ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် လေတပ်က ၂ ရက်ဆက်တိုက် ဗုံး ၂ လုံးစီ ကြဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး လေယာဉ်က ဗုံးကြဲရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးသည်၊ ၁ ဦး ဒဏ်ရာရသည်။ နေအိမ် ၂ လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဝန်းကျင်ကို ဗုံးကြဲခဲ့သည်၊ ဒေသခံ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရပြီး၊ စည်ပင်ရုံးအဆောက်အုံနှင့် အိမ် ၁ လုံး ပျက်စီးခဲ့သည်။
TNLA ၏ ၂၀၂၄ နိုဝင်ဘာ ၂၅ ရက်နေ့ထုတ်ပြန်ချက်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ဒေသခံတို့ ဆိုးရွားစွာ ခံစားနေရသလို၊ တရုတ်ကလည်း နယ်စပ်တည်ငြိမ်ရေးအတွက် ကြားဝင်စေ့စပ်နေသဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးအဖြေရှာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆွေးနွေးပွဲ ဖြစ်လာနိုင်ချေရှိသည်ဟု ယူဆကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြောသည်။
“စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုကတော့ လက်ရှိအချိန်ထိ တွေ့ဆုံနိုင်တဲ့ အခြေအနေ မရှိသေးဘူး။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ တွေ့ဆုံဆွေးနွေးမှုက ရှိကောင်းရှိလာနိုင်မယ်”ဟု သူက ပြောသည်။
TNLA ထိန်းချုပ်ထားသည့်မြို့များကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ၊ စစ်ကောင်စီဘက်တော်သား ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင်မူ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးတို့ကို ဗုံးကြဲတိုက်ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင် အများအပြား သေဆုံးကြောင်း၊ ထိခိုက်သေကြရသည့် အရပ်သားများမှာလည်း TNLA ထောက်ခံသူများဖြစ်ကြောင်း ရေးသားနေကြသည်။
TNLA သည် နောင်ချိုမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့ နံနက်အစောတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင် ခဲ့သည်။
စစ်တက္ကသိုလ် တည်ရှိသည့် ပြင်ဦးလွင်မြို့ကို ဝင်ရောက်နိုင်သည့် နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းကို ၂၀၂၄ မေလဆန်းတွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပိုင်းတချို့တွင် တပ်စွဲထားရာ တိုက်ပွဲများ ထိုကတည်းက ပြင်းထန်နေသည်။
နှစ်ကုန်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်ခဲ့ရာ ဒေသခံများအပါအဝင် စစ်သုံ့ပန်းများပါ သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နှစ် အောက်တိုဘာ၂၇ ရက်နေ့ နောင်ချိုမြို့နယ် သပြေရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးသေဆုံး၊ အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၁ ဦး ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်စီးခဲ့သေးသည်။
အောက်တိုဘာ၂၈ နှင့်၂၉ ရက်တွင်လည်း နောင်ချိုမြို့နယ်ရှိ MDY-PDF ၏ စစ်သုံ့ပန်းများ ထားရှိသည့် နေရာကို ၂ ရက်ဆက် ဗုံးကြဲခဲ့၍ စစ်သုံ့ပန်း ၁၂ ဦး အပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၆၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာ ၁ ရက်နေ့က နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာနှင့် အနီးရှိ သကြားစက်ရုံတို့ကို ဗုံးကြဲခဲ့ရာ မီးနေသည်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိ ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအများစုကို “၁၀၂၇ စစ်ဆင်ရေး” ဖြင့် မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA) နှင့် TNLA တို့ ဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
လားရှိုးမြို့ကိုထိန်းချုပ်ထားသည့် MNDAA သည် တရုတ်နိုင်ငံ၏ ဖိအားပေး စေ့စပ်မှုကြောင့် ဇန်နဝါရီ ၁၈ ရက်နေ့တွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူလိုက်သည်။
ထို့နောက် စစ်ကောင်စီသည် TNLA ၏ နယ်မြေများကို လေကြောင်းမှ ဆက်တိုက် တိုက်ခိုက် လာသည်။
အလားတူ ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်း ခမ်းပတ်၊ မော်လူး၊ ထီးချိုင့်မြို့နယ်တွင်း၊ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးတို့တွင် လေတပ် တိုက်ခိုက်မှု ရှိနေသည်။
တောင်သာမြို့နယ်တွင် အင်ဂျင်တပ် လေထီးများအသုံးပြုကာ ရက်ဆက် ဗုံးကြဲနေသည်။
နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှုမှ အပျက်အစီးများ။ (ဓာတ်ပုံ-Thein Aung Facebook)