နွေဦး
ဉာဏဉာဏ်
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၅
ရင်ထဲမှာ ဘာမှမရှိ
ပြန့်ကြဲနေတဲ့ သစ်ရွက်ကြွေတွေ ငေးကြည့်
သတိရခြင်းတွေဆီ စိတ်ကို မျှောပစ်လိုက်မိတယ်
သေနတ်တွေ တိုက်ချွှတ်သန့်ရှင်းရလို့
ချွေးသီးချွှေပေါက်တွေ ကျ
လက်နက်အစစ်နဲ့ ကစားကြတဲ့ပွဲမှ
ခါးသက်သက်အရသာနဲ့ တော်လှန်ရေးက
ရေစက်ချ အမျှဝေချိန် ရောက်ခမန်းလုပြီ
ဒီနွေဦးပါပဲ
အရင်က နွေနှစ်ရာသီဦးလို
အမှန်တရားအတွက်အသက်တွေ စတေးကြရ
အလံကို တိုင်ခြေတစ်ဝက်လွှင့်ထူထားတဲ့
နွေတစ်ကောင်က မြစ်တစ်မြစ်လို
သွေးစည်းသံ တညံညံရှိလှ
ကမ်းပါးကမ်းနားမှာ အလေ့ကျ ပေါက်ပင်လို
နွေအရောင် နေအရောင်က
အဆိပ်ရှိလှတဲ့ မြွေတစ်ကောင်ရဲ့ အရေခွံလို
တောက်ပ စူးရှလွန်းလှ
မင်သက်ရှူမောဖွယ် ပူလောင်ခြင်းအစမှာ
နှင်းမြူတွေက နာနာကျင်ကျင် လှမ်းလျှောက်လို့
နောက်လှည့်ကြည့်ရင်း ဆားတိုင်ဘဝကို ပြောင်းသွား
သူမတို့က ကမ္ဘာမြေကို ဥပေက္ခာပြု နန်းစွန့်လိုက်ကြပြီ
တံလျှပ်ရယ်
ဘေးဥပါဒ်ရယ်
ဥပါဒ်ဒဏ်ရယ်
ကံကြမ္မာရယ်
ဘဝရဲ့ လေဖိအားနည်းရာရပ်ဝန်းထဲ
ကောင်းခြင်းများရဲ့ လားရာသို့
တည်ငြိမ်စွာ ရွေ့လျားပျောက်ကွယ်သွားကြ
ညအချိန်မှာ ဖြစ်တတ်တဲ့ ဘေးအန္တရာယ်များ
နေ့အချိန်မှာ ပစ်ခတ်တတ်တဲ့ မြားလက်နက်များ
မှောင်မိုက်ထဲမှာ ကြုံဆုံနိုင်ရာ ကာလနာတရား
မွန်းတည့်အချိန်မှာ ဖျက်ဆီးတတ်ရာ ဥပါဒ်အရာများ
ဤခွက်ကို အကျွှန်ုပ်တို့မှ လွန်နိုင်လျှင် လွန်သွားပါစေသား
အသက်ဝိဉာဉ်အား ကွယ်ကာဖို့အလို့ငှာ
သစ္စာတော်ကို ဒိုင်လွှားအဖြစ်
မေတ္တာတော်ကို ဓားသွားအဖြစ်
အသုံးပြုခွှင့်ပေးပါ အရှင်ဘုရား
နွေဦးမှာ
လေရူးရယ်
အချစ်ရူးရယ်
တော်လှန်ရေး ဥပဇ္ဈာယ်ဆရာရယ်
ပေါင်းစပ်မရနိုင်တဲ့ ရွက်ကြွေတွေ နဲ့ သစ်တစ်ပင်ရယ်
ပန်းချီကားတစ်ချပ်ထဲ ခုန်ဝင်ပျောက်ရှ
ဒီနွေဦးအသံနဲ့ အရုပ်က
သရုပ်ကို သဏ္ဍာန်ဖော်ဖို့
လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်
ရောင်နီတွေ သန်းခဲ့ပြီ ။