ylliX - Online Advertising Network

ထူးခြားသည့်ဘုံကထိန်အလှူဒါန | Myawady Webportal


 

ထူးခြားသည့်ဘုံကထိန်အလှူဒါန

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ   ၁၃  ရက်)

မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များနှင့်ပတ်သက်၍ ရှေးစာဆိုရှင်များ သီကုံးဖွဲ့ဆိုထားသော စာပေများကား လွန်စွာများပြားလှသည်။ ကိုယ့်အရှင်ကိုယ့်သခင်နှင့် နေထိုင်ရသောကာလများမို့ မြန်မာတို့၏ စာပေထွန်းကားမှုမှာ ဂုဏ်ယူဖွယ်ကောင်းလှသည်။ စာဆိုများ၏ မြန်မာစာပေတတ်မြောက်မှုမှာလည်း စံထားလောက်ပေသည်။ ထိုစာဆိုရှင်များစွာထဲမှ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့သော တန်ဆောင်မုန်းလ လေးချိုးကဗျာလေးမှာ ကြည်နူးဖွယ်အတိဖြစ်သည်။ ထိုလေးချိုးကဗျာမှာ ‘‘လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ဆုပန်ရွယ်။ သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညာရင်းမှာ၊သင်းရနံ့ကြွယ်။ ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး။ ငွေလစန္ဒာနှင့်၊ ကြတ္တိကာကြယ်ပြောင်ရွှန်းငယ်၊ ထွန်းထိန်လို့မြူး’’ ဟူ၍ဖြစ်သည်။

တန်ဆောင်မုန်းလသည် သဘာဝအလှနှင့်လူသားတို့၏ထူးခြားချက်အလှတို့ဖြင့် တန်ဆာဆင်ထားသည့် အားလျော်စွာ ထူးခြားထင်ရှားသော အလှူဒါနပွဲမှာ ကထိန်ပွဲဖြစ်သည်။ ကထိန်ဆိုသည်မှာ ကထိနဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုကထိန်၏ ဆိုလိုရင်းမှာမြဲမြံခြင်း၊ ခိုင်ခံ့ခြင်း၊ ခိုင်မြဲခြင်းဟူ၍ဖြစ်သည်။ မြဲခြင်းအမျိုးမျိုးရှိကြရာတွင် ကထိန်နှင့်ပတ်သက်၍မြဲခြင်းမှာ အချိန်ကာလအားဖြင့်မြဲခြင်းနှင့် အကျိုးတရားအားဖြင့်မြဲခြင်းတို့ဖြစ်သည်။ အချိန်ကာလအားဖြင့် မြဲခြင်းမှာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းရခြင်းဖြစ်သည်။  ကထိန်ခင်းခြင်းကို ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ်ပေးခြင်းဖြစ်၍ အခြားသောလများတွင် ကထိန်ခင်းခြင်း လုပ်ဆောင်၍မရပေ။

‘‘ရဟန်းတို့၊ ဝါကျွတ်သောရဟန်းတို့အား ကထိန်ခင်းခြင်းငှာခွင့်ပြု၏။ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားစွာရှိသော ရဟန်းတို့အားမပန်ကြားဘဲ ဒါယကာအိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်သော သင်္ကန်းကိုမယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကိုစားနိုင်ခြင်း၊ အဓိဋ္ဌာန်ဝိကပ္ပနာ မပြုသောသင်္ကန်းကို အလိုရှိတိုင်းဆောင်နိုင်ခြင်း၊ ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ငါးပါးသော ကထိန်အာနိသင်တို့ကိုရကုန်၏’’ ဟူ၍ မြတ်စွာဘုရားမိန့်တော်မူခဲ့ရာ ကထိန်၏အကျိုးကို ရဟန်းတော်တို့ရရှိသည့်နည်းတူ လှူဒါန်းသူဒါယကာ၊ ဒါယိကာမတို့လည်း ရရှိကြသည်။ ကထိန်ဒါနပြုသူတို့မှာ လိုရာခရီးသို့ အပိတ်အပင် အဆီးအတားမရှိ ဘေးရန်ကင်းကွာ ချမ်းသာစွာသွားရောက်နိုင်ခြင်း၊ မိမိတို့၏ပိုင်ဆိုင်ဥစ္စာများ ရပ်ဝေး၌ သိမ်းထားစေကာမူ ဘေးမသီရန်မခခြင်း၊ ကောင်းမွန်သည့် အစာအာဟာရကိုစားရပြီး အစာမှအဆိပ်မသင့်နိုင်ခြင်း၊ ရောက်ရာဘဝတွင် စည်းစိမ်ချမ်းသာ ပေါများကြွယ်ဝခြင်း၊ ဖြစ်ပေါ်လာသည့်စီးပွားဥစ္စာ ခိုင်မြဲခြင်းတို့သည် ကထိန်အလှူရှင်တို့ ခံစားရနိုင်သည့် အကျိုးကျေးဇူးများပင်ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ဝါတော်နှစ်ဆယ်မပြည့်မီက ရဟန်းတော်များသည် ပံ့သကူသင်္ကန်းကို ဝတ်ရုံလေ့ရှိသည်။ ဝါတော်နှစ်ဆယ်ပြည့်သောအခါတွင် ပံ့သကူသင်္ကန်းသာမက ဂဟပတိစီဝရခေါ် ဒါယကာတို့လှူသောသင်္ကန်းကို ဝတ်ရုံခွင့်ရကြသည်။ ထိုအခြေအနေမျိုးတွင် ပံသကူဓုတင်ဆောင် ရဟန်းတော်များ အခက်အခဲမရှိစေရန် ပံ့သကူပစ်မှု ပေါ်ပေါက်လာသည်။ ဤသို့ဖြင့် ပံ့သကူပစ်သော အလှူတစ်မျိုးပြုလုပ်သူ များလာသဖြင့် ပွဲတစ်ခုအနေဖြင့် သတ်မှတ်ကြသည်။ ဤပံ့သကူပစ်ပွဲမှာလည်း တန်ဆောင်မုန်းလ၏ ထူးခြားချက်အလှပင်ဖြစ်သည်။

ကထိန်နှင့်ပတ်သက်၍ အကျိုးတရားအားဖြင့်မြဲပုံမှာ ကထိန်ခင်းသည့်ကျောင်းတိုက်တွင် သီတင်း သုံးတော်မူကြသည့် ပုရိမဝါမှထသောရဟန်းတော်များမှာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလတိတိ ကထိန်အကျိုးငါးမျိုးကို ခိုင်ခိုင်မြဲမြဲ ရရှိစေပါသည်။ ထူးခြားလေးနက်သော ဝိနည်းပိဋကတ်အရ အလေးအမြတ်ပြုအပ်သော သာသနာတော်ဆိုင်ရာ အခမ်းအနားဖြစ်သကဲ့သို့ ကထိန်သင်္ကန်းလှူဒါန်းသည့် အလှူရှင်တို့မှာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည်အထိ အကျိုးထူးရရှိနိုင်သည်။ ထို့ကြောင့် ကထိန်သင်္ကန်းလှူဒါန်းခြင်းမှာ ထူးကဲမွန်မြတ်လှသည့် အလှူဖြစ်သည်။

ကထိန်ခင်းခြင်းဆိုသည်မှာ လူဒါယကာ၊ ဒါယိကာမတို့ဆောင်ရွက်ရခြင်း မဟုတ်ဘဲ ရဟန်းသံဃာတော်များကသာ ကထိန်ခင်းရခြင်းဖြစ်သည်။ ဒကာ၊ ဒကာမများက ကထိန်ခင်းရန်အတွက် ဉတ်သင်္ကန်းကိုလှူဒါန်းရခြင်းဖြစ်သည်။  ဉတ်သင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ဉတ်ကမ္မဝါကိုဖတ်ပြီးလျှင် ကထိန်ခင်းမည့်ရဟန်းကို သံဃာတော်များ၏ သဘောတူညီမှုနှင့် သင်္ကန်းပေးရခြင်းဖြစ်သည်။ ထိုသို့သိမ်ထဲတွင် ဉတ်ကမ္မဝါဖတ်ကာ သင်္ကန်းပေးပြီးမှ ကထိန်ခင်းရသည့်အတွက် ကထိန်သင်္ကန်းကို ဉတ်သင်္ကန်းဟုခေါ်ခြင်းဖြစ်သည်။ ပဒေသာပင်တွင် သီထားသည့်သင်္ကန်းများမှာ ကထိန်သင်္ကန်းမဖြစ်ဘဲ ကထိန်အရံ သင်္ကန်းများသာဖြစ်သည်။ ဒုကုဋ်၊ ဧကသီနှင့်သင်းပိုင်ဟူသော သင်္ကန်းသုံးထည်မှ ကထိန်ခင်းရခြင်းဖြစ်သည်။ အဆိုပါသင်္ကန်းသုံးထည်တွင် ဒုကုဋ်မှာပခုံးတင်၊ ဧကသီမှာအပေါ်ဝတ်ရုံ၊ သင်းပိုင်ဆိုသည်မှာ ခါးအောက်ဝတ်ရုံသာ ဖြစ်သည်။ ထိုသုံးထည်မှ တစ်ထည်ထည်သာလျှင် ကထိန်သင်္ကန်း သို့မဟုတ် ဉတ်သင်္ကန်း ဖြစ်သည်။ အဆိုပါကထိန်သင်္ကန်းကို အားလုံးစုပေါင်းထားသည့် အလှူငွေဖြင့်လှူမှသာ ဘုံကထိန်ဆိုသည့် အတိုင်း အားလုံးအလှူရှင်ဖြစ်ပေမည်။ အနှစ်ချုပ်ဆိုရသော် ထူးခြားသည့် ဘုံကထိန်အလှူဒါနတွင် ပျော်ရွှင်မဆုံး လှူဒါန်းကြသည့်မြင်ကွင်းများမှာ ကြည်နူးဖွယ် ကောင်းလှပါကြောင်း။    ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *