ylliX - Online Advertising Network
နေချိုသွေး - စစ်‌ကျောပိုးအိတ်နဲ့လူ

နေချိုသွေး – စစ်‌ကျောပိုးအိတ်နဲ့လူ


(မိုးမခ) ဇန်နဝါရီ ၃၀ ၊ ၂၀၂၅

ကျောပိုးအိတ်တလုံးနဲ့ လူတ‌ယောက်ရဲ့ အကြောင်း ပြန်ပြောင်းပြောရရင် ကုန်လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်…။

ဘယ်လိုမှ မေ့ဖျောက်ပစ်လို့ မရတဲ့ အဖြစ်အပျက်တွေက ပိတ်ဖြူစထက်က ပြကွက်လို တရေးရေးပြန်ပေါ်လာတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆ ပေ အမြင့်မှာ တည်ရှိတဲ့ တိုင်းရင်းသားဒေသ မြို့လေးမှာ ကျဆုံးခဲ့ပြီး‌‌တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့တုန်းက အဖြစ်အပျက်…။

၂၀၀၇ ခုနှစ်ထဲ သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေး သံဃာ့အရေးအခင်းကြီး ဖြစ်ခဲ့သလို မှတ်မှတ်ရရ မြို့လေးက အာဇာနည်ကျောက်တိုင်မှာ ကိုယ်တိုင်‌ ရေးထားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ကဗျာအတိုအစ‌လေးကို သွားထားမိတဲ့ ၂၀၀၇ ခုနှစ်ထဲရဲ့  မနက်ခင်း…။

စစ်ဝတ်စုံ ဝတ်ထားတဲ့ လူ ငါးယောက်က လူငယ်လေးရဲ့ ကျောပိုးအိတ်လေးကို ဆွဲလုပြီး စစ်ဆေးမေးမြန်းရင်း ဇာတ်ပိုးကိုအုပ် အင်္ကျီကော်လာစကို ဆွဲမြှောက်ပြီး လူကို ရိုက်ပုတ်ခဲ့ကြတယ်။

အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခံလိုက်ရတဲ့ ကျောပိုးအိတ်လေးနဲ့ ထွက်ကျနေတဲ့ စာရွက်တွေက မြေပြင်ပေါ်  ဒေါသတကြီး ပြန့်ကျဲလို့။သမိုင်း ဆိုတာ မေ့‌ဖျောက်လို့မရတဲ့ အရာတွေနဲ့ ခံခဲ့ရတာကြာခဲ့ပြီ ဆို‌ပေမယ့်….။

ကျောပိုးအိတ်နဲ့ လူငယ်လေးတယောက်က အဲဒီအချိန်ကာလကတည်းက စစ်အာဏာရှင်တွေဆို မုန်းတီး နာကြည်းစိတ်နဲ့ မတရားသာ မြင်ရင် ပါဝင်ရင်း ဖြတ်သန်း‌နေတဲ့ ခေတ်ကြီးရဲ့ သယ်ဆောင်ရာအတိုင်း ရေလိုက်ငါးလိုက်နဲ့ မနေထိုင်တတ်ဘဲ အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေ ကျဆုံးပျက်သုဉ်းရေးမှာ နိုင်ရာကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးစီးတဲ့ စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ဖို့ စတင်လုပ်ဆောင်လာတဲ့နောက် ကျောပိုးအိတ်တလုံးနဲ့ လူတယောက် မခံချင်စိတ်တခုထဲနဲ့ စစ်အာဏာရှင်အောက်မနေလိုမှုနဲ့ ဖေဖော်ဝါရီလ (၇) ရက်နေ့ မနက် (၉) နာရီခွဲမှာ မြို့လေးရဲ့ တက္ကသိုလ်ရှေ့ကနေ စစ်အာ ဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့တယ်။ မြို့လေးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်ဖို့ မြို့ကလူထုကို လမ်းပေါ်ဆွဲတင်ပေးတဲ့နေရာမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပါဝင်ခဲ့တယ်။ပထမဆုံး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ ညီအစ်ကို မောင် နှမတွေကို စတင်ဖမ်းဆီးသာနဲ့ ကြုံရပါပြီ။

ကျောပိုးအိတ်နဲ့ လူတယောက် နေထိုင်ရာ အိမ်ကိုလည်း ဖေ‌ဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ (၄ နာရီ ၄၅ မိနစ်) ခန့်မှာ အင်အား (၄၀) လောက်နဲ့ ဖမ်းဖို့ကြိုးစားရာမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်။

ကျောပိုးအိတ်နဲ့ လူတယောက် မြို့မှာ မရှိတဲ့နောက်ပိုင်း စက်တင်ဘာလ (၁၂) ရက်‌နေ့ ည (၁၁) နာရီခန့်မှာလည်း အိမ်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး အာဏာရှင်လက်ပါးစေ စစ်သားတွေ ဒုတိယအကြိမ် လာရှာကြတယ်လို့ သိလိုက်ရတယ်။

ကျောပိုးအိတ်နဲ့ လူတယောက် ရောက်ရှိနေတဲ့ အသက်အရွယ်အထိ တရားဥပဒေလက်အောက်မှာ နိုင်ငံသား‌ ကောင်းတယောက်အနေနဲ့ ရှင်သန်နေထိုင်ခဲ့သူပါ။

နိုင်ငံသားတယောက်အနေနဲ့ အကြမ်းမဖက်ဘဲ လွတ်လပ်စွာနဲ့ ‌ဆန္ဒထုတ်ဖော် ပြောဆို ရေးသားခွင့်ရှိတဲ့အတိုင်းပြုမူလို့ တိုင်းပြည်ကို အကြမ်းဖက်ပြီး အဓမ္မအာဏာသိမ်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြခဲ့တာပါပဲ။

ကျောပိုးအိတ်တလုံးနဲ့လူတယောက် မတရားမှုတွေကို တရားနည်းလမ်းကျကျ ထုတ်ဖော်ကြွေးကြော်ဆန္ဒပြခဲ့တဲ့ အချိန် နေ့ရက်တွေ…။

စစ်တပ်လက်အောက်ခံ အာဏာပါးကွက်သား ရဲတွေရဲ့ ကျည်အစစ်နဲ့ပစ်ခတ်သတ်ဖျက်မှုမှာ ကျောပိုးအိတ်နဲ့လူငယ်‌လေးတယောက်‌ရဲ့  မြင်ကွင်း‌ရှေ့မှာတင် ဆန္ဒပြ လှုပ်ရှားနေတဲ့ လူငယ်နှစ်ယောက် သေနတ်ကျည်ထိမှန်ပြီး ကျဆုံးကွယ်လွန်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် (၃) လပိုင်း (၂၇) ရက်နေ့ မနက် (၇) နာရီခန့်မှာ အာဏာရှင်လက်ပါးစေ စစ်သားနဲ့ ရဲတွေရဲ့ကျည်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ်မှုမှာ ကျဆုံးခဲ့သာပါ။ အဲဒီအချိန်က စစ်အာဏာရှင်လက်ပါးစေ အကြမ်းဖက်သမားတွေ သေနတ်နဲ့ပစ်ခတ်လို့ မိန်းခလေး (၁) ယောက်၊ ယောက်ျားလေး (၃) ယောက် (၁) ရက်တည်း (၄) ယောက် သေဆုံးသွားခဲ့ရပါတယ်။

ကျောပိုးအိတ်တလုံးနဲ့ လူတယောက်အနေနဲ့ အန္တရာယ်ကင်းရာ နေရာမှာခိုနေရင်းက မြို့‌လေးရဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပါဝင်လုပ်ဆောင်ခဲ့ရင်း အဖမ်းအဆီးတွေကြားက တဖြည်းဖြည်းနယ်ကျဉ်းလာတဲ့မြို့မှာ ဘယ်လိုမှနေလို့မဖြစ်တော့သာနဲ့ ဧပြီလ အစရက်ထဲမှာ မြို့လေးထဲကနေ အောင်မြင်စွာနဲ့ ဆုတ်ခွာထွက်လာခဲ့ရပြီ။

မြို့လေးကနေတဆင့် မန္တလေးမြို့ကို ညမမှောင်ခင် ရောက်ချင်နေမိတယ်။ လမ်းခရီးတလျှောက် လက်နက် ကိုင်စစ်သား‌တွေရဲ့စစ်ဆေးမေးမြန်းမှုတွေကိုဖြေရင်းက မြန်မာပြည်မြောက်ဖျားဘက်ဆီဦးတည်နေတဲ့ကားပေါ် မှာ ကြုံသလို ဖြစ်သလိုစီးရင်း ခရီးရဲ့သယ်ဆောင်ရာအတိုင်း လိုက်ပါသွားခဲ့ပါတယ်။အာဏာရှင်စစ်တပ်ရဲ့ လက်ပါးစေ ပါးကွက်သားတွေရဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုနဲ့ မကြုံချင်လို့ မြို့လေးထဲက ထွက်ချလာတဲ့ ကျောပိုးအိတ်တလုံးနဲ့လူတ‌ယောက်မှာ “အာဏာရှင် မောင်းထုတ်ကြမယ်…အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံကို လမ်းပြမြေပုံလို မှတ် ယူလို့…ခရီးရဲ့ သယ်ဆောင်ရာအတိုင်း လိုက်ပါချီတက်နေပါတော့တယ်။

ငြိမ်းချမ်းစွာနဲ့ ကြွေးကြော်ဆန္ဒထုတ်ဖော်တောင်းဆိုလို့မရတဲ့နောက် တော်လှန်‌ရေးလမ်းစဉ်အတိုင်းချီတက်ရင်း စာရေးဆရာကြီး ဗန်းမော်တင်အောင်ပြောခဲ့တဲ့စကားလို “လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်  တင်ပေးလိုက်တဲ့သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ”။

“‌ကျောပိုးအိတ်နဲ့လူတယောက်”အဖြစ်ကနေ…

……

………

“စစ်‌‌ကျောပိုးအိတ်နဲ့ လူ‌တ‌ယောက်”အဖြစ် တိုင်းရင်းသားပြည်သူအားလုံးအတွက် အမှန်တကယ် တရားမျှတ လွတ်လပ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်လာဖို့အတွက် နိုင်ရာတာဝန်ထမ်းရင်း ခွင့်တူညီမျှဝါဒဖြူစင်တဲ့ နယ်မြေပေါ်မှာ မားမားမတ်မတ် ရပ်လို့…။

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *