နေပြည်တော်၊ ဇန်နဝါရီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံနှင့် ပြည်သူတို့အတွက် မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးဌာန၌ သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုးတက်လျက်ရှိကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နည်းပညာကိုအသုံးပြု၍ အင်တာနက်စာမျက်နှာများနှင့် စာအုပ်စာပေများမှ မိမိတို့ဘဝတိုးတက်ရေးအတွက် လိုအပ်သည့် အချက်အလက်များနှင့် ဗဟုသုတများကို ရှာဖွေလေ့လာဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်း၏စွမ်းရည်များသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဖတ်ရှုလေ့လာမှတ်သားခြင်းသည် လုပ်ငန်းတစ်ခုကျွမ်းကျင်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ ဖတ်ရှုလေ့လာမှတ်သားထားမှုများနှင့် အတွေ့အကြုံများကို အပြန်အလှန်ဆက်စပ်နှိုင်းယှဉ်၍ သင်ခန်းစာဖော်ထုတ်သွားရန်လိုကြောင်း။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အုပ်ချုပ်သူများအနေဖြင့် မိမိတို့ကွပ်ကဲ နေရသူများကို စနစ်တကျကွပ်ကဲကြပ်မတ်နေရန်လိုသကဲ့သို့ ၎င်းတို့၏ သက်သာချောင်ချိရေးအတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး လက်အောက်၏ လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်းမွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပြီး အတန်းပညာ တက်မြောက်မှသာလျင် အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက် ပညာရေးသင်တန်းကျောင်းများဖွင့်လှစ်၍ မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တပ်မတော်သားမိသားစုဝင်သားသမီးများ၏ ပညာရေးကို အမြဲမပြတ်အားပေးလျက်ရှိပြီး ထူးချွန်စွာအောင်မြင်သူများကိုလည်း ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်မတော်မှဖြည့်ဆည်းဆောင်ရွက်ပေးသည့် သက်သာချောင်ချိမှုရှိသကဲ့သို့ မိမိတို့တစ်ဦးချင်းအလိုက် မလိုလားအပ်သည့် အသောက်အစားအပျော်အပါးများကို လျှော့ချခြင်းဖြင့်လည်း ငွေကြေးကုန်ကျမှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကာ သက်သာချောင်ချိမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိကြစေလိုကြောင်း၊ သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားပြီး တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံခန့်ခွဲသည့် ခေါင်းဆောင်အသီးသီးမှစနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လက်အောက်မှလည်း စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း။
တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်လျက်ရှိသကဲ့သို့ မိသားစုများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာတပ်များအလိုက် လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြကြောင်း၊ ထိုကဲ့သို့နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများ အားလုံး၏နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းအနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သဖြင့် အများသူငှာလုပ်ဆောင်နိုင်ရန်ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်လိုကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း။
စည်းကမ်းဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန်တိုက်တွန်းခြင်းနှင့် မဖြစ်သင့်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်တွင် ထုတ်ပြန်ထားသည့်စည်းကမ်းများကို လိုက်နာ၍ စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ပတ်ဝန်းကျင်တွင် စိတ်လက်ပျော်ရွှင်စွာဖြင့် တာဝန်များကိုကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မကြာမီတွင် စာမေးပွဲဖြေဆိုသည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးလိုအပ်သည်များ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင်လည်း လူငယ်နှင့်ပတ်သက်သည့်သင်တန်းများ၊ အမျိုးသားရေး စရိုက်လက္ခဏာကိုတိုးမြင့်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေနိုင်မည့် သင်တန်းများ၊ လှုပ်ရှားမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
#News
Join – https://t.me/MyanmarNationalPost