လေအား လျှပ်စစ်
ကပ္ပိ
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၅
လက်ရှိကာလ ဂြိုလ်တုဓာတ်ပုံများအရ ကမ္ဘာမြေကိုကြည့်လေသောအခါ ကွက်၍ မှောင်မည်းနေသည့်နေရာတစ်ခုကို တွေ့ကြရပါ၏။ ထိုနေရာသည်ကား အခြားမဟုတ်၊ ဇမ္ဗ ူဒီပါ လက်ျာ တောင်ကျွန်း နိမိတ်ထွန်းခဲ့သည့် အာရှတိုက် အရှေ့တောင်အရပ်မှ အလွန်တစ်ရာ ကြွယ်ဝခဲ့သည့် နိုင်ငံတစ်ခုပင်တည်း။
အစစအရာရာ အဆင်ပြေချောမွေ့နေပြီး နိုင်ငံသားတို့ပျော်ရွှင်နေချိန်မှာ မာရ်နတ်မင်း၏ သား တော်၊ အဇာတသတ်၏ညီ၊ အာဠာဝက၏တူဖြစ်သူ ပုပြတ်ပြတ်စုတ်ချာချာ လူစဉ်မမီ ဝမ်းတွင်း ရူးတစ်ယောက် ခွေးတိုးပေါက်မှ ဝင်လာကာ ပလ္လင်ပေါ်တက်ချိန်မှစ၍ ထိုတိုင်းပြည်ကြီး စုတ်ချာကာ မှောင်အတိ ကျသွားခြင်းပေတည်း။
ပလ္လင်ပေါ်ရောက်သည်နှင့်တပြိုင်နက် စိတ်ထဲထင်ရာမြင်ရာတွေကို အာဘရိတ်ပေါက်ကာ ပြောဆိုခဲ့သည်မှာ များလှပါဘိတောင်း။ လျှပ်စစ်ရထားတွေ လုပ်ပေးမည်၊ လျှပ်စစ်ကားတွေ လုပ်ပေးမည်၊ လျှပ်စစ်မြေအောက်ရထားတွေ လုပ်ပေးမည်ဖြင့် ‘ လျှပ်စစ်၊ လျှပ်စစ်၊ လျှပ်စစ် ‘ ကနေ တစ်ပြားသားမှမလျှော့ခဲ့ပဲ လေလုံးထွားခဲ့လေရာ ယခုအခါမတော့ ကမ္ဘာပေါ်မှာ တစ်နေရာထဲကွက်၍မှောင်ကာ ထင်ရှားကျော်ကြားနေလေပြီ။
ယခင်အစိုးရလက်ထက်က နိုင်ငံလုံးကျွတ် ထိန်ထိန်လင်းနေခဲ့ပြီး ယခုနတ်ဆိုးလက်ထက်ကျကာမှ မှောင်အတိကျလေရာ အနှီဘုရင်ရူးမှာ လျှပ်စစ်မရတာ သူ့ကြောင့်မဟုတ်ပါဟု ရူးချာချာပင် ပြောနေပါသေး၏။
‘ မအလ ‘ အမည်တွင်၊ ‘ ကြင်စိုး ‘ အမည်ရ၊ ‘ သာ၀ ‘ အမည်ရှိ ပကတိပုညှက်ညှက် ကြောင်တက်တက်ပုဂ္ဂိုလ်ကား အရူးများ၏ခေါင်းဆောင်၊ ငကြောင်များ၏ ခေါင်ချုပ်၊ အယုတ်များ၏ ဦးစီး၊ ငဖြီးများ၏ နာ ယက၊ မသာဘဝရောက်မည့်သူများ၏ အဘ ဖြစ်ပေရာ များမကြာခင် သူ့နှမပေးယောက်ဖ အာဆတ်လို အသက်ကိုဖက်နှင့်ထုပ်ရင်း နိုင်ငံတွင်းမှ ထွက်ပြေးရမည့်သူပင်တည်း။
ဖနောင့်နှင့်တင်ပါး တသားထဲကျအောင် ထွက်မပြေးခင်အချိန်လေးမှာ မီးပေးနိုင်ရေးအတွက် သူကြိုးစားနေသည်ဟု လေလုံးထွားပြန်ပါ၏။ မြစ်တွေမှာ ဆည်တွေဆောက်ကာ လျှပ်စစ်ထုတ်ပေးမည်၊ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ထုတ် ပေးမည်၊ ညူကလီးယားဓာတ်ပေါင်း ဖိုကနေ လျှပ်စစ် ထုတ်ပေးမည် . . .ထုတ်ပေးမည် . . .စသည်ဖြင့် . . .စသည် ဖြင့် ထင်ရာမြင်ရာ စိတ်ထဲပေါ်ရာတွေကို မစားရဝခမန်း လူပြိန်းကြိုက် လျှောက်ပွားနေပါလေ၏။
အကယ်စင်စစ် အနှီနိုင်ငံလုံးချီ လျှပ်စစ်မီး ထိန်ထိန် ညီးအောင် စွမ်းဆောင်ပေးချင်သည် ဆိုပါက အခြားဘာမှမလုပ်နှင့်၊ ‘ လေအားလျှပ်စစ် ‘ သာ ထုတ်ယူပါလေ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်ဖြစ်သည့် အမြဲတမ်းထာဝရ အလကားရရှိရာ ကုန်ကြမ်းပြတ်မှာမပူရသည့် ‘ လေ ‘ မှသာ လျှပ်စစ်ကိုထုတ်ယူစေချင်ပါ၏။
‘ လေအားလျှပ်စစ် ‘ ထုတ်ယူစုဆောင်းနိုင်မည့်’ လေရဟတ်ကြီး ‘ တစ်ခုကို ပလ္လင်ရူး ဘုရင်ရူးကြင်စိုး သာ၀ မအလ၏ရှေ့မှာသာ ထောင်ထားပေးလိုက်ပါ၊ အလုံးထွားထွား သူ့လေအားတစ်ခုထဲဖြင့်ပင် လေရဟတ်ဒလက်များ ၂၄ နာရီမပြတ် မွှတ်နေအောင်လည်ပတ်ပြီး ‘ လေအားလျှပ်စစ် ‘ ဓာတ်အားများ ထားစရာမရှိအောင်ပင်ရရှိမည်ဖြစ်ကာ ကမ္ဘာသို့ပင် တင်ပို့နိုင်မည် ထင်ပါ၏။
ကပ္ပိ
–
Jin Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar