ဝါရှင်တန်၊ ဇန်နဝါရီ ၂၄
ဖိအားပေးခြင်းဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှုပုံစံ ပြုပြင်ပြောင်းလဲစေရန်အတွက် တောမီးဒဏ်သင့် ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြည်ထောင်စုအကူအညီပေးမှုကို ယာယီရပ်ဆိုင်းမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၂ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် အစိုးရသည် အဆိုပါပြည်နယ် မြောက်ပိုင်းဒေသမှ ငါးအမျိုးအစားများကို ကာကွယ်ထိန်းသိမ်းရန်အတွက် တောင်ပိုင်းဒေသသို့ ရေပေးပို့မှုကိုကန့်သတ်ခြင်းကြောင့် လော့စ်အိန်ဂျလိစ်မြို့တွင်း မီးသတ်ရေဘုံပိုင်တွင် ရေပြတ်လပ်သွားကြောင်း၊ “ကယ်လီဖိုးနီးယားပြည်နယ်က ရေမပေးရင် အဲဒီပြည်နယ်ကို ဘာပစ္စည်းမှ ထောက်ပံ့ပေးဖို့မလိုဘူးလို့ ထင်တယ်” ဟု ထရမ့်က ဇန်နဝါရီ ၂၂ ရက် ဖောက်စ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom အား တောမီးမထိန်းချုပ်နိုင်မှုအတွက် တာဝန်ယူရမည်ဟု ထိုမတိုင်မီ ရီပက်ဘလစ်ကန်ပါတီဝင် ထရမ့်က ကြိမ်ဖန်များစွာ ပြစ်တင်ခဲ့သည်။ ယင်းအပေါ် Gavin Newsom က ထရမ့်၏ သက်ဆိုင်ရာ ပြောဆိုချက်များသည် “စိတ်ကူးယဉ်သက်သက်သာ” ဖြစ်ပြီး ရည်ရွယ်ချက်မှာ အဆိုပါပြဿနာကို “နိုင်ငံရေးအသွင်ပြောင်းရန်” ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထရမ့်သည် ဇန်နဝါရီ ၂၄ ရက်တွင် လော့စ်အိန်ဂျလိစ်သို့သွားရောက်ကာ မီးလောင်မှုအခြေအနေကို လေ့လာကြည့်ရှုမည်ဟု အမေရိကန် မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်ဒေသတွင် ဇန်နဝါရီ ၇ ရက်မှစ၍ တောမီးများစွာ လောင်ကျွမ်းလျက်ရှိရာ လူ ၂၈ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံ အရေအတွက်ပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်တွင် လော့စ်အိန်ဂျလိစ်ဒေသ မြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှု အသစ်ထပ်မံဖြစ်ပွားခဲ့ရာ ဒေသနေပြည်သူ ၅၀,၀၀၀ ကျော်က ဘေးလွတ်ရာသို့ မဖြစ်မနေ ထွက်ခွာရန် သတိပေးချက် ရရှိခဲ့ကြောင်း သိရသည်။
Ref – (Xinhua)
#MNP #News
Join – https://t.me/MyanmarNationalPost