၊ လက်ရှိ စစ်ရှောင်များ၏ အိမ်ထောင်စုစာရင်းများကိုပါ လဝကရုံးမှ တောင်းခံနေကြောင်းဆိုသည်။

တောင်ကြီးမြို့

စစ်မှုထမ်းရသည် ဖြစ်စေ၊ မထမ်းရသည် ဖြစ်စေ အသက်ထက် ဘာမှ အရေးမကြီးဟု သူမက ဆက်ပြောသည်။

“စိတ်ထဲတော့ ဘယ်ကောင်းမလဲ။ ဘယ်သူပဲ သွားရသွားရ စိတ်ထဲမှာတော့ တကယ်မကောင်းဘူး။ အသက်ထက် ဘာမှအရေကြီးတာ မရှိဘူးလေ” သူမက ဝမ်းနည်းစွာဖြင့် ပြောသည်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို စစ်သင်တန်းပို့ချပြီးနောက် ချက်ချင်း စစ်မြေပြင်သို့ စေလွှတ်မည်မဟုတ်ဘဲ မိမိရပ်ရွာဒေသတွင် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန် ထမ်းဆောင်ခိုင်းမည်ဟု ဆိုသည်။

သို့ရာတွင် စစ်သင်တန်း တက်ရချိန်၌ နိုင်ငံအနှံ့ရှိ စစ်သင်တန်း ကျောင်းများသို့ ပို့ဆောင်လိုက်ပြီး ပြင်ပနှင့် ဆက်သွယ်ခွင့်ကို ထိန်းချုပ်ကာ စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေလျက်ရှိသည်။

ဘက်ပေါင်းစုံ နေရာဒေသအသီးသီးတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးရှုံးနိမ့်နေပြီး၊ စစ်သားပေါင်းများစွာ ကျဆုံးနေမှုကြောင့် စစ်သားသစ်များအမြန်အလိုရှိနေသည်မှာလည်း မလွှဲဧကန်ပါပဲ။

ထို့ကြောင့် စစ်သားသစ်များအသဲအသန်းစုဆောင်းနေမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်တွင်နေထိုင်သည့် စိုင်းဝမ်း(အမည်လွှဲ)သည် ဇာတိမြေတွင်မနေထိုင်ရဲတော့ဘဲ ထိုင်းနိုင်ငံဘက်သို့ ရွှေ့ပြောင်းနေထိုင်နေရသည်။

“ ကျနော်တို့အိမ်မှာက ယောင်္ကျားလေး ၂ယောက်ရှိတော့ ရပ်ကွက်လူကြီးတွေကလည်းသိနေတယ်လေ။ အခုတော့ တလ တလပိုက်ဆံ တစ်သိန်းကျပ် ပေးနေရတယ်။ စစ်မှုထမ်းစာရင်းထဲပါ၊ မပါကလည်း ရပ်ကွက်လူကြီးတွေက အဓိကပဲ” ဟု စိုင်းဝမ်းက ဆိုသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းမှ သင်တန်းဆင်းခဲ့သည့် ပြည်သူစစ်မှုထမ်းများသည်လည်း တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးတွင် ဝာာဝန်ထမ်းဆောင်နေပြီး ဖြစ်ကြောင်း စစ်ကောင်စီကဆိုထားသည်။

သို့သော် တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်သူစစ်မှုထမ်းဦးရေ ဘယ်လောက်ရှိကြောင်း စစ်ကောင်စီက အတိတလင်းကြေညာထားခြင်း မရှိပေ။

၂၀၂၄ ဖေဖော်ဝါရီလမှစပြီး စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည်။

မည်သို့ပင် ဖြစ်စေကာမှု မြို့ပေါ်တွင် ရုန်းရန်း ဆန်ခတ်ဖြစ်လာပါက မျက်စိစုံမှိတ်ပြီး ဘာဖြစ်ဖြစ် နိုင်ငံခြားသို့ ထွက်မည်ဟု နန်းထက်ကဆုံးဖြတ်ထားသည်။

“ဒီမှာ ရုန်းရင်းဖြစ်လာရင်တော့ မျက်စိစုံမှိတ် ဘာဖြစ်ဖြစ်သွားမယ်ပေါ့။ ကိုယ့်နေရာလိုမျိုး မဟုတ်တော့ အခက်အခဲတွေကိုတွေးပြီး၊ တွေးပူမိနေတာမျိုးပါပဲ”ဟု နန်းထက်က ပြောသည်။

The post “စိတ်ခြောက်ခြား အိပ်ပျက်ရသည့် စစ်မှုထမ်း” appeared first on သျှမ်းသံတော်ဆင့်.



Source link

Leave a Reply

Your email address will not be published. Required fields are marked *