စစ်တပ်အရာရှိဟောင်းပိုင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် စာချုပ်ချုပ်ဆို၍ နှစ်နိုင်ငံနားလည်မှုသဘောတူညီချက်(MoU) ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်လာသည့် အလုပ်သမား ၄၀ ကျော် အလုပ်မရဘဲ သောင်တင်နေသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ SY Glascera Limited ကုမ္ပဏီ၏ ကြွေးပြားစက်ရုံတွင် အလုပ်လုပ်ရမည်ဆိုကာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ရွှေယုလွင်ကုမ္ပဏီလီမိတက်နှင့် အလုပ်သမား ၉၈ ဦးတို့ စာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု သိရသည်။ အလုပ်သမား တစ်ဦးချင်းစီအတွက် ငွေကျပ်သိန်း ၄၀ ကျော် ပေးရသည်ဟုလည်း အလုပ်သမားတို့က ဆိုသည်။
ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ရုံးခန်းဖွင့်ထားသည့် ရွှေယုလွင်ကုမ္ပဏီလီမိတက်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ဆင်း၊ အသက် ၆၉ နှစ် အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအေးမင်းဆိုသူက ပိုင်ဆိုင်သည်ဟု စုံစမ်းသိရှိရသည်။
ထိုကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသည့် အလုပ်သမားတို့ ဇန်နဝါရီလ ပထမပတ်အတွင်း ထိုင်းနိုင်ငံသို့ ရောက်သွားကြသော်လည်း သတ်မှတ်အလုပ်ရုံတွင် အလုပ်မရဟု အလုပ်သမားတို့က ဆိုသည်။
အေဂျင်စီက အခြားစက်ရုံများတွင် အလုပ်ရှာပေးမည်ဆိုကာ အလုပ်ရှာခ စမတ်ကြေး ထပ်မံတောင်းဆိုကြောင်း၊ ငွေမပေးနိုင်သည့် အလုပ်သမား ၄၀ ကျော်မှာ ယနေ့တိုင် အလုပ်မရဘဲ အခက်တွေ့နေကြောင်း အလုပ်သမားများထံမှ သိရသည်။
ထိုအလုပ်သမားတို့သည် ရန်ကုန်မှ ထိုင်းနယ်စပ် ကော့သောင်းမြို့သို့ လေယာဉ်ဖြင့်ရောက်သွားကြသည်၊ နယ်စပ်တွင် ၆ ရက်ကြာ ကိုယ့်စားရိတ်ကိုယ်စား နေထိုင်ပြီး ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့သိုရောက်သွားကြသည်။
ထို့နောက် ၎င်းတို့ကို လာကြိုသည့် အေဂျင်စီတာဝန်ရှိသူတို့က စာချုပ်တွင်ပါဝင်သည့် SY Glascera Limited ကုမ္ပဏီ၏ ကြွေပြားစက်ရုံတွင် အလုပ်မရနိုင်ကြောင်း ပြောဆိုသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားအလုပ်သမား တစ်ဦးက Myanmar Now ကိုပြောသည်။
ထို့ကြောင့် လျှပ်စစ်စက်ရုံတွင် အလုပ်သွင်းပေးမည်၊ အလုပ်ရှင်လင်မယားကိုပါ ခေါ်လာသည်ဟု ပြောဆိုကြကြောင်း သူက ရှင်းပြသည်။
“တစ်ယောက်ကို စမတ်ကြေး ၈,၀၀၀ ပေးရမယ်။ သူဌေးမနဲ့ သူဌေးနဲ့ ပါတယ်ဆိုပြီး သူတို့ခေါ်လာတဲ့လူနှစ်ယောက်ကို လက်ညှိုးထိုးပြတယ်” ဟု သူက ဆိုသည်။
“အဲ့ဒီမှာ ကျွန်တော်တို့က ၈,၀၀၀ တော့ မပေးနိုင်ဘူး။ မရှိလို့လာလုပ်စားတာ။ ဘတ် ၈,၀၀၀ ဆိုတဲ့ အင်အားက မနည်းဘူးလေ။ ကျွန်တော်တို့မှာလည်း ပိုက်ဆံက မရှိတော့ဘူး”
ထိုတောင်းဆိုမှုသည် ကျပ် ၁၀ သိန်းကျော်နှင့် ညီမျှသည့် ပမာဏ ဖြစ်သည်။
ထိုင်းနိုင်ငံဘက် မရောက်မီ အေဂျင်စီကို အသားတင်ပေးရသည့် စာချုပ်ချုပ်ခ ကျပ်သိန်း ၄၀ အပြင် အသက်အာမခံကြေး၊ အလုပ်ပါမစ်ကြေး၊ စစ်ကောင်စီကို ကြိုတင်ပေးရသည့် အခွန်၊ လေယာဉ်စရိတ်နှင့် တည်းခိုခန်းခများ ကုန်ကျခဲ့သဖြင့် အလုပ်သမားများတွင် လက်ကျန်ငွေနည်းနေပြီဖြစ်သည်ဟု ဆိုသည်။
ထပ်မံညှိနှိုင်းရာ ဘတ် ၂,၅၀၀ ဖြင့် ပြေလည်သွားပြီး လျှပ်စစ်စက်ရုံတွင် အလုပ်လုပ်ရန် ထွက်ခွာလာခဲ့သည်။ ထို့နောက်အလုပ်သမားများနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် SY Glascera Limited စက်ရုံမှ အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းကာအလုပ်သမား ၄၁ ဦးကို ချုံဘူရီခရိုင်ရှိ စက်ရုံ၊ ကျန် ၅၇ ဦးကို ပထုံဌာနီခရိုင်ရှိ စက်ရုံသို့ လွှတ်ခဲ့သော်လည်း အားလုံးအလုပ်မရဘဲ ပထုံဌာနီခရိုင်တွင် ပြန်လည်စုစည်းနေထိုင်ခဲ့ကြောင်း သိရသည်။
ထိုကာလအတွင်း ထိုင်းနိုင်ငံတွင် နေထိုင်စားသောက်ရန် ကိုယ်တိုင်စီစဉ်ခဲ့ရပြီး ရွှေယုလွင်ကုမ္ပဏီဘက်က ဆန် ၅ ကီလိုအိတ် နှစ်အိတ်သာ ထောက်ပံ့ပေးကြောင်း၊ အလုပ်လာခေါ်သည့် ထိုင်းစက်ရုံများရှိသော်လည်း ဘတ် ၃,၀၀၀ မှ ၅,၀၀၀ အထိ ထပ်မံပေးမှသာအလုပ်ရမည်ဖြစ်၍ အခက်တွေ့နေကြကြောင်း သိရသည်။
စမတ်ကြေးပေးသည့် အလုပ်သမားများကို ၁၀ ဦး၊ ၁၅ ဦး အသုတ်လိုက်ခွဲကာ အလုပ်သွင်းပေးသည့် အခြေအနေရှိနေပြီး ယခုအခါစမတ်ကြေးမပေးနိုင်သည့် အလုပ်သမား ၄၁ ဦး ကျန်နေသည်ဟု သိရသည်။ MoU စနစ်ဖြင့် ငွေကြေးသိန်းချီအကုန်ကျခံ၍ လာရောက်ကြသည့် အလုပ်သမားများကို အေဂျင်စီဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် အလုပ်သမားတို့က လိုလားနေကြသည်။
ရွှေယုလွင်ကုမ္ပဏီသည် ဝန်ဆောင်ခသိန်းဆယ်ချီယူပြီး အလုပ်သမားများ ထိုင်းနိုင်ငံသို့ ရောက်ရန်သာ လုပ်ပေးခဲ့သည်၊ စာချုပ်ပါသတ်မှတ်ချက်များအတိုင်း အလုပ်လုပ်ခွင့်ရရန် မလုပ်ပေးဟု နောက်ထပ်အလုပ်သမား အမျိုးသားတစ်ဦးက ပြောသည်။
“ဘာတစ်ခုမှ တာဝန်ယူတယ်လို့မပြောဘူးဗျ။ ပိုက်ဆံပေးမှ ဒီဘက်မှာ အလုပ်ရမယ့် သဘောအနေ အထားကြီး” ဟု သူကဆိုသည်။
“ကျွန်တော်တို့ကလည်းပေးစရာတကယ်မရှိတော့ဘူး။ တကယ်ပြောတာပါ။ စားဖို့တောင် မရှိတော့ဘူး။ တချို့ဆိုရင် သူများတွေကမျှပြီးတော့ ကူကျွေးထားတာရှိတယ်ပေါ့။ မြန်မာပြည်ကနေ လာတုန်းကတော့ နည်းနည်းလေး အားတက်သရောရှိတာပေါ့။ ဒီဘက်ရောက်တော့ စိတ်ဓာတ်တွေလည်းကျပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ ရွှေယုလွင်ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အလုပ်မပေးနိုင်သည့် SY Glascera Limited ကုမ္ပဏီကို ဥပဒေကြောင်းအရ တရားစွဲရန်စီစဉ်နေသည်ဟု ဆိုသည်။ လျှပ်စစ်ကုမ္ပဏီတွင် အလုပ်ရကြစေရန်ကြိုးပမ်းနေပြီး၊ စမတ်ကြေးထပ်မံတောင်းခံမှုအတွက် ထိုင်းအခြေစိုက် ဝန်ထမ်းများက ဆောင်ရွက်ပေးနေကြောင်း ကုမ္ပဏီတာဝန်ရှိသူအမျိုးသမီးတစ်ဦးက တုံ့ပြန်ပြောဆိုသည်။
“ကလေးတွေကို အလုပ်တွေဆက်ပြီး အကုန်လုံးစီစဉ်ပေးမယ်။ သံရုံးနဲ့ လုပ်ပြီးတော့ စီစဉ်ပေးနေတယ်။ အဲ့ဒီကလေးတွေက အဲ့ဒီလိုမျိုးပြောတာ ကျွန်မတို့လည်းမသိဘူး။ အခုက အီလက်ထရွန်နစ်ပိုင်းကို စီစဉ်ပေးနေတယ်”ဟု သူက ဆိုသည်။
“Glascera အလုပ်မပေးနိုင်တဲ့အတွက်တရားစွဲတာလည်း တရားစွဲတာ တစ်ကဏ္ဍ လုပ်ထားတယ်ပေါ့နော်။ ဒီကလေးတွေအတွက်ကို မြန်မာသံရုံးကနေတစ်ဆင့်သွားပြီးတော့ အလုပ်ကို ဖြန့်ပေးနေတယ်ပေါ့။ ကျွန်မတို့လည်း ဝန်ကြီးဌာနကနေ သွားနေတာ။ ဒီအတိုင်းကြီးဘလိုင်းကြီး သွားနေတာမဟုတ်ဘူး”
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ငွေကျပ် သိန်းဆယ်ချီအကုန်ခံကာ နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်ဖြင့် အေဂျင်စီများမှတစ်ဆင့် တရားဝင်စာချုပ်ချုပ်ဆို၍ ထိုင်းသို့ ရောက်သွားကြသော်လည်းအလုပ်မရသူများရှိနေသည်။
MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်ခွင့်ပြုမှုဖြင့် မြန်မာအေဂျင်စီများက ထိုင်းအေဂျင်စီများနှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်ဝင်ရန် စီစဉ်ပေးခြင်းဖြစ်သည်။
အလုပ်ဝင်ရမည့် စက်ရုံ၊ လုပ်ခလစာ၊ အလုပ်လုပ်ချိန်နှင့် အချိန်ပိုကြေး စသည့်အချက်အလက်များကို အေဂျင်စီနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးမှ လာရောက်ခဲ့သော်လည်း ထိုင်းစက်ရုံက အလုပ်မပေးသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြခြင်းဖြစ်သည်။
လက်ရှိ လာရောက်သည့် MoU အလုပ်သမားများ ၉၀ ရာခိုင်နှုန်းသည် စာချုပ်ပါအချက်များနှင့်အညီ အလုပ်အကိုင်မရဘဲအလုပ်လက်မဲ့ဖြစ်နေသည်။ အလုပ်သမားများသည် အေဂျင်စီများကို ကျပ်သိန်းဆယ်ချီပေး၍ ကိုယ့်ကိုယ်ကိုယ်ရောင်းစားခံရသည့် အခြေအနေဖြစ်နေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့က မှတ်ချက်ပြုသည်။
စစ်ကောင်စီက ၎င်းတို့ခွင့်ပြုထားသည့် အေဂျင်စီများကို ထိန်းကြောင်းကြီးကြပ်မှု အားနည်းခြင်းကြောင့် ချိုးဖောက်ခံရမှု ပိုများလာသလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိများကလည်း ထိထိရောက်ရောက်မကူညီပေးဘဲ ခိုကိုးရာမဲ့ဖြစ်နေသည်ဟု အလုပ်သမားအရေးကူညီသူများက ဆိုသည်။