ylliX - Online Advertising Network

ထရမ့်ပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ မကြာခင်တွေ့ဆုံရန် သဘောတူ | Popular


ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ၌ ဗြိတိန်နှင့် အမေရိကအကြား ရင်းနှီး၊ နွေးထွေးသော ဆက်ဆံရေး၏ အရေးပါမှုကို ဆွေးနွေးခဲ့ကြပြီး မကြာခင်တွင် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောဆိုသည်။

ဝန်ကြီးချုပ်ကို ထရမ့်ပ်က ချီးကျူးမှုလုပ်ခဲ့အပြီး နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့သော ဖုန်းဆက်သွယ်ဆွေးနွေးမှုသည် ၄၅ မိနစ်ကြာမြင့်ခဲ့သည်။

ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော စတားမာ၏ အစ်ကိုဖြစ်သူ Nick အတွက် ဝမ်းနည်းကြေကွဲပါကြောင်း ပြောဆိုကာ ထရမ့်ပ်က စကားဝိုင်းကို အစပြုခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ပြောဆိုသည်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲမှုနှင့် ဓ-ါးစားခံလွှတ်ပေးရေး သဘောတူညီချက်ရရှိခဲ့မှုတွင် ထရမ့်ပ်၏ အခန်းကဏ္ဍကို စတားမာက ချီးကျူးခဲ့သည်။ အရှေ့အလယ်ပိုင်းလုံခြုံရေးအတွက် လက်တွဲလုပ်ဆောင်ရန် အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။

အမေရိကန်အစိုးရသစ်လက်ထက်တွင် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်လာနိုင်မှု အလားအလာများ၊ ယူကရိန်းအပေါ် အမေရိက၏ မူဝါဒ ပြောင်းလဲလာခြင်းတို့နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေချိန်တွင် ဖုန်းခေါ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုသည် နွေးထွေးပြီး ပုဂ္ဂိုလ်ရေးဆန်သည်ဟု အစိုးရသတင်းရင်းမြစ်များက ပြောဆိုသည်။

ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေး၊ စီးပွားရေးတို့နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်းနှင့် ဗြိတိန်၊ အမေရိကနှစ်နိုင်ငံအကြား ဆက်ဆံရေး ရင်းနှီး နွေးထွေးမှုသည် အရေးပါကြောင်းကို အလေးပေးပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ဆိုခဲ့သည်။

“မကြာခင်မှာ သူတို့ တွေ့ဆုံသွားကြဖို့ သဘောတူခဲ့ပြီး နောက်ထပ် ဆွေးနွေးမှုတွေလုပ်သွားကြဖို့လည်း မျှော်လင့်ထားကြပါတယ်” ဟု ဝန်ကြီးချုပ်ရုံးက ပြောဆိုခဲ့သည်။

Ref: အိုင်တီဗီ



Source link

Leave a Reply

Your email address will not be published. Required fields are marked *