မိုးမခ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅
DKBA က ၂၆၁ ယောက်ထိုင်းဘက်ကို လွှဲပေး၊ BGF က အထူးတပ်ဖွဲ့ ဖွဲ့ပြီးနှိမ်နှင်းမယ်လို့ ဆို
ခုရက်ပိုင်း နေ့စဥ်သတင်းတွေရဲ့ ၃ ပုံတပုံလောက်က မြဝတီမြို့နယ် ကျားဖြန့်နှိမ်နှင်းရေးနဲ့ ဆက်နွယ်နေတဲ သတင်းတွေ ဖြစ်နေတာတွေ့ရလောက်အောင် မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်း၊ လောင်စာဆီနဲ့ လျှပ်စစ်ဓါတ်အားဖြတ်တောက်မှု အကျိုးသက်ရောက်မှု၊ ထိုင်းဘက်က ကုန်ပစ္စည်းအချို့ မြဝတီဘက် ရောင်းချခြင်း မပြုနိုင်အောင် ပိတ်ပင်ကန့်သတ်မှု၊ မြဝတီမြို့ခံတွေ ရဲ့ လောင်စာဆီ၊ ထမင်းဟင်း ချက်ပြုတ်တဲ့ သဘာဝဓါတ်ငွေ့ စတဲ့ ကုန်ပစ္စည်းတွေ ကန့်သတ်မှုတွေနဲ့ တရက် တမျိုးမရိုးရအောင် အဖြစ်အပျက်တွေက ဖြစ်ပွားနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့ဘက်မှာသာ နေ့စဥ် ပြောင်းလဲ ဖြစ်ပျက်နေတာ မဟုတ်ပဲ ထိုင်းနိုင်ငံဘက်မှာလည်း မဲဆောက်ခရိုင်ရဲအရာရှိကြီး ၂ ဦးကို စုံစမ်းစစ်ဆေး ဖို့ရှိတယ်ဆိုတဲ့ သတင်း၊ နယ်ပြောင်းရွှေ့လိုက်တဲ့ သတင်း၊ စောချစ်သူနဲ့ အခြား BGF ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ စောမုတ်သုန်၊ စောတင်ဝင်း စုစုပေါင်း ၃ ဦးကို ထိုင်းဘက်က ဝရန်းထုတ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေက ခုရက်ပိုင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားပေး တိုက်တွန်းမှုနဲ့ ထိုင်းနိုင်ငံက တရစ်ပြီးတရစ် လုပ်ဆောင်လာရာမှာ ဒီကျားဖြန့်လုပ်ငန်းတွေကို လက်ခံကာကွယ်ပေးနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အနေနဲ့ အရေးယူနိုင်မှု အတိုင်းအတာကို မှန်းဆမိလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယခင်လတွေ၊ သီတင်းပတ်တွေတုန်းက လိုက်လျောခြင်း မပြုခဲ့တဲ့ လုပ်ဆောင်မှုတွေကို ကမ်းလှမ်းလာနေပြီး ဒီနေ့ဆိုရင် DKBA လက်နက်ကိုင် အဖွဲ့က အကာအကွယ်ပေးထားတဲ့ မြဝတီမြို့နယ် ကျောက်ခက်နယ်မြေထဲက ကျားဖြန့်လုပ်ငန်းမှာ အဓမ္ခစေခိုင်းခံရသူလို့ ယူဆရတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကိုထိုင်းဘက် လွှဲအပ်ပေးခဲ့ပါတယ်။
BGF လက်နက်ကိုင် အဖွဲ့ကလည်း ကျားဖြန့်/လူမှောင်ခို ပပျောက်ရန် နှိမ်နှင်းရေး အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ် ဆိုတဲ့ ထုတ်ပြန်ချက်ကို အသိပေးကြေညာခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ ကြီးကြပ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေး အဖွဲ့၊ အပြင် အခြားသီးခြား အဖွဲ့ ငယ် ၃ ဖွဲ့ကိုပါ ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။
စစ်ကောင်စီ တပ်ရဲ့ အောက်မှာ ဆယ်စုနှစ်တခုကျော်ကြာ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ်နေပြီး ယမန်နှစ် နှစ်ဆန်းပိုင်းကျမှ စစ်ကောင်စီအောက်မှာ ဆက်လက် ရပ်တည်မှာမဟုတ်တော့ဘူးလို့ ထုတ်ဖေါ်ပြောဆိုပြီး ကရင်အမျိုးသား တပ်မတော် အဖြစ်နာမည်သစ်နဲ့ ဖွဲ့စည်းလိုက်တဲ့ ကရင် နယ်ခြားစောင့်တပ်ဟာ အခုလို ကျားဖြန့်ပြဿနာရဲ့ အာရုံစိုက်ခံရဆုံး အဖွဲ့ တာဝန်အရှိဆုံး လက်နက်ကိုင် အဖွဲ့အဖြစ် ဝိုင်းပြီး ပြောဆိုဖိအားပေးလာကြချိန်မှာ ခွာခဲ့တဲ့ စစ်ကောင်စီဘက်ကိုလည်း ချက်ခြင်း ပြန်ကပ်ဖို့ မလွယ်ကူသလို စစ်ကောင်စီ အနေနဲ့လည်း တဖက်မှာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် စောချစ်သူကို ကယ်နိုင်မယ့် အနေအထားမှာ ရှိမနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီအဖို့ ကရင်ပြည်နယ်က ကျားဖြန့်လုပ်ငန်းတွေမှာ နယ်မြေဧရိယာအကျယ်ဆုံးလက်ခံထားပြီး ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ တာဝန်အရှိဆုံးသူ စောချစ်သူကို ယမန်နှစ် ခွဲမထွက်မီ အကြိမ်ကြိမ်စည်းရုံးခဲ့ ပေမယ့် စောချစ်သူက ငြင်းပယ်ခဲ့ပြီး စစ်ကောင်စီကိုလည်း ဆန့်ကျင် တိုက်ခိုက်ခြင်း မပြုဘဲ သီးခြားလက်နက်ကိုင် အဖွဲ့အဖြစ် ရပ်တည်ပြီး အဖွဲ့အနေနဲ့ လက်နက်ငွေကြေးပြည့်စုံနေပြီဖြစ်လို့ ကရင့်အမျိုးသားအရေးတွက် လုပ်ဆောင်သူဆိုတဲ့ နိုင်ငံရေးအရ ဂုဏ်သိက္ခာ အတိုင်းအတာတခုထိ ရနိုင်မယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့တာ လို့ ယူဆစရာရှိပါတယ်။
သို့ပေမယ့် အဲဒီလမ်းကို ရွေးချယ်ပြီး တနှစ်မပြည့်မီမှာ အရှေ့အာရှမှာ အင်အားကြီး တရုတ်နိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကို အခုလို နှိမ်နှင်းဖို့ ဖိအားပေးလာတဲ့ အခြေအနေကြုံလာရတာပါ။ လက်ရှိ အနေအထားမှာ BGF ခေါင်းဆောင် နဲ့ DKBA ခေါင်းဆောင်တွေ ၄င်းတို့ရဲ့ လက်နက်ကိုင် အဖွဲ့ ဂုဏ်သတင်း နဲ့ အကျိုးစီးပွားကို ထိန်းသိမ်းဖို့ အသည်းအသန် ကြိုးစားကာကွယ်နေကြတဲ့ အနေအထားလို့ ဆိုရင် မှားမယ် မထင်ပါ။ ကျားဖြန့် နှိမ်နှင်းရေး လုပ်ဆောင်နေတဲ့ တရုတ်နဲ့ ကြားခံ ဖြတ်သန်းတဲ့ ထိုင်းနိုင်ငံက အစိုးရတွေက နေ့တိုင်း ခြေလှမ်းတလှမ်းပြီး တလှမ်းလှမ်းကာ လုပ်ဆောင်နေတာနဲ့အတူ ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ကလည်း အမျိုးမျိုးသော တုံ့ပြန်မှုတွေ၊ ထုချေပြောဆိုချက်တွေ၊ ၄င်းတို့ ကိုယ်တိုင် နှိမ်နှင်းမယ့် သဘောမျိုး အများမြင်လာအောင် လုပ်ဆောင်ပြ၊ ထုတ်ဖေါ်ပြောဆိုတာ ကြေညာချက်ထုတ်ပြန်တာတွေ လုပ်ဆောင်နေကြရတာ ထင်ရှားစွာ တွေ့နိုင်ပါတယ်။
ဒီလုပ်ငန်းတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ တရုတ်နိုင်ငံသားလို့ ယူဆရတဲ့ ကျားဖြန့် လုပ်ငန်းပိုင်ရှင်တွေ ဘယ်သူဘယ်ဝါဆိုတဲ့ ထုတ်ဖေါ်ပြောဆိုမှု၊ ၄င်းတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံကို ပြန်လည်အပ်နှံတာမျိုး လုပ်ဆောင်တာ မတွေ့ရသေးသလို ဒီလို လုပ်ငန်းတွေကိုပိတ်သိမ်းလိုက်တဲ့ သတင်းမျိုး တခုမှ မရှိသေးတာ သတိပြုစရာ အချက်ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေမှာ သားကောင်ဖြစ်ကြရတဲ့ နိုင်ငံအသီးသီးက ကျေးကျွန်ပြုခံကြရသူတွေကို အရေအတွက် ဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးနေတာတွေ လုပ်ဆောင်ပေမယ့် ရာဇဝတ်ဂိုဏ်းတွေကို ခေါင်းဆောင်သူတွေ တဦးတယောက်မျှ အခုအချိန်ထိ ဖမ်းဆီးလွှဲပြောင်းပေးတာ မတွေ့ရသေးပါဘူး။ ဒီဒေသကို လက်နက်ကိုင် အကာအကွယ်ပေးထားတဲ့ BGF နဲ့ DKBA ဟာ ၄င်းတို့နယ်မြေအတွင်း ရာဇဝတ်မှုလုပ်ငန်းတွေ ဘယ်နှခု ရှိတယ်၊ ဘယ်သူတွေ ဦးဆောင်ကြသလဲ ဆိုတဲ့ သတင်းအချက်အလက် ၄င်းတို့ လက်ဝယ်မှာ ရှိမယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါဘူး။
အဆိုပါ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ချိန်ဆနေတဲ့အရာက ဒီလုပ်ငန်းတွေကရတဲ့ အကျိုးစီးပွားကို ဘယ်လောက်ထိ ထိခိုက်ခံမလဲ ဆိုတဲ့ ချိန်ဆမှုဖြစ်ပါလိမ့်မယ်။ ၄င်းတို့ကို လက်နက်ကိုင်တပ်နဲ့ ဝင်ရောက်စစ်ဆေးနိုင်တဲ့ အနေအထားမျိုး ထိုင်းမှာလည်း မရှိသလို မြန်မာစစ်ကောင်စီမှာလည်း လောလောဆယ် ရှိမနေပါဘူး။ ယမန်နှစ် မတ်လနဲ့ ဧပြီလတွေမှာ တပ်ရင်းတွေ စကခ ဌာနချုပ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီ အနေနဲ့ မြဝတီမှာ BGF ရဲ့ အကာအကွယ်နဲ့ နယ်စပ်ဂိတ် အုပ်ချုပ်ရေးသာ လက်ဝယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဒေသမှာ အတိုင်းအတာတခုထိ စိုးမိုးနိုင်တဲ KNU အနေနဲ့လည်း ကရင်လက်နက်ကိုင် အဖွဲ့အချင်းချင်း မတိုက်ခိုက်ရေး ဆိုတဲ့မူ ဆုပ်ကိုင်ထားတာကြောင့် အခု ကျားဖြန့်အရေးမှာ အရေးပါတဲ့ သြဇာအာဏာရှိတဲ့ အခန်းကဏ္ဍက ပါဝင်ခြင်းမရှိဘူးလို့ လည်း ယူဆရသလို မဝေးတဲ့နှစ်ကာလက ၄င်းတို့အဖွဲ့ကိုယ်၌က မြေငှားစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖြစ်က ဂုဏ်သိက္ခာအရ ထိခိုက်စရာ အနေအထားလည်း ဖြစ်ပါတယ်။
ချုံ့ပြောရရင် ကျားဖြန့် လုပ်ငန်းနှိမ်နှင်းရေးဟာ ကရင်ပြည်နယ် မြဝတီဒေသ၊ မွန်ပြည်နယ် ဘုရားသုံးဆူဒေသတို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ် တချို့ကို နိုင်ငံရေးအရ ကျဆုံးစေပြီး ဒီဒေသရဲ့ လက်နက်ကိုင် အာဏာချိန်ခွင်လျှာ အပြောင်းအလဲထိ ရောက်စေမလားဆိုတဲ့ မှန်းဆမှုတွေ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar