ylliX - Online Advertising Network
လင်းလက်နွေဦး- ရင်ခွင်အလယ် စိုက်ထူထားတဲ့ အလံတော်

လင်းလက်နွေဦး- ရင်ခွင်အလယ် စိုက်ထူထားတဲ့ အလံတော်


Art by Than Htay Maung

ရင်ခွင်အလယ် စိုက်ထူထားတဲ့ အလံတော်

လင်းလက်နွေဦး

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၅

 ‘ဆရာမ’က ကျနော်တို့ မျက်နှာတွေကို တလှည့်စီ လိုက်ကြည့်ရင်း ပြောလာတယ်။ ‘မင်းတို့ ဆရာကြီးကို ပြောတယ်၊ အဲကို ထပ်မသွားဖို့ပေါ့၊ သူက (၂)နှစ် လာလုပ်ပါ့မယ်လို့ အာမခံထားတယ်ဆိုပြီး ဇွတ်ထွက်သွားတယ်’။ ဆရာကြီး၊ ကျောင်းအုပ်ဆရာကြီး။ ပင်စင်ရခါနီး (၂)နှစ်အလို၊ စီဒီအမ်ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်မှုကို မတွန့်မဆုတ် လုပ်ခဲ့တယ်။ ကျနော်ကလည်း စီဒီအမ် လုပ်ပြီး၊ ဈေးသည်ကြီး လုပ်နေတဲ့ အချိန်၊ ဆရာနဲ့ မကြာခဏ တွေ့တတ်တယ်။ တခါက မနက်အစောကြီး ဆရာတပည့်နှစ်ယောက် လမ်းလျှောက်ရင်း ဆုံကြတော့၊ လက်ဖက်ရည်ဆိုင် ရောက်သွားတယ်။ ‘ဆရာ ကျနော့်မှာ ပိုက်ပိုက် မပါဘူးနော်’ဆိုတော့၊ ဆရာက ရယ်ရင်း ‘ငါ့မှာ ဘတ်ဂျပ် ရှိပါတယ်ကွ’တဲ့။ ရှေးဟောင်း နှောင်းဖြစ်တွေထဲ စီးမျှောသွားလိုက်တာ နေအတော်မြင့်သွားတယ်။ ‘မင့် ဆရာမက တွယ်လိမ့်မယ်’ဆိုပြီး ထပြန်သွားလေရဲ့။

‘ဆရာမ’က ငယ်ဆရာမ။ ငါးတန်းခြောက်တန်းတုန်းက သင်္ချာသင်ပေးတဲ့ ဆရာမ။ သဘောမနှောကောင်း၊ တပည့်တွေကို ချစ်တဲ့ ဆရာမ။ ဆုံလိုက်တိုင်း၊ ‘မင်းက ဘယ်သူ၊ ဘယ်သူဘယ်ဝါတွေနဲ့ အတန်းတူပဲ၊ အဲကောင် ဘယ်ရောက်နေလဲ၊ မင်းကော နေကောင်းလား’ ဘာညာနဲ့ လမ်းပေါ်မှာတင် ဝတ်တန်းကျေတတ်တဲ့ ဆရာမ။ ဆရာမက ဆရာ့ထက် အသက်ကြီးတယ်။ ဆရာမ ပင်စင်ရပြီးတာ အတော်ကြာမှ အာဏာသိမ်းမှုကြီး ဖြစ်တာကိုး။ ပင်စင်စား ဆရာမကြီး၊ အိမ်က စံပယ်ပန်းတွေ ခူးလို့ သီလို့ ပန်းကုန်းတွေကို ဈေးလာရောင်းလေ့ရှိတယ်။ တနေ့ လိုင်းကားပေါ်က ခရီးသည်ပေါ့၊ ပန်းဝယ်ချင်လို့ ‘ပန်းသည်အဒေါ်ကြီး’လို့ လှမ်းခေါ်လိုက်တယ်။ ဆရာမ စိတ်ထဲ ဝမ်းနည်းသွားသလိုကြီး ခံစားရတယ်တဲ့။ ရွာက လူတွေဆိုတာ၊ တလေးတစားနဲ့ ဆရာမကြီး ခဏ လာပါအုံးလို့ပဲ ခေါ်တာလေ။ အပြင်သူစိမ်းတွေကတော့ ဘယ်သိမလဲ၊ အဲတော့ ပန်းရောင်းတော့ ပန်းသည်ကြီးပေါ့။ ‘ဒါပေမယ့် ငါ့ စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး’တဲ့၊ ရင်ဖွင့်လာဖူးတယ်။

ဆရာက ထူးချွန်အထက်တန်းကျောင်းသား။ ဆရာမက သစ်လွင်ဆရာမလေး၊ ရွာကျောင်းကို ရောက်လာ တယ်။ မူလတန်းဆရာမလေးကို အထက်တန်းကျောင်းသားလေးက ‘ရည်စားစာ’ပေးသတဲ့။ တူးတူးခါးခါး ပြော မလွှတ်ရက်ဘူး။ ‘ဟဲ့ ဒီမယ်၊ ဆယ်တန်းဆိုတာ နတ်ကြီးတယ်၊ နှစ်ချင်းပေါက် အောင်အောင် ကြိုးစား’လို့ ပြောလိုက် တယ်။ အဲနောက်၊ ဆရာမက အနေအထိုင် ပိုဆင်ခြင်သွားတာပေါ့။ ကျောင်းလာရင်လည်း အဖော်ဆရာမတွေနဲ့ လာ။ ပြန်ရင်လည်း တစ်ယောက်တည်း မပြန်တော့ဘူး။ အထက်တန်းကျောင်းဆောင်ဘက်လည်း မလိုအပ်ဘဲ ခြေ ဦးမလှည့်တော့ဘူး။ ကျောင်းသားလေး အဝေးက ‌‌ငေးပေါ့လေ။ ဆွေးနေငေးနေလွန်းလို့၊ တနေ့ ကျောင်းသား မအေ လုပ်သူက ဆရာမလေးကို လာတောင်းပန်သတဲ့။ စာလေးတစ်စောင်လောက် ရေးပြီး နားချပေးပါပေါ့။ ဆရာမလေး ‘ငိုင်’သွားတယ်။ စဉ်းစားတယ်။ အချိန်အတန်ကြာတော့မှ စာတစ်စောင် ကောက်ရေးပေးလိုက်ပါတယ်။

‘မောင်ထွန်း… ရေ၊ ပညာဆိုတာ ငယ်တုန်း ပြည့်စုံအောင် သင်ကြားလေ့လာရတယ်။ မင်း… ဘုရင် ဖြစ်အောင်သာ ကြိုးစားပါ၊ မိဖုရားဆိုတာ အလိုလို ခစားလာမှာပေါ့။ မင်း ထူးချွန်ထက်မြတ်တဲ့ ကျောင်းသား ဖြစ်အောင် စာကြိုးစားပါ။ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့ မင်းကို လာတွေ့မယ်’

ဒီလို ရေးပေးလိုက်တယ်။ စာရေးပေးတဲ့ ဆရာမက မမှတ်မိတော့ဘူး၊ ဆရာက ဒေါက် ဒေါက်၊ ဒေါက် ဒေါက်နဲ့ ရွတ်ပြဖူးတယ်။ ခပ်ထွေထွေဖြစ်နေတဲ့အခါတိုင်းပေါ့။ ဟုတ်တယ်၊ ဆရာက သဘောမနှောကောင်းတယ်၊ ဉာဏ်ကောင်းတယ်၊ စာသင်ကောင်းတယ်။ ဘာလို့လည်း မသိဘူး၊ ထန်ရည်တော့ အတော်ကြိုက်တယ်။ ရွာကျောင်း လေးအပေါ်လည်း အတော် သံယောဇဉ်ကြီးရှာတယ်။ ဆရာမနဲ့ အိမ်ထောင်ကျပြီး၊ ကျောင်းဆရာ ဖြစ်ပြီဆိုက တည်းက ရွာကျောင်းမှာပဲ။ ဟုတ်တယ်၊ ဆရာက ဆယ်တန်း နှစ်ချင်းပေါက် အောင်ရုံမက၊ သင်္ချာဘာသာနဲ့ ဂုဏ်ထူး တစ်ခုပါတယ်။ ဆရာတို့တုန်းက ‘ဆယ်တန်းအောင်’ ဆိုတာ အတော်ရှားကိုး။ အဲတုန်းက ရွာမှာ အလယ်တန်း အဆင့်ထိပဲ ရှိတယ်။ ကျောင်းသားဦးရေ များလွန်းလို့၊ ဆရာတွေ ကျောင်းသားမိဘတွေ ဝိုင်းတောင်းဆိုကြတော့၊ တွဲဖက်အထက်တန်းကျောင်းဘဝနဲ့ အကြာကြီးပဲ။ ဆရာတို့ခေတ်က တွဲဖက်အထက်တန်းကျောင်းမှာ ရွာက ငှား ပေးတဲ့ ဆရာတွေနဲ့ သင်၊ ပြီးတော့ မြို့နယ်/ အထက်တန်းကျောင်း စာဖြေဌာန ခေါ်တာပေါ့၊ စင်တာရှိတဲ့ ကျောင်းမှာ သွားဖြေရတာ။

ဆရာက ပြောစမှတ်တွင်တယ်။ မြို့နယ်အထက်တန်းကျောင်းမှာ စာမေးပွဲဖြေသွားရမယ်ဟေ့ ဆိုတော့ အများသူငှာတွေလို ပြဌာန်းစာအုပ်တွေ၊ မှတ်စုတွေ တလှေကြီး သယ်မသွားဘူး။ ဗလာစာအုပ်မှတ်စုစာအုပ် လေးငါးအုပ်ပဲ ပါသတဲ့။ အဝတ်အစား သုံးလေးစုံနဲ့ ဒါပဲ။ သံသေတ္တာကြီးတွေ ထင်းရှူးသေတ္တာကြီးတွေ ပါမသွားဘူး။ အကြောင်းသိ ငယ်ဆရာတွေကတော့ ပြုံးပြုံး ပြုံးပြုံးပေါ့။ အကြောင်းမသိတဲ့ သူတွေကတော့ ‘ဟုတ်ပါ့မလား’ သံသယမျက်လုံးတွေနဲ့ ဝိုင်းကြည့်နေကြတယ်။ သူတကာမိဘတွေကတော့၊ မိဘအုပ်ထိန်းသူတွေပါ လိုက်လာကြ၊ အားရှိဖွယ်ရာလေးတွေ ကောင်းနိုးရာရာ ချက်ပြုတ်ကြော်လှော်ကျွေးကြ။ ဆရာ့မိဘတွေကတော့ သာမာန် အရပ်သားတွေဆိုတော့ မြို့နယ်အထိ မလိုက်နိုင်သလို၊ စားစရာ ဖွယ်ဖွယ်ရာရာလေးတွေလည်း ထည့်မပေးလိုက် နိုင်။ ဆရာ ပြော ပြောနေကျ၊ ငါးပိကြော် ချဉ်ပေါင်ကြော်နဲ့လည်း ဆယ်တန်းအောင်ပါတယ်ကွာ ဆိုသလိုပေါ့။ ကျောင်းသားမိဘတွေ ငှားပေးလိုက်တဲ့ ထမင်းချက်ကြီးတွေ ချက်ကျွေးတာပဲ အားခဲရတာပေါ့လေ။

စာရင်းငှားသားလည်း ခေါင်းတစ်လုံးပဲ၊ ပွဲစားသားလည်း ခေါင်းတစ်လုံးပဲ ဆိုပေမယ့် အာဟာရချို့တဲ့လို့ လား၊ ပင်ပန်းလို့လား မသိ၊ စာမေးပွဲဖြေရင်း နေမကောင်းဖြစ်လို့၊ ဓာတ်ဆားရည်သောက်ရင်း ဖြေရသတဲ့။ အတူ လိုက်ပါလာတဲ့ ဆရာတွေက အခန်းစောင့်ဆရာတွေဆီ ခွင့်တောင်းပြီး ဓာတ်ဆားရည် လာပေးကြတယ်။ ကြက်ဥ ပြုတ်တို့၊ မြူစွမ်တို့၊ ဘီစကစ်တို့ စားရတယ်တဲ့။ စာမေးပွဲ နောက်ဆုံးနေ့မှာ သူများတကာတွေ ပျော်ပွဲစားတွေ ထွက်တဲ့အချိန်၊ တင်းထားတဲ့ အားတွေ လျော့လိုက်တယ် ထင်ပါရဲ့၊ ဆရာ ဖျားသွားတာပဲ။ တကယ်တော့ ‘ဖျားသွား မယ်’ ဆိုတာ အဲကတည်းက သုံးနေကြပြီနော်။ နွားစာရိတ်ရင်း၊ နွားစာစဉ်းရင်း၊ နွားကျွေးရင်း၊ နွား‌ရေခပ်ရင်း စာကျက်ခဲ့ရ။ အာဟာရပြည့်ပြည့်ဝဝ မစားနိုင်။ စိတ်ဓာတ်အင်အားဖြစ်စရာ အိမ်သားတစ်ယောက်မှ မပါဘဲ ဖြေခဲ့ရ တဲ့ အထက်တန်းစာမေးပွဲ၊ မြန်မာနိုင်ငံသားတွေ ပြော ပြောနေတဲ့ ဘဝလမ်းခွဲ လမ်းဆုံဆိုတာကို အားတင်းဖြေဆိုခဲ့ရ တယ်။ မှန်းသလောက်မဟုတ်ပေမယ့်၊ နှစ်ချင်းပေါက်ရုံသာမက ဂုဏ်ထူးတစ်ဘာသာတောင် ပါခဲ့သေးတယ်။ တကယ်တော့ အဲဒီခေတ်တုန်းက နှစ်ချင်းပေါက်တို့၊ ဂုဏ်ထူးတို့ဆိုတာ ရွှေထက်ရှားတဲ့ အောင်မြင်မှုတွေပါပဲ။

‘နင်တို့ ဆရာကြီးနဲ့ အဆက်အသွယ် ပြတ်နေတာ သုံးလကျော်ထဲတောင် ကြာသွားတယ်’ ဆရာမက ဆက်ပြောလာတယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တဲ့ နယ်မြေမှာ လျှပ်စစ်မီး ပြတ်တောက်မှု၊ ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်တောက်မှုတွေဟာ ချက်ချင်း အပြစ်ပေးခံလိုက်ရသလို ပြတ်တောက်ကုန်တယ် မဟုတ်လား။ မသိရင်၊ ဒေသခံပြည်သူတွေ ဝိုင်းတိုက်လိုက်လို့ စစ်ကောင်စီတပ်တွေ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားရတယ် ထင်နေသလား မသိ။ ဒါမှမဟုတ်၊ မင်းဆိုးမင်းညစ်ကို မကြိုက်လို့၊ တိုင်းတပါးသား ဘုရင်၊ အစိုးရ၊ သမ္မတတွေကို ဖိတ်ပြီး နယ်လာချဲ့ခိုင်း၊  ထီးနန်းလာသိမ်းခိုင်းသလိုလို။ တကယ်က ဒေသခံတွေက အာဏာရှင်ဆန့်ကျင်တာတော့ မှန်တယ်။  အလုံးစုံ လွတ်လပ်ရေးကို လိုလားတာတော့ မှန်တယ်။ တော်လှန်ရေးတပ်တွေကို အားပေးတာတော့ မှန်တယ်။ ဒေသခံ ပြည်သူတွေချည်းပဲတော့ တွန်း လှန်နိုင်တာ မဟုတ်ပါဘူး။ ‘မအလ’တတွေ မှတ်ယူရမှာက ပြည်သူတွေဆိုတာ၊ နိုင်ငံသားတွေသာ ဖြစ်တယ်။ ပြည်တွင်းစစ် ဆိုတာ နိုင်ငံသားတွေကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ သင်းတို့ အာဏာရူးပြီး အာဏာသိမ်းလို့ ဖြစ်လာတာ။ စစ်ရှုံးပြီး မြို့တွေ နယ်တွေ အသိမ်း ခံရတာကလည်း သင်းတို့ ညံ့လို့ ခံရတာ။ ဒါကို ဒေသခံပြည်သူတွေအပေါ် အပြစ်ပုံချပြီး၊ မစားရတဲ့ စပျစ်သီးကို ချဉ်တယ်ဆိုပြီး မီးဖြတ်၊ ဖုန်း အင်တာနက် ဖြတ် လုပ်နေတယ်ပေါ့။ ‘ငါနဲ့ မခေါ် ငါ့အရုပ် ပြန်ပေး’ ဆိုတဲ့ ကလေးစိတ်ကောက် လုပ်နေပေမယ့် လျှပ်စစ်မီးတို့၊ ဖုန်းတို့ ဆက်သွယ်ရေး ဘာညာတွေ ဟာ နိုင်ငံသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်တွေသာ ဖြစ်တယ်။

ဒါပေမယ့် သိတော်မူကြတဲ့အတိုင်း၊ စစ်အာဏာရှင်တစ်စုဟာ သူတို့လက်လွတ်လိုက်ရတဲ့နယ်မြေဒေသတွေကို စစ် ကြောင်း ထိုး၊ တွေ့သမျှ ပျိုပျို အိုအိုကလေး လူကြီး ဘုန်းကြီး ကိုရင်သီလ ရှင်မကျန် ပစ်သတ်၊ ပစ်သတ်တာ တော်ပါသေးရဲ့၊ ညှင်းပမ်းနှိပ်စက်ပြီး ကာယိန္ဒြေ ဖျက်ဆီးပြီး ရက်ရက်စက်စက် သတ်၊ ပြည်သူပိုင် တိုက်တာ အိုးအိမ် စည်းစိမ်တွေကို မွှေနှောက်ယူငင်ပြီး မီးရှို့ဖျက်ဆီးကြတယ်။ လူကိုယ်တိုင် စစ်ကြောင်းထိုးမရတဲ့ နယ်မြေ တွေ၊ စစ်ကြောင်းမထိုးရဲတဲ့အခါ လေကြောင်းကနေ ဗုံးကျဲ မီးရှို့ဖျက်ဆီးတယ်နော်။ လေကြောင်းကလည်း ကြည့်ပါ အုံး၊ ကမ္ဘာစစ်ဖြစ်နေတဲ့အတိုင်းပါပဲ ဂျက်ဖိုက်တာတဲ့၊ ဝိုင်တွဲတဲ့၊ အမ်အိုင်သာတီဖိုက်တဲ့၊ အမ်အိုင်ဆမ်တီးတဲ့ မကြားဖူးတဲ့ စစ်သုံးလေယာဉ်တွေအကြောင်း နားခါးအောင် ကြားရပြီ။ ခုတလော အဖျက်သမားတွေ ပို တိုးတက်လာ တယ်။ စစ်တပ်သုံး ဒရုန်းတွေတဲ့၊ သာမာန်တပ်ခွဲ တပ်စုထဲမှာတောင် ဒရုန်းမောင်းသမားတွေ ပါတယ်။ လူမိုက် ဇာတ်လမ်းတစ်ပုဒ် ကြားဖူးတယ်၊ သူ့ဓားကို စိတ်ကြိုက်သွေးပြီး ထက်မထက် သိချင်လို့၊ အရပ်ထဲလှည့်ပြီး တွေ့တဲ့ လူကို လိုက်ခုတ်ကြည့်သတဲ့။ ခုလည်း မအလကောင်တွေ ဒရုန်းစမ်းတာ၊ နီးစပ်တဲ့ ရွာတွေ သွားပြီး ဗုံးချကြည့်သတဲ့ လေ။ အော်… ဒုက္ခ ဒုက္ခ။ စကစလည်း လောင်စာဆီ ပြဿနာ၊ ဒေါ်လာပြဿနာ ကြုံရပြီ ထင်တယ်၊ ခု နောက်တမျိုး က စက်တပ်လေထီး ပါရာမိုတာတွေပါ သုံးလာတယ်။ အသိတယောက်က မေးတယ်၊ အဲလေထီးက အောက်က ပစ်ချလို့ မရဘူးလားတဲ့။ ရနိုင်တာပေါ့၊ ဒါကြောင့် သေ နတ်မရှိတဲ့ ရွာတွေ သွားချတာပေါ့လို့။

သီတင်းကျွတ်လထဲ ထင်ပါရဲ့၊ ဆရာနဲ့ ပြန်တွေ့တယ်။ ထုံးစံအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ။ အော်… ဟို တစ်ခါတုန်းကတော့ သိပ်မပြုံးနိုင်ရှာ။ ‘ဟေ့ကောင်ကြီးရ၊ ငါဖြင့် ပျင်းလိုက်တာကွာ’တဲ့။ တသက်လုံး ကျောင်းဆရာ လုပ်လာသူ ဆိုတော့ စာမသင်ရလို့ ပျင်းတာ ထင်ပါရဲ့။ ဆရာမ ပင်စင်လေးနဲ့ ကပ်စားနေရလို့လား။ ဆရာတို့ အိမ်က တကယ်တော့ အစိုးရဝန်ထမ်းတွေချည်းပဲ။ အကုန်လုံး စီဒီအမ်။ ချီးကျူးစရာ ကောင်းလိုက်တာ။ သားသမီးတွေက အာဏာ သိမ်းစတုန်းကတော့ အိမ်မှာ အကုန်လာစုနေကြတာပေါ့။ လ အနည်းငယ်အကြာ၊ စီဒီအမ်တွေကို ဘာလုပ် မယ်၊ ညာလုပ်မယ်တွေ ကြားရ၊ ပြီးတော့ ဝင်ငွေလမ်းကြောင်း တစ်ခုခု ရှာရအုံးမှာမို့၊ သင့်ရာအရပ် ပြောင်းသွားကြ ပြီ။ ဒါကြောင့် မြေးကလေးတွေကို လက်တွဲလိုက်၊ ချီလိုက်ပွေ့လိုက် ဟိုဟိုဒီဒီ မသွားရတော့ဘူး။ ဒီနောက်၊ ဆရာတစ်ယောက် အပိုဝင်ငွေလေးရအောင် နှစ်လုံးသုံးလုံးလေးကော်စားရောင်းနေသေးတယ်။ သိတဲ့လူတွေထဲက ဝါသနာပါသူတွေဆီအလည်လည်း သွားရင်း၊ ထီလည်း ရောင်းရင်းပေါ့လေ။ ဒါပေမယ့် ဆရာနဲ့ကီးသိပ်မကိုက်ပါဘူး။ အများကြီး ပုံအောထိုးရင်လည်း မကြိုက်ဘူး၊ ‘တော်ရောပေါ့ အပျင်းပြေ ငါးရာတစ်ထောင်၊ စီးပွားပျက်လောက်အောင်တော့ မလုပ်နဲ့ မောင်’ တားတယ်။ အကြွေးထိုးလို့ လချီ ကြာသွားရင်လည်း မရဘူး၊ ‘ငါ စားရမယ့် ကော်မရှင်ခက ဘယ်စားရတော့မလဲကွ၊ ငါ့မှာ အလုပ်မရှိလို့ လုပ်နေရတာ’ စိတ်တိုတတ်တယ်။ ဒါကြောင့် ချဲကော်မရှင်ခဟာ မနက် လက်ဖက်ရည်ဖိုး၊ ညနေ ပယင်း ရောင်ဖိုးတောင် မကာမိပါဘူး။

ဈေးသည်ကြီး ကျနော့်ကို ကြည့်ပြီး၊ မေးလာတယ်။

‘မင်း ဒီအတိုင်းပဲ ဈေးရောင်းနေတော့မှာလား’

‘ဆရာကလည်း ကျနော် ဈေးမရောင်းရင် မန်မန် တူတူပုန်းသွားမှာပေါ့။ ဆရာသိတဲ့အတိုင်း ကျနော် နေ့တိုင်း သောက်နေရတဲ့ ဆေးဖိုးတွေက နည်းမှ မနည်းတာကြီး’

‘ဟုတ်တာပေါ့၊ ငါတော့ စာမသင်ရလို့လား မသိဘူး မနေတတ်ဘူး၊ မင်း သိတဲ့အတိုင်း ငါက ကျောင်းအုပ် သာ လုပ်နေတာ ကိုယ်တိုင် ဝင်သင်လိုက်ရမှ’

‘အာ့ဆို မြို့ပေါ်က ဘော်ဒါဆောင်တခုခုမှာ သွားသင်ပါ့လား၊ ကျနော်တို့ဆီက ဆရာမတစ်ယောက် ဦးစီး ဖွင့်နေတာလေ’

‘ငါ စဉ်းစားပြီးပြီ၊ ဒါလည်း အရာကြီးနဲ့ ကုလားကြီးပဲ ကွာတာပါကွာ၊ စကစလက်အောက်ပါပဲ’

အော်… ဆရာ၊ ဆရာ တကယ့်စီဒီအမ်အရင့်အမာကြီး။ နောက်ရက်များမကြာမီ၊ ၁၀၂၇ စစ်ဆေးရေး နောက်ပိုင်းကာလပေါ့လေ၊ လွတ်မြောက်နယ်မြေတွေမှာ ထမ်းဆောင်နိုင်မယ့်ဝန်ထမ်းခေါ်စာတွေ ဆိုရှယ်မီဒီယာ တွေပေါ်ကမှာ ပလူပျံလာပါတယ်။ တနေ့၊ ဆရာ ဆိုင်ရောက်လာတယ်။ ဖုန်းထုတ်ပြီး၊ ဖေ့ဘုတ်ဖွင့်ပြတယ်။ အလုပ်ခေါ်စာတွေ။ ကျနော့်ကိုလည်း တတ်မြောက်ထားတဲ့ ပညာတွေနဲ့နိုင်ရာတာဝန်ထမ်းပါ့လားတဲ့။ ဘယ်နေရာ ဘယ်ဒေသမှာလိုအပ်နေပြီပေါ့။ ကျနော် တွေဝေငေးငိုင်နေတုန်း၊ ‘ငါကတော့ ငါ့အသိမိတ်ဆွေတွေက ခေါ်လို့ အလုပ် လျှောက်လိုက်ပြီ’ တက်ကြွရွှင်လန်းသံကြီးနဲ့ ပြောလာတယ်။ ကျနော်ကတော့ ကျနော့်အခြေအနေကို နားလည်ပါ တယ်၊ ငါသာ လွတ်မြောက်နယ်မြေရောက်ရင်၊ အားလုံးက ငါတယောက်အတွက်ပဲ ငဲ့နေရမယ်။ အစားအသောက်၊ အနေအထိုင်တော့ ထားပါတော့၊ သောက်လက်စဆေးတွေ လစဉ်မပြတ်ရအောင် မနည်းလုံးပမ်းနေရမယ်။ ဒါကြောင့် မငြိမ်းချမ်းတဲ့ နယ်မြေထဲ လူးသာလွန့်သာ နေပြီး၊ တလရကို တတ်စွမ်းသမျှ လုပ်မယ်ပေါ့။ ဆရာ သွားရင် တော့ တတ်နိုင်တာလေးတွေ ထည့်ပေး လိုက်အုံးမယ်လို့ တွေးမိတယ်။

ဒါပေသိ၊ ဆရာ ဘယ်အချိန် ဘယ်နေရာကို ထွက်သွားမှန်းတောင် မသိလိုက်ဘူး။ ‘ဆရာမ’က ဘယ်ဆီ ဘယ်ဝယ်မသိ ငေးမိငေးရာ ငေးနေရင်း စကားဆက်ပြောလာတယ်။

‘တနေ့တော့အေ သမီးလေးတစ်ယောက်က ဖေ့ဘုတ်ကနေ ဆရာမလေးတစ်ယောက်နဲ့ အသိဖြစ်လာ တယ်။ စီဒီအမ်ဆရာလေးပဲ။ သူ့အသိတစ်ယောက်ရဲ့ သူငယ်ချင်း။ အဲဒီဆရာမလေးက သူ အလုပ်လုပ်နေတဲ့ ဒေသ အကြောင်းလေးတွေ၊ ဓာတ်ပုံလေးတွေ ပို့စ်တင်တာပေါ့။ ဒါကို မြင်ပြီး၊ နင်တို့ တူမလေးက မက်ဆင်ဂျာကနေ စကားသွားပြောတယ်တဲ့။ ဒီတော့မှ ဒီက ဆရာကြီး အဲရောက်နေတယ်၊ နေထိုင်ကောင်းတယ်၊ အဆင်ပြေတယ် လို့ သိလိုက်ရတာ။ သူတို့ကလည်း တော်လှန်ရေးရဲဘော်တွေထဲ စတားလင့်ဆိုလား သွားသုံးရသတဲ့။ နင်တို့ဆရာကြီး က လိုင်းမှ မသုံးတတ်တာ။ ဒီတော့ တဆင့်ခံနဲ့ ဆက်သွယ်ရတာပေါ့။’

ဘယ်လိုပဲဖြတ်တောက်ပိတ်ဆို့ပါစေ၊ လူတယောက်ရဲ့ဆန္ဒဆိုတာ ပိတ်ဆို့တားဆီးလို့မရနိုင်ဘူး မဟုတ်လား။ လူအုပ်စု၊ လူတွေအများကြီးစုပေါင်းထားတဲ့ ပြည်သူတွေရဲ့ဆန္ဒဆိုရင် အတိုင်း ထက်အလွန်ပေါ့လေ။ တားဆီးပိတ်ဆို့မရနိုင်ပါဘူး။ ဒါကြောင့် ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရတဲ့ကြားတဲ့မိသားစု ပြန်လည် ပေါင်းစည်းရေးတွေ ဖြစ်လာပါတယ်။ ဆက်သွယ်ပေါင်းစည်းရေးဟာ အကျိုးအကြောင်းသာမက ပျော်ရွှင်စရာတွေ၊ မျှော်လင့်ချက်တွေပါ ရင်ဘတ်ချင်း ဂျက်ပင်ထိုးလာနိုင်တယ်။ ဆရာကပြောတယ်၊ သူ ရောက်နေတဲ့ဒေသ အကြောင်း၊ ရိုးသားဖော်ရွေတဲ့ တိုင်းရင်းသားတွေအကြောင်း၊ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးတဲ့ အကြောင်း။ သူ နေတဲ့ အိပ်ဆောင်၊ သူ စားတဲ့ စားဖိုဆောင်၊ အနာဂတ်ရောင်ခြည်သန်းနေတဲ့ သူ့ တပည့်တပန်းတွေ … ‘ငါတို့ဆီလည်း ဒီလို လွတ်လပ်ချင်ပြီတဲ့။ ဒီမှာ ဘာမှ ကြောက်ကြောက်ရွံ့ရွံ့ မနေရတော့ဘူး။ ဒုက္ခပေးမယ့်သူ မူးလို့ရှူစရာ မရှိတော့ဘူး’တဲ့။ ‘ဒီတော့ ငါက ပြန်ပြောလိုက်တာပေါ့’၊  ဆရာမက ပြောတယ် ‘ မောင် ထွန်းရယ်… ဒုက္ခပေးမယ့်ကောင်တွေဆိုတာ မူးလို့ ရှူစရာလားဟဲ့’လို့။

‘ဆရာမ’က သူ့ထက် လေးငါးခြောက်နှစ်လောက် ငယ်တဲ့ မောင်လေးအရွယ်နဲ့ အိမ်ထောင်ကျထားတာမို့၊ သူ့ယောကျ်ား ကျနော်တို့ ဆရာကို ‘မောင်ထွန်း’လို့ ခေါ်ပါတယ်။ ဆရာမရဲ့ ထိန်းထိန်းသိမ်းသိမ်း ရေးပေးလိုက်တဲ့ ‘စာ’ကို ဖတ်ရပြီး ရွှင်လန်းတက်ကြွလာတဲ့ မောင်သောင်းထွန်းဆိုတဲ့ လူငယ်လေးဟာ ပင်ကိုယ်အရည်အသွေးတွေ ပြန်လည် တောက်ပလာပါတယ်။ အတန်းထဲ ဝမ်းတူသရီးထဲ ပြန်ပါလာတယ်။ ပြောခဲ့တဲ့ အတိုင်း စာစစ်ဌာန ဖြစ်တဲ့ မြို့နယ်အထက်တန်းကျောင်းမှာ သွားဖြေရတော့လည်း တက်တက်ကြွကြွနဲ့ ဖြေဆိုနိုင်ခဲ့တယ်။ အချစ်စွမ်းအား တွေပေါ့လေ။ ကျနော် တွေးမြင်ကြည့်တယ်၊ ‘အိပ်စက်သွားတဲ့ ငါ့နှလုံးသား… မင်းနဲ့ကျမှ နိုးလာပြီ… ကွဲအက်သွားတဲ့ အသည်းဒဏ်ရာ… မင်းရဲ့လက်နဲ့ ပျောက်ကုန်ပြီ…’ အချစ်သီချင်းလေးတွေ တိုးတိုးညည်းရင်း စာတွေ လုပ်နေမယ့် ဆရာကိုပေါ့။

အထက်တန်းကို သင်္ချာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီးနောက်၊ ဆရာက ကျောင်းဆရာ ဝင်လျှောက်လိုက်တယ်။ ကျောင်းဆရာ ဝင်လုပ်မယ်၊ စာပေးစာယူနဲ့ ဘွဲ့ယူမယ်ပေါ့။ ဝင်ငွေလေးနဲ့ မိဘလည်း ကူညီရာရောက်၊ ချစ်တဲ့ ဆရာမလေးနဲ့လည်း နီးစပ်အောင် ရည်ရွယ်တာပါ။ ဒါပေမယ့် သစ်လွင်ဆရာလေး မှန်းသလို ဖြစ်မလာဘူး ထင်ပါ ရဲ့။ ဆရာမက ဆုံးမပြန်တယ်၊ ‘အခုမှ ငယ်ငယ်လေးရှိသေးတယ်၊ မိဘလုပ်ကျွေးအုံး’တဲ့။ ဆရာ့အချစ်ကို လက်ခံလိုက်ပေမယ့်၊ လူချင်းကတော့ ကျောင်းမှာပဲ ဆုံရရှာတယ်။ လူငယ်ပဲ တက်ကြွမှာပေါ့၊ ‘… စိတ်ကူးယဉ် ဖိတ်စာထဲမှာ အိပ်ရာလည်း ပါ… ဇာခြင်ထောင် စုံစွာ… သနပ်ခါးကျောက်ပျဉ် မိတ်ကပ်မကျန်ပါ…’ ။ ဒါပေမယ့် ဆရာမလေးက စည်းကမ်းကြီးတယ်၊ ကျောင်းမတက်ခင် ဆယ်မိနစ်လောက်ပဲ စောလာတယ်။ အိမ်လည်း လာမကြိုနဲ့၊ လူကြီးတွေ မျက်စိနောက်လိမ့်မယ်။ လိုက်ပို့ရင်လည်း အိမ်နားအထိပဲ လိုက်ပို့။ စကားပြောချင်ရင် နားနေခန်းထဲ လာပြော။ ‘ဒီလိုကြီး’ဟ ဆရာက ပြူးတူးပြဲတဲနဲ့ ပြောဖူးတယ်။

ရည်စားဖြစ်ပြီး (၂)နှစ်ကျော်တော့မှ လက်ကလေး ခိုးကိုင်ခွင့် ရတယ်။ (၃)နှစ်ကြာပြီ တစ်ခါလား အနမ်းခံ ဖူးသတဲ့။ ‘ဆရာ့ဟာ လွန်တာပေါ့ဗျာ’လို့တောင် ကျနော်တို့ မှတ်ချက်ပေးခဲ့ဖူးတယ်။ (၅)နှစ်တိတိ မိဘလုပ်ကျွေး၊ ဘွဲ့လည်း ရမှ ‘ကြင်ယာစုံခွင့်’ရခဲ့သူပါ။ ဆရာက သူ့အချစ်ကို သိပ်တန်ဖိုးထားတာ။ ရှေးအတိတ်ရဲ့ အထုံလားတော့ မသိ၊ ဆရာက ထန်းရည်လေး ဘီယာလေး သောက်ချင်တယ်။ ပြောဖူးတယ်၊ အဲဒီ အရသာလေးကို ကြိုက်တာ စွဲလန်းတာတဲ့။ ခက်ဖူးလား။ မူးချင်လို့တော့ မဟုတ်ပေါင်ကွာ၊ ပါးစပ်ထဲ အသာငုံ လျှာလေးနဲ့ အရသာခံချင်တာတဲ့။ အရက်သမားလား ဆိုတော့ မဟုတ်ဘူး။ မူးရူးနေတာ မဟုတ်။ ရမ်းကားဖို့ဆို ဝေး။ ညနေ ကျောင်းဆင်းချိန်၊ ဆရာမ လိုက်ပို့ပြီးရင် ထန်းတောဘက် ခြေဦးလှည့်တတ်တယ်။ ရွာဆိုတာ မြို့ကြီးပြကြီးလို အကျယ်ကြီးလည်း မဟုတ်၊ ဆရာ့အိမ်ဆိုတာ ထန်းတောနားမယ်၊ ထန်းရည်ဆိုတာလည်း သေအရက်ထဲ စာရင်းသွင်းထားတာ မဟုတ်လေ တော့၊ ပြီးတော့ ဆရာက ဆရာဆိုတော့ မိဘဆွေမျိုးတွေက ထန်းရည်သောက်တာ အဆန်းလားပေါ့။ ဒါပေမယ့် ဆရာမလေးက ခွင့်မပြုဘူး။ အဲဒီ ထန်းရည်ကိစ္စနဲ့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ သမီးရည်စားနှစ်ဦး စကားများဖူးတယ်တဲ့။

ပြောမရတဲ့အဆုံးမှာ၊ ‘ဆရာမ’က စည်းကမ်းတွေ တလှေကြီးနဲ့ ထန်းရည်သောက်ခွင့် ပြုလိုက်ရတယ်။ အဲထဲမှာ ညနေ အလုပ်နားချိန်ရောက်မှာသာ ထန်းရည်သောက်ရမည်။ တစ်မြူထက် မပိုရ။ မူးပြီး ဆူညံရမ်းကား ခြင်း လုံးဝ မပြုရ။ ထန်းရည်စစ်စစ်သာ သောက်ရမည်၊ တခြား အရက်၊ မူးယစ်ဆေးများ အဆင့်မတိုးရ။ ဒါကြောင့် ထင်ပါရဲ့၊ ငယ်ငယ်က တော ထင်းခုတ်ရင်း ထန်းတောထဲက ဖြတ်သွားဖူးတယ်။ အဲတုန်းက အရက်ဆိုင် ဘီယာဆိုင် ဆိုတာ  မရှိလေတော့ ကာလသားတွေ ညနေဆို ထန်းတောထဲ ရောက်ကုန်ပြီ။ ကိုယ့်အုပ်စုနဲ့ ကိုယ် ဟိုတဲနား တစ်စု၊ ဒီ အပင်အောက် တစ်စု။ ကွပ်ပျစ်လေးတွေပေါ် နေရာရတဲ့သူတွေ ရ၊ ထန်းတဲနား မြက်ခင်းပေါ် နေရာယူသူ ယူ။ အမြည်းကလည်း ကြည့်ပါအုံး၊ နှမ်းဖတ်ချဉ်ကြော်၊ ပဲကြီးလှော် ဒီလောက်ပါပဲ။ တခါတလေ ကံကောင်းလှမှ ပဒတ် ကြော်တို့ ဇောတိကသားလေး ယုန်သားလေး ရတာ။ ဇောတိကကို သိပါတယ်နော်၊ ဖွတ်သားကို ဖွတ်လို့ခေါ်ရင် ဆင်းရဲတတ်တယ်တဲ့၊ ဇောတိက(သူဋ္ဌေး)လို့ ခေါ်ရတယ်။ ဆရာတို့အဖွဲ့ကို တွေ့တယ်၊ တခြားအဖွဲ့နဲ့ မတူဘူးဗျ၊ စာပေအကြောင်း နိုင်ငံအကြောင်း စီးပွားအကြောင်းလေးတွေနဲ့ ငြိမ့်နေကြတာ။ ကျနော်တို့ ထင်းရှာသမားတွေ လည်း မြင်ရော၊ ပြုံးပြပြီး ‘သွား… သွား…’ တဲ့ နှင်လွှတ်တာ။ သူ့ထန်းရည်တွေ လုသောက်မှာ စိုးလို့ ထင်ပါရဲ့။

ဆရာကလည်း ဆရာပဲ၊ အခန်းအပြင်ဆို သိပ် ဖော်ရွေတယ်။ စာသင်ခန်းထဲမှာတော့ စည်းစနစ် သိပ်ကြီး ပေါ့။ တခါက အတန်းထဲ ဆူညံနေလို့၊ တတန်းလုံး မတ်တပ်ရပ် ခိုင်းတယ်။ စာမေးတယ်… သူ သင်ပြီးသားပါ၊ ‘ပတ် ပတ်လည်အနား’ဆိုတာ ဘာလဲတဲ့။ ဂဃနဏ တယောက်မှ မဖြေနိုင်ဘူး။ ‘တတန်းလုံး ရှေ့ထွက်၊ အခန်းထဲမှာပဲ နံရံ အနားလေးဘက်ကို ဆယ်ပတ်လောက် လျှောက်ခိုင်းတယ်။ ပြီးမှ၊ ‘အနားအားလုံးရဲ့ တပတ်လည် အနားကို ပတ်ပတ်လည်အနားလို့ ခေါ်တယ်။ ဆရာတစ်ယောက်နဲ့ တစ်ယောက် အပြောင်းမှာ နောက်ဆရာ မဝင်သေးခင် ဆူညံမနေကြနဲ့။ တခြားအခန်းတွေက စာသင်နေအုံးမှာပေါ့။ မင်းတို့ ဆူညံနေရင် စာသင်နေတဲ့ အခန်းတွေ အနှောင့် အယှက် ဖြစ်လိမ့်မယ်။ အချိန်အားနေရင် ခုန သင်လိုက်တဲ့ စာကို ပြန်ကြည့်နေပေါ့’တဲ့။ ခုထိ မမေ့သေးတဲ့ မြင်ကွင်း လေးပေါ့။

ကျနော်လည်း ဘွဲ့ရ၊ အလုပ်ရ၊ ရပ်ဝေးတစ်နေရာ ရောက်သွားပေမယ့် ဆရာ့သတင်းတွေတော့ ရနေပါတယ်။ ‘ဆရာ ရွာတရားစခန်းတွေမှာ ရိပ်သာဝင်တဲ့ အကြောင်း၊ ဆရာ ထန်းရည် မသောက်တော့ဘူး ဆိုတဲ့ အကြောင်း၊ ဆရာ့ကလေးတစ်ယောက် ဆုံးသွားတဲ့ အကြောင်း’စတဲ့ သာ‌ရေးနာ‌ရေး အထွထွေပေါ့။ အလုပ်ခွင့်ရလို့၊ အခါတွင်းမို့လို့ ရွာပြန်ရောက်တဲ့အခါတော့ ဆရာနဲ့ ပြန်တွေ့တတ်ပါတယ်။ ဆရာက သူ့အကြောင်း သိပ်မပြောတတ်ဘူး။ သူများအကြောင်းလည်း သိပ်မစပ်စုတတ်ဘူး။ တွေ့ရင်၊ လက်ဖက်ရည် သွားမယ်၊ ဟိုအကြောင်း ဒီအကြောင်း နည်းနည်းပါးပါး ပြောမယ်။ ကျနော့်အတန်းဖော်တွေ အကြောင်း အဓိကပေါ့။ နောက် နိုင်ငံရေးဘက် ရောက်သွားတော့တာပဲ။ ဒေါ်အောင်ဆန်းစုကြည် အကြောင်း၊ (ဦး) မင်းကိုနိုင်အကြောင်း၊ (ဦး) ဇာဂနာအကြောင်း၊ ရွှေဝါရောင် တော်လှန်ရေးနဲ့ မင်းသားကြီး (ဦး)ကျော်သူ့အကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အမေစု အရွေးကောက်ခံတဲ့အကြောင်း…. စသဖြင့်ပေါ့လေ။

‘မင်းတို့ဆရာကြီး အဲမှာ နေမကောင်းဖြစ်လို့ ဆေးရုံတက်ရတယ်တဲ့’ ဆရာမက ဆက်ပြောပြတယ်။ ‘အဲ တော့ သမီးလေးက ကျန်းမာရေးဝန်ထမ်း မဟုတ်လား၊ ဘယ် အခြေအနေရှိလဲ ဘာဖြစ်တာလဲ ချိတ်ဆက် မေးတာ ပေါ့။’ အစာဝင်ပြီ၊ ထူနိုင် ထိုင်နိုင်ပြီ ဆိုတော့ ဒီကို ပြန်ခေါ်မယ် လုပ်တယ်။ မောင်ထွန်းက နေပါအုံး၊ သူ အခြေအနေ ကောင်းပါတယ်။ မေးခွန်တွေ ရိုက်နေတာမပြီးသေးဘူး။ ဆယ်တန်းစာမေးပွဲတွေ ပြီးမှပဲ ပြန်လာတော့မယ်’လို့ အကြောင်းပြန်တယ်။ အဲမှာ ကျောင်းကြီးကလည်း ဟီးနေအောင် ဆောက်ထားပေးတယ်။ ကျောင်းသားတွေလည်း အများကြီးပဲ။ ဆရာ၊ ဆရာမအင်အားက အတော်နည်းရှာတာကိုး။ မောင်ထွန်းက ကျောင်းအုပ်လည်း သူ၊ စာပြ တော့လည်း သူ၊ စာစီစာရိုက် ရုံးစာရေးလည်း သူပဲ၊ လုပ်ရရှာတယ်။ မင်းတို့လည်း သိသားပဲ၊ မင်းတို့ ဆရာကြီးက ငယ်ငယ်ကတည်းက ခေါင်းမာတဲ့သူ။ အဲတော့ ဒီစာသင်နှစ်တော့ ပြီးပြတ်အောင် လုပ်ခဲ့မယ်လို့ အားတင်းထားပုံ ရတယ်။

ငါတို့ကတော့ သူ ဘာပြောပြော သူ ရှိမယ့်ဆီကို စုံစမ်းပြီးပြီ၊ ရောက်အောင် သွားမယ်၊ ငါနဲ့ အငယ်မနဲ့ လိုက် သွားမယ်။ ပြီးရင် အတူတူ ပြန်လာမယ်လို့ စီစဉ်ထားတယ်။ ဒီတော့ ကားက လိုင်းကားတွေ မရှိတော့ဘူး၊ အငှားကားနဲ့ သွားရမယ်တဲ့။ သူတို့ဆီ လှမ်းပြောရင်တော့ အဲကနေ စီစဉ်ပေးမှာပေါ့၊ ဒါပေမယ့် အစစအရာရာ ခက်ခဲနေတဲ့ ဒေသဆိုတော့ ပြောမထွက်ပါဘူး။ နင်တို့ဆရာကလည်း မလိုက်ခဲ့နဲ့ ပြောမှာကိုး။ မလွှတ်မှာစိုးလို့၊ လိုက်လာမှာစိုးလို့တောင် ဘယ်ဆီဘယ်ဝယ် သွားမယ်ပြောမသွားတာလေ။ ဒါကြောင့် ကားငှားတယ်၊ ကားတွေက အဲထိ မလိုက်ရဲဘူး။ လမ်းခုလတ်အထိပဲ လိုက်ပို့ရဲတယ်။ အဲကနေ ဆိုင်ကယ်ကယ်ရီနဲ့ တောလမ်းသွားရမယ်တဲ့။ လေးငါးခြောက်ရက်လောက် ကြာမယ်တဲ့။ အဲတင် လိုက်သွားဖို့အရေး နောက်နည်းနည်း ဆုတ်သွားရတယ်။

ငါတို့ကပဲ ကံကောင်းတာလား၊ သူကပဲ ကံဆိုးတာလားတော့ မသိဘူး၊ ငါတို့ ကျောက်မဲအရောက် ညမှာပဲ၊ အဲဒီစာသင် ကျောင်းလေး လေယာဉ်နဲ့ ဗုံးအကျဲခံလိုက်ရတယ်။ ဆရာမ ပြောရင်း မျက်ရည်မဆည်နိုင်အောင် စီးကျလာတယ်။ တုန်ရီနေတဲ့ အသံ၊ မဆည်နိုင်တဲ့ မျက်ရည်တွေနဲ့ ဆရာမကို ကြည့်ရင်း ကျနော်တို့ အားလုံး ဝမ်းနည်း မဆုံးပေါ့လေ။ အဲနေ့ညက … အဲနေ့  ည  က နင်တို့ဆရာအပါအဝင် ဆရာဆရာမ ကျောင်းသူကျောင်းသား (၁၇) ယောက် ပါသွားတယ်။ ဆေးရုံတောင် မရောက်လိုက်ဘူး၊ နေရာတင် ပွဲချင်းပြီးတဲ့လေ….။ အား…..ဘုရားရေ။ ရက်စက်လှချည်လား၊ EAOs စခန်းလည်း မဟုတ်။ စစ်ရေးလှုပ်ရှားမှုလည်း မရှိ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ စာသင်ကျောင်းပေါ် တည့်တည့်ကြီး လာချသွားတယ်။ နင်တို့ ဒေသ ငါ့လက်အောက်မှာ မနေရင် အခုသာမက နောင် အနာဂတ်တွေကိုပါ ဖျက်ဆီးပစ်မယ်ဆိုတဲ့ အကြံဆိုးများလား။

‘ဆရာမတို့ လိုက်သွားသေးလား’

‘လိုက်မလို့ပါဘဲ၊ ဒါပေမယ့် သူတို့ဆီ ဆက်သွယ်ကြည့်တော့ သူတို့ဒေသမှာ ထုံးထမ်းစဉ်လာပေါ့လေ၊ လူသေကို သုံးနာရီပဲ ထားသတဲ့၊ ချက်ချင်း သင်္ဂြိုလ်ရမတဲ့။ ငါတို့က ကားငှားရလို့ အမြန်လိုက်သွားရင်တောင် သုံးလေးငါး ရက် ကြာမှာလေ။ ဒီတော့ သူတို့ဆီက နာရေးအသင်းကို အကူအညီတောင်းကြည့်တယ်။ သူတို့က ပြန်ပြောတယ်၊ လိုက်ပို့လို့တော့ ရတယ်၊ ဒါပေမယ့် ရွာတွေက အဖြတ်ခံမှာ မဟုတ်ဘူးတဲ့။ ဒီမှာပဲ စည်စည်ကားကားဖြစ်အောင် အကောင်းဆုံး သင်္ဂြိုလ်ပေးပါမယ်။ အသုဘ အစအဆုံး ဓာတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေ ပို့လာတယ်။ အရိုးပြာ လိုချင်ရင်တော့ သုံးရက်လောက် စောင့်ပေးမယ်ဆိုလို့ အသိမိတ်ဆွေတစ်ယောက်ကို ယူလာခိုင်းထားတယ်။ မောင် ထွန်း… မောင်ထွန်း… ရွာပြန်ရောက်မှာပါ။ နင်တို့ဆရာကို အုတ်ဂူလေး ဘာလေး လုပ်ပေးအုံးမယ်။

အော်… ဆရာကြီး ဆရာကြီး၊ တတ်ပြီးတဲ့ ပညာတွေ အလကားမဖြစ်ချင်တဲ့ ဆရာကြီး။ နိုင်ငံအပေါ် ‌ကျောင်းသားတွေအပေါ် သားသမီးမိသားစုအပေါ် တာဝန်ကျေခဲ့တဲ့ ဆရာကြီး၊ သွားနှင့်အုံးပေါ့။ ဆရာ့သမိုင်းကို ဆရာကိုယ်တိုင် ရေးသွားခဲ့ပြီ။ ဘယ်သူသိသိ မသိသိ။ ဘာတွေရရ မရရ။ သိခဲ့သူတွေရဲ့ ရင်တွင်းမှာတော့ အလံတစင်းအဖြစ် စိုက်ထူထားမှာပါ။ တလူးလူး တလွင့်လွင့် အမြဲလွင့်တင်ထားတဲ့ အလံတော်ပဲပေါ့။

လင်းလက်နွေဦး

၂း၃၅ ညနေ

၁၉/၁/၂၀၂၅





Source link

Leave a Reply

Your email address will not be published. Required fields are marked *