ylliX - Online Advertising Network

စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေအကြား တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ


(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၂၄⁨⁨⁨⁨⁨⁨

စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေအကြား တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ 

မကြာခင် နိုဝင်ဘာ ၇-၈-၉ ရက်တွေမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် သတင်းက တရုတ်နိုင်ငံအစိုးရနဲ့ စစ်ကောင်စီတို့ ဘယ်လောက်ထိ နီးစပ်လာတဲ့ အချက်ကိုနောက်ထပ် သက်သေပြလိုက်တဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။  

အာဏာသိမ်း စစ်ကောင်စီ အစိုးရကို ခေါင်းဆောင်သူအနေနဲ့ အာဏာသိမ်းပြီး ၃ နှစ်ခွဲကျော်ကာလ အတွင်း အာဆီယံ အထူးအစည်းအဝေး ကိုယ်တိုင်တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို တကြိမ်၊ လက်နက်နဲ့ စစ်ပညာ ကျွမ်းကျင်မှုတွေ လေ့ကျင့်သင်ကြားပေးတဲ့ ရုရှားနိုင်ငံကို တကြိမ်သာ သွားရောက်ခဲ့ဖူးပြီး တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးစဥ်ဟာ ရှားပါးတဲ့ ခရီးစဥ်တခုဖြစ်သလို မြန်မာနိုင်ငံရဲ့ လတ်တလော အဖြစ်အပျက်တွေမှာ ထဲထဲဝင်ဝင် ဖိအားပေးနေတဲ့ တရုတ်နိုင်ငံဆီ သွားရောက်မှာ ဖြစ်တာကြောင့် ဒီခရီးစဥ်က သံတမန်ရေးအရ အသိအမှတ်ပြုတဲ့ သဘောသက်ရောက်တာထက် ပိုမိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

သြဂုတ်လလယ်တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံနေပြည်တော်ကို လာရောက်ပြီး စစ်ကောင်စီ ဥက္ကဌနဲ့ တွေ့ဆုံမှုအပြီး ၃ လဝန်းကျင် အကြာမှာ အခုလိုခရီးစဥ် ပေါ်ထွက်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အလှည့်အပြောင်းလို့လည်း ဆိုနိုင်တဲ့ သြဂုတ်လ ခရီးစဥ်အပြီး တရုတ်နိုင်ငံ အနေနဲ့ ဗမာစစ်တပ်ကို ပြိုကွဲတာ၊ ပြိုလဲတာ၊ နေပြည်တော်က အာဏာသိမ်းစစ်အစိုးရ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်ခံတပ်တွေ နယ်မြေအသီးသီး သိမ်းယူနိုင်ခြင်းဟာ တရုတ်နိုင်ငံအတွက် အကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆမှု ဖြစ်ပေါ်လာချိန်မှာ စစ်ကောင်စီရဲ့ စစ်ရေးအခြေအနေအရ လက်ရှိအနေအထားထက် ပိုမိုဆုံးရှုံးမသွားအောင် တရုတ်နိုင်ငံ အနေနဲ့လိုလားလာပြီး နယ်စပ် ဂိတ်တွေ ပိတ်တာ၊ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေဘက် တင်သွင်းမယ့် ရိက္ခာ၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ စတဲ့ ကုန်ပစ္စည်း တင်ပို့ဖို့ ကန့်သတ်တာတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းက ကေအိုင်အေက စလို့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA လက်နက်ကိုင် ၊ ရှမ်းမြောက်နဲ့အရှေ့ဘက်မှာ လှုပ်ရှားကြတဲ့ MNDAA လက်နက်ကိုင်၊ အဲဒီနောက် ဝ လက်နက်ကိုင်တွေအထိ တရုတ်နိုင်ငံက ဖိအားပေးနေပြီး ၄င်းတို့ လိုလားတဲ့ အနေအထားမျိုးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လက်ခံသဘောတူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲဟာ လက်တွေ့ အကျိုးစီးပွားအပေါ် အခြေခံပြီး ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေးစံနှုန်းတွေနဲ့ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို လျစ်လျူရှုကာ နိုင်ငံတည်ငြိမ်ရေး လက်နက်ကိုင် တိုက်ခိုက်မှုရပ်စဲရေးကိုသာ လိုလားတယ်လို့ ဆိုလာခြင်းဟာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တော်လှန်ရေး အင်အားစုတွေ အတွက် အခက်အခဲဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံနဲ့ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ဘဲ၊ မြန်မာစစ်တပ်ဘက်က ပိတ်ဆို့မှုတွေ ဖြတ်တောက်မှုတွေကို တရုတ်နိုင်ငံဘက်က တင်သွင်းတဲ့ လူသုံးကုန်တွေနဲ့ လောင်စာဆီတွေကို အသုံးပြုကာ ရပ်တည်နိုင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့မှာ တရုတ်နိုင်ငံက မလိုလားတဲ့ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့တောင် တရုတ်နိုင်ငံကျေနပ်အောင် လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါလိမ့်မယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့လည်း ယခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံဆိုင်ရာ သဘောထား ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ တရုတ်တနိုင်ငံထည်း မူဝါဒကို လက်ကိုင်ထားကြောင်း၊ မြန်မာနိုင်ငံအတွက် အထူးအရေးပါတဲ့ နိုင်ငံအဖြစ် ခံယူကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု နဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ပေးသွားမယ့် အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဒေသတွင်းနိုင်ငံများနဲ့အတူ ပူးပေါင်းနှိမ်နှင်းသွားမယ့် အကြောင်း ကြေညာခဲ့တာ တွေ့ရပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ခဲ့တဲ့ မူဝါဒတွေက ယေဘုယျအားဖြင့်ဆိုရရင် ဘာမှ အပြစ်ပြောစရာ မရှိတဲ့သဘောထား မူဝါဒလို့ဆိုရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ တရုတ်နိုင်ငံအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ နယ်မြေ စိုးမိုးမှု ကျယ်ပြန့်လာတဲ့ အကျိုးဆက်၊ စစ်ကောင်စီတပ်တွေ ပြိုလဲခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ အခင်းအကျင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုကြီးကြီးမားမား ရှိလာတဲ့ အနေအထားဖြစ်ပြီး ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ NUG အနေနဲ့ တရုတ်နိုင်ငံ စိုးရိမ်မှုတွေကို အဖြေပေးနိုင်ဖို့ လိုအပ်လာတဲ့ အနေအထားလို့ ယူဆမိပါတယ်။ NUG အနေနဲ့ တရုတ်နိုင်ငံရဲ့ factor ကို လေးလေးနက်နက် ထည့်သွင်းစဥ်းစားဖို့လိုသလို တရုတ်နိုင်ငံဆိုင်ရာ မူဝါဒက အားနည်းချက် ရှိနေသလား ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို ရှင်းလင်းပြောဆိုပြီး လက်တွေ့ အာမခံနိုင်သလားဆိုတဲ့ အချက်တွေက လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်းတွေ ဖြစ်လာနေတဲ့ သဘောလို့ မြင်မိပါတယ်။ 

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်နဲ့ ဝ လက်နက်ကိုင် တပ်ဖွဲ့က တာဝန်ရှိသူတွေ သြဂုတ်လ ၂၇ ရက်နေ့ ယူနန်ပြည်နယ် ပူအယ်မြို့ မှာတွေ့ဆုံခဲ့တဲ့ အစည်းအဝေး မှတ်တမ်း အရဆိုရင်တရုတ်နိုင်ငံက NUG အပေါ် အမေရိကန်နဲ့ နီးစပ်တဲ့ အစိုးရ၊ နိုင်ငံရေးအင်အားစု အဖြစ်ရှုမြင်ပြီး ၄င်းနယ်နိမိတ်ထိစပ်တဲ့ ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကို NUG နဲ့ ခပ်ခွာခွာနေဖို့ ဖိအားပေးမှုတွေ ရှိနေတဲ့အချက်ကိုလည်း အထောက်အထားနဲ့တကွ သိရှိခဲ့ကြရတာပါ။ 

ဒီအခင်းအကျင်း သဘောထားတွေကို ခြုံငုံသုံးသပ်ကြည့်ရင် NUG အနေနဲ့ တရုတ်နဲ့ ပတ်သက်တဲ့ မူဝါဒ သို့မဟုတ် မဟာဗျူဟာတခု ပြန်လည်သုံးသပ်ချမှတ်ဖို့ လိုအပ်နေပြီလို့ ယူဆစရာ ရှိနေတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *