ဒဂုံဆိပ်ကမ်း ၊ နိုဝင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် အသိပညာ ဗဟုသုတများ တိုးတက်မြင့်မားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်ပင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၈) ရက်နေ့က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်မိုးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက မြို့နယ်အတွင်းရှိ ကျေးရွာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအမံများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ရပ်ကွက်ကျေးရွာစာကြည့်တိုက်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ပထမအပတ်တွင် ကျင်းပနိုင်ရေး လျာထားလျက်ရှိပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက် ၂၈ ရပ်ကွက်၊ ကျေးရွာ ၄ ရွာ ဖွဲ့စည်းထားလျက်ရှိရာ ယခုကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် ကျီစုကျေးရွာ၊ သရက်ပင်ချောင်ကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ ဒလဘမ်းကျေးရွာ၊ မြန်မာ့သားကောင်းအိမ်ရာအတွင်းရှိ ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများအား ကိုယ်စားပြုပြီး ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ
https://t.me/MyanmarNationalPost