နေပြည်တော်၊ ဇန်နဝါရီလ ၂၆
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာသို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဖျာပုံမြို့နယ်၊ ဓမင်းဆိပ် ကျေးရွာရှိ ဆုတောင်းပြည့်အဏ္ဏဝါဦးစေတီတော်မြတ်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၃၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၃ ဦး၊ ခွဲစိတ်ရောဂါ ၂၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၂၀ ဦး၊ အရိုးရောဂါ ၆၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၁၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၈ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူတစ်ဦး က “ကျွန်တော်ကအဆစ်အမြစ်ရောဂါရှိလို့ လာရောက်ပြသခြင်းဖြစ်ပါတယ်။ အဆစ် အမြစ်နာနေတာတော့ လေးငါးခြောက်နှစ်ရှိပါပြီ။ အခုတော့ကျန်းမာရေးအရ မြို့တွေ ဘာတွေသွားမပြပဲ အခုလိုအလွယ်တကူပြလို့ရတဲ့အတွက် အရမ်းပဲကျေးဇူးတင်ပါတယ်။ အခမဲ့လာကုသပေးတဲ့ ဆရာဝန်ကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ပြောသည်။
ဆေးကုသမှု လာရောက်ခံယူသည့် ဒေသခံ က “အရိုးအကြောကို ပြမှာပါ။ ပြောရမယ်ဆိုရင် ဒီမှာကအကုန်လုံးက အဆင်ပြေပါတယ်။ ချော်လဲထားတော့ အရိုးအဆစ်ကနာတာ အခုလက်ကနောက်ကို ပစ်လို့မရဘူး။ ကျွန်မတို့ ဆီမှာက အရိုးအကြောဖြစ်တာများတယ်။ မျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တာများ တယ်။ ဆေးရုံ၊ ဆေးခန်းတွေသွားမယ်ဆိုရင် ကုန်ကျစားရိတ်တွေက အများကြီးရှိတယ်။ ဒီမှာကျတော့ ကုန်ကျစားရိတ်အများကြီး သက်သာမယ်။ အဝေးကိုသွားမပြနိုင်တဲ့လူတွေ အတွက်ကတော့ အများကြီးအဆင်ပြေပါတယ်။ အခမဲ့ကုသပေးတဲ့အတွက် အကုန်လုံး၊ အားလုံးအဆင်ပြေပါတယ်။ ကျွန်မတို့ဘက်ကလည်း နိုင်ငံတော်အကြီးအကဲ၏ စီစဉ်ညွှန်ကြားမှုနဲ့ အခုလိုလာရောက်ကုသပေးတဲ့ အတွက်လည်းအများကြီး ကျေးဇူးတင်ပါတယ်။ ဝမ်းမြောက်ဝမ်းသာနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်လို့လည်း ပြောချင်ပါတယ်။” ဟု ကျေးဇူးတင်စကား ပြောသည်။
#MNP #News #Health
Join – https://t.me/MyanmarNationalPost