ငါးခြောက်တစ်ပြား ရဲ့ သစ္စာ
နွေဦး
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၅
သစ္စာ ဆိုတဲ့ စကားက ခိုင်မြဲခြင်းယုံကြည်ခြင်းလို့ပဲ အနက်ထွက်မယ်ထင်တယ်။ ရဟန်းပညာရှိလူပညာရှိတို့ ဒီထက်ပြည့်စုံအောင် အလင်းပြကြပါအုံး။
သစ္စာ က သူ့ချည်းသက်သက် ရပ်တည်တာမဟုတ်ဘူး။ ခေတ်တွေစံနစ်ဆီုးတွေကြားမှာ ခေတ်စကားနဲ့ပြောရရင် အများစုကြီးပါဝင်လာအောင် Motivated , motive power ရလာအောင် လုပ်ယူရတဲ့အရာပဲတနည်းပြောရရင် သစ္စာ..အမှန်ဖြစ်ခြင်းပဲ။
လူသားရဲ့သမိုင်းမှာ အဖိနှိပ်ခံလူထုကြီးဟာ ငါတို့ဟာ မင်းတို့အုပ်ချုပ်သူလူတန်းစားတွေနဲ့ ဘာမှမကွာခြားဘူး၊ ငါတို့မှာလည်း မွေးရာပါအခွင့်ရေးတွေရှိတယ်လို့ …ကြွေးကြော်ကြတဲအခါ အုပ်စီုးသူလူတန်းစားဟာ ဖိတ်ဖိတ်တုန်အောင်ကြောက်ကြတယ်။ မကြားချင်ဘူး နားခါးကြတယ်။
( ၂)
ကမ္ဘာလောကဆိုတာ ရုပ် နဲ့ စွမ်းအင်သဏ္ဌာန်တွေ အမြဲမပြတ် တရစပ်ပြောင်းလဲနေတဲ့သဘောပါ။ အရည်အတွက်ဖြစ်စဉ်ကနေ အရည်ချင်းဖြစ်စဉ် ကို တိုးတက်ပြောင်းလဲလာတဲ့ လူသားသမိုင်းက ငြင်းပယ်၍မရပါ။
တိရစ္ဆာန်နဲ့ ကွာခြားတဲ့ လူသားရဲ့ ဇိီဝဗေဒမျိုးစိတ်။ လူတစ်ဦးချင်းအစုအဖွဲ့ အသင်းအပင်းတခုချင်းစီရဲ့ဗီဇအခြေခံ။ လူသားတွေရဲ့ မွေးဖွားကြီးပြင်းတဲ့ သူတို့နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ကျော်လွှာရတဲ့ယဉ်ကျေးမှုနောက်ခံတွေ။ လူသားမျိုးနွယ်စုအသီးသီးရဲ့ (Pluralism) လူအဖွဲ့အစည်းအလိုက် လွတ်မြောက်လိုတဲ့စိတ်က စပေ့စ်တွေကို ရုံးကန်တွန်လှန်ချဲ့ထွင်ကြတယ်။
အဖွဲ့အစည်းတိုင်းရဲ့ ဉာဏ်သစ်လောင်းလှုပ်ရှားမှုတွေ ဒီအားကွန်ယှက်တွေဟာ လူအဖွဲ့အစည်းကို ပိုပြီး (Dynamic Equilibrium) အုပ်ချုပ်သူနဲ့ အုပ်စီုးခံတွေကြားမှာ မျှတတဲ့ မျှခြေတခုစီကို ရွေ့တဲ့ “စပေ့စ်”တခုဆီကို Pluralism သဘောကပဲ သယ်ဆောင်သွားတာပါ။
လူသားဟာ ဒီလို ရုံးကန်တော်လှန်မှုကနေ Maturity, Diversity, Creativity ဆိုတဲ့ အဆင့်တွေကိုတက်လှမ်းလာခဲ့ကြတာပါ။
အဲဒီနေရာမှာ ကျနော်ပြောချင်တာက Pluralism အများဆိုင်ဝါဒကိုရှေ့ရှုတဲ့ လူတဦးချင်းဆိုင်ရာ စံတန်ဖိုး လူအဖွဲ့အစည်း အသင်းအပင်းရဲ့အကျိုးကိုလိုလားတဲ့ “စံတန်ဖိုး” တွေကို ဖော်ဆောင်ကြတဲ့အခါ လွယ်လွယ်နဲ့တော့ ခေတ်တိုင်းစံနစ်တိုင်းမှာ မရခဲ့ပါဘူး။
အသက်တွေ သွေးတွေ တောင်လိုပုံအောင်တိုက်ခဲ့ကြရတာပါ။ ဒီလို ခေတ်တိုင်း စံနစ်တိုင်းမှာ( Trust Building)ယုံကြည်ခြင်းကိုတည်ဆောက်ကြတယ်။ တို့အဘိုးအဘွားတွေဟာ ကျွန်ပိုင်ရှင်ခေတ်အောက်က လွတ်မြောက်ဖို့၊ ကိုလိုနီနယ်ချဲ့အောက်က လွတ်မြောက်ဖို့၊ ဖက်ဆစ်စံနစ်အောက်ကလွတ်မြောက်ဖို့…သွေးတွေမျက်ရည်တွေမိသားစုဘဝတွေနဲ့ သစ္စာပြုခဲ့ကြတယ်။ ၂၁ ရာစုရဲ့ဆီးရီးယားနွေဦးတော်လှန်ရေးရဲ့အောင်ပွဲကို ကမ္ဘာကြီကမေးခွန်းထုတ်နေတယ်။
ဆီးရီးယားကလူကလေးရေ
မင်းဟာ စာသင်ကျောင်းထဲမှာ ဒါဝင်.”သီအိုရီ ကို လွတ်လပ်ဂီတ နဲ့ ငြင်းခုံခွင့်ရပမလား….
လူလေးရေ.. လူသားရဲ့ တန်းတူတဲ့အခွင့်အရေးတရားမျှတခြင်း။ လွတ်လပ်စွာယုံကြည်ခြင်း။
ငြင်းပယ်ပိုင်ခွင့် ..ဆိုတဲ့မွေးရာပါအခွင့်အရေးတွေအတွက် မင်းဟာ သစ္စာဆိုရအုံးမယ်…
ရွှေဘိုလွင်ပြင်က လူလေးရေ ..တူမီးနဲ့စခဲ့တဲ့ မင်းတို့တော်လှန်စစ်..က
တနေ့တော့နိုင်ကိုနိုင်ရမယ်လို့ ငါတော့ယုံကြည်တယ်။
စစ်ကိုင်းက အဘမြ ပြောသလို..
ဖက်ဆစ်သရဲတွေက သူတို့ပါတဲ့. အီးကိုနားထင် ကို သေနတ်ကြီးတေ့ပြီး.. အီးမွေးတယ်လို့ယုံကြည်ခိုင်းနေတာကွ..
“သတ်ချင်..သတ်ကွာ .ငါကတော့ ယီးမှ မမွေးနိုင်ဘူး..စစ်ကိုငါတို့ခေါ်ခဲ့တာမဟုတ်ဖူး
ဒင်းတို့တသိုက် အာဏာငန်းဖမ်းလို့ ကွ.””
လူထုဆံတဲ့အဘမြစကားက တို့ရွာကဂျန်းဇီးတသိုက်ကို တူမီးကိုင်စေခဲ့တာပဲ။
ရွှေဘိုလွင်ပြင်က လူလေးရေ “သစ္စာခိုင်မှ အောင်မယ်”ဆိုတာ ကိုကျေးလက်ပုံပြင်တစ်ပုဒ်နဲ့ ပြောချင်တယ်။
ဒီပုံပြင်ဟာ အများအကျိုးကိုလိုလားတဲ့ စိတ် စေတနာ တခုက ဦးဆောင်ဦးရွတ်ပြုတဲ့ လူတယောက်အကြောင်းပါ။
တခါက ရွာတရွာမှာ ဂါထာမန္တန်ထက်တဲ့ ဆေးဆရာတဦးရှိတယ်။
သူမသေခင် သူ့ရဲ့ဆေးပညာကို နှောင်းလူတွေကို သင်ပေးချင်တယ်လို့ကြေညာတော့ အရပ်ရှစ်မျက်နှာကလူတွေဟာ ဆရာဆီ ဆေးပညာသင်ဖို့လာကြတယ်။
အဲဒီခေတ် ပညာတတ်တွေနဲ့ ငွေကြေးဥစ္စာပြည့်စုံတဲ့သူတွေက အများစုလာကြတာပေါ့။
ဒီထဲမှာ ..ပညာမဲ့ ငွေကြေးဆင်းရဲလွန်းတဲ့ သူရင်းငှားတဦးလည်းပါတယ်။ အရပ်ရပ်ကလာတဲ့ ငွေကြေးပြည့်စုံသူတွေက ဆရာကို ရွှေငွေတံစိုးလက်ဆောင်အမျိုးမျိုးနဲ့ ဆရာကြီးကို ကန်တော့ကြတယ်။
လူဆင်းရဲ ရိုးရိုးအအ သူစာရင်းငှားက ဆရာကြီးကို သူရွာမှာဖမ်းလို့ရတဲ့ ငါးတစ်ကောင်ကို ရင်ခွဲဆားပက်ပြီ အခြောက်လှန်းလို့ရတဲ့ ငါးခြောက်ပြားတစ်ကောင်နဲ့ ဆရာကြီးကို ကန်တော့တယ်။
ဆရာကြီးက စိတ်ဆီုးတာပေါ့။ သူက ဆေးပညာအများကြီးသင်ပေးပြီတော့ သူ့ကိုကြတော့ ငါးခြောက်တပြားနဲ့ ကျေးဇူးပြုတယ်ဆိုပြီစိတ်ဆိုးတယ်။
လူတိုင်းကို ဆေးပညာအပြင် ဂါထာတစ်ပုဒ်ပါသင်ပေးတဲ့ ဆရာကြီးက စိတ်ဆိုးဆိုးနဲ့သူစာရင်းငှားကိုတော့ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။
ဆရာကြီးက တခြားတပည့်ပရိတ်သတ်ရှေ့ ကျယ်ကျယ်လည်း မပြောရဲဘူးပေါ့။
(၃)…
အရှက်အကြောက်ကြီးတဲ့ အပျိုးကြီးတဦးက ပါးစောင်မှာ ပြည်တည်နာ ပေါက်တယ်။
ဒီတော့ ရွာစဉ်လှည့်ပြီး ဆေးဆရာပေါင်းမြောက်မြားစွာနဲ့ဆေးကုသမှုခံယူတယ်။ ဆေးဆရာတွေထဲမှာ ဆရာကြီးရဲ့တပည့် ချမ်းသာတဲ့ ဆေးဆရာတွေလည်းပါတယ်။
ဒါပေမဲ့ သူမရောဂါက မပျောက်ဘူး၊ အရှက်ကြောက်ကြီးတဲ့အပျိုကြီးက ပါးစပ် ဟပြဖို့ကိုလည်း ရှက်တယ်။ နောက်တော့ ရွာအပြင် ကွင်းထဲမှာနေတဲ့ စာရင်းငှား ဆင်းရဲသားဆေးဆရာဆီရောက်သွားတယ်ပေါ့။
သူဆင်းရဲဆေးဆရာက လူနာကိုရှေ့ထားပြီး ဘုရားရှေ့ သစ္စာဆိုတယ်။ ဒီဆေးပညာကို သူ သင်ကြားရခြင်းဟာ ငွေကြေးဥစ္စာနဲ့ ဂုဏ်ကျော်ဇောခြင်းကို အလိုရှိခြင်းကြောင့် သင်ကြားခဲ့ခြင်းမဟုတ်ပါ။ ဘုရား..တပည့်တော်ဟာ. လူအများ ရောဂါဝေဒနာ ပျောက်ကင်းသက်သာခြင်းကို သာ အလိုရှိပါတယ်ဘုရား။
အဲဒီလို ဆေးဆရာက သစ္စာဆိုပြီး လူနာရဲ့ပါးကိုမန်းဆေးတွေလိမ်ပေးတယ်။
ပြီတော့ လူနာရဲ့ နားအနားကိုကပ်ပြီး ဂါထာမန္တာန်ကို ခပ်တိုးတိုးရွတ်တယ်။ ဆေးဆရာက ဉုံ ခံပြီး သုံးကြိမ်ရွတ်တယ်။ လူနာအပျိုကြီးက ပထမတကြိမ်က မသဲကွဲတော့ သေသေချာချာမကြားလိုက်ရဘူး။ နောက်နှစ်ကြိမ်မှာ …
” ဉုံ…ငါးခြောက်တပြား -ီးလုပ်ဖို့လား..
ဉုံ..ငါးခြောက်တပြား -ီး လုပ်ဖို့လား”” ဆိုတဲ့ ဂါထာမန္တာန်ကို လူနာရှင်အပျိုကြီးက သေသေချာချာကြားလိုက်ရတော့ ..ပါးစပ်ကို ဟပြီး ရယ်တယ်။ ပါးစပ်ကို အားစိုက် ဟ လိုက်တော့ ပြည်တည်နာက ပြည်ပေါက်သွားတယ်။
ခပ်အအ ရိုးသားတဲ့ ဆေးဆရာက သူဆရာကြီး စိတ်ဆိုးပြီးပြောတဲ့စကားကို သူ့စိတ်ထဲ ဂါထာလို့ပဲ ထင်ပြီး ရိုးရိုးသားသားယုံကြည်တာကိုး။
ကဲ..စာဖတ်သူတို့ရေ
သစ္စာဆိုခြင်းကို ကြောက်တဲ့ခေတ်ကြီးမှာ ဖြန့်ကျက်စဉ်းစားအတွေးနယ်ချဲ့နိုင်ကြပါစေ။
ကဲဗျာ..
ကဗျာကို ချစ်တဲ့သူဆိုတော့ ကိုယ်ကြိုက်တဲ့ သူများကဗျာလေး တစ်ပုဒ်ကို ရွတ်မယ်ဗျာ။
ကဗျာဆရာညိုမောင် ရဲ့ကဗျာ။
ကဗျာကလည်း ငါးခြောက်ဒဿနပဲဗျ။
ခေါင်းစဉ်ကတော့…တော်လှန်စစ် ကို ညွန်းဖွဲ့တာ။
တရားမျှတခြင်းမှမရှိရင် .တော်လှန်စစ်က ရှိနေဦးမယ်။ ကဗျာက..ဟိုက္ကူဟန်နဲ့ နှစ်ကြောင်းထဲ…
“”ပြည်တွင်းစစ်””
ငါးခြောက်တစ်ကောင်
ပလောင် တကျိပ်။
(ညိုမောင်)
* နိုင်ငံရေးဆွေးနွေးမှုက လိုအပ်ပါသည်။
သို့သော် …လက်ဆွဲနှုတ်ဆက်ခြင်းရှိသော်လည်း တဖက်က လက်သီးဆုပ် ဖြေမှုမရှိရင်
(Equability,Equal Opportunity ) တော်လှန်စစ်က ဖြစ်နေအုံးမယ်။
နွေဦး
၁၉.၁.၂၅