ylliX - Online Advertising Network

အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ


(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨

အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ 

အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေက မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ဝန်းကျင်ရှိလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်ရာဇဝတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံတကာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းဆဲတာ၊ အရပ်သားနေအိမ် အဆောက်အဦတွေကို မီးရှို့တာ ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာတွေကို စစ်ရာဇဝတ်မှုလို့ ဖွင့်ဆိုပါတယ်။ အခုလို ကျူးလွန်မှုတွေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖွဲ့ အနေထက် တဦးချင်းက တာဝန်ခံရမယ့် သဘောလို့လည်း ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုနဲ့ ပတ်သက်လို့ အစဥ်အဆက်ရှိနေခဲ့တာ ဖြစ်ပြီး ကျူးလွန်သူတွေကို တာဝန်ခံယူမှု၊ အပြစ်ပေး အရေးယူနိုင်မှုက အလွန်ရှားပါးတဲ့ အနေအထားမျိုး ရှိနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကာလအတွင်းက စလို့ မဆလ ခေတ်၊ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ်၊ ၂၀၁၁ ကနေ ၂၀၂၁ ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ တက်လာတဲ့ အစိုးရ ၂ ဆက်လက်ထက်မှာလည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး စစ်ရာဇဝတ်မှုနဲ့ ဒိထက်ပိုမိုဆိုးရွားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု Genocide စွဲဆိုချက်တွေအထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အထက်ကဆိုခဲ့သလို မြန်မာ့အတိတ်သမိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ရှိခဲ့ပေမယ့်လည်း အပြစ်ပေး အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အာဆာ လက်နက်ကိုင်တွေကို ရှင်းလင်းတယ်ဆိုတဲ့ စစ်ဆင်ရေးအတွင်း စစ်ရာဇဝတ်မှုထက်ပိုမို ဆိုးရွားတဲ့ ပြစ်မှုဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ခြင်းကို နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ စွဲဆိုခံခဲ့ရပေမယ့် ကျူးလွန်သူတွေ အပြစ်ပေးခံရခြင်း မရှိသေးပါဘူး။  

 ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်မှာတော့ အရင်က ဖြစ်ပျက်ခဲ့တာတွေထက် ပိုမိုများပြားတဲ့ အရေအတွက်နဲ့ သို့မဟုတ်ပိုမိုဆိုးရွားတဲ့ ဖြစ်စဥ်တွေ အနေနဲ့ ကြုံတွေ့နေကြရပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီ၊ မေလနောက်ပိုင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ စတင်ပေါ်ထွက်လာချိန်မှာ စစ်ကောင်စီတပ်တွေက ခုခံတော်လှန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ဆင်ရေးတွေ လုပ်တာနဲ့အတူ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဘာမျှ မပတ်သက်တဲ့ အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ ကလေးသူငယ် နဲ့ အသက်အရွယ် ကြီးရင့်သူတွေ အပါအဝင်၊ မသန်စွမ်းသူတွေအထိ ခုခံတော်လှန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ကူညီမှု၊ အထောက်အပံ့ပေးမှုတွေနဲ့ စွပ်စွဲ သတ်ဖြတ်တာတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သာဓက အားဖြင့် ဖရူဆိုမြို့နယ်ထဲက မိုဆူး ကျေးရွာအနီး စစ်ရှောင် အရပ်သား ၄၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပြီး မီးရှို့ကာ လက်ရာခြေရာဖျောက်ဖျက်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ ကလေးသူငယ် အများအပြား သေဆုံးခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု၊ မုန်တိုင်ပင် ကျေးရွာမှာ အရပ်သား ၃၀ နီးပါးကို PDF အဖွဲ့ဝင်၊ ကူညီသူအဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု အစရှိတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့သလို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုအရှိန်မြင့်လာချိန်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ သိသိသာသာ မြင့်တက်လာပြီး အရပ်သား သေဆုံးမှု နဲ့ နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦတွေ အများအပြား ပျက်စီးတဲ့ အဖြစ်တွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ 

စစ်ရာဇဝတ်မှု အများစုက စစ်ကောင်စီတပ်တွေ ကျူးလွန်ကြတာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေး အင်အားစုလို့ ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ကျူးလွန်မှုတွေ ရှိနေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ မကွေးတိုင်းထဲက YDF လက်နက်ကိုင်အဖွဲ့က ဆောမြို့နယ်ထဲမှာ မိသားစုဝင်တစုလုံးနဲ့ ဧည့်သည်အပါအဝင် ၆ ဦး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ပလုံကောက်သူ အသက်မပြည့်သေးတဲ့ ကလေးအရွယ် တစုကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တဲ့ အမှု အစရှိတဲ့ စစ်ရာဇဝတ်မှုတွေလည်း ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း တခုမက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်လယ်ဝန်းကျင်မှာ KNU ရဲ့ အောက်က KNDO လက်နက်ကိုင်အဖွဲ့က ကရင်ပြည်နယ် နယ်စပ်ဒေသမှာ တံတားဆောက်တဲ့ အလုပ်သမား ၂၅ ဦးခန့်ကို သတင်းထောက်လှမ်းသူ ဆိုတဲ့ စွပ်စွဲမှုနဲ့ သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေလည်း ဖြစ်ပွားခဲ့တာပါ။ 

အခုလို စစ်ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ အမိန့်ပေးသူတွေကို ခုအချိန်ထိ တိတိပပ အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ အချို့သော မှားယွင်းသတ်ဖြတ်မှုတွေအတွက် တချိန်တော်လှန်ရေး ပြီးတဲ့အခါ ပေးသမျှ ပြစ်ဒဏ်ခံယူပါမယ်ဆိုတဲ့ ပြောဆိုမှုမျိုးလည်း အချို့ စစ်ရာဇဝတ်မှုတွေမှာ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် လတ်တလောမှာ စစ်ကောင်စီတပ်တွေကို အပြီးတိုင် အနိုင်မယူနိုင်သေးတာကြောင့် တာဝန်ခံဖို့၊ အပြစ်ပေးဖို့ မလွယ်ကူသေးတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တရားရုံးလို၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေအနေနဲ့ မှတ်တမ်းယူထားပြီး တချိန်ချိန်မှာ တာဝန်ခံမှုကို ရယူကောင်းလည်း ရယူနိုင်ပါလိမ့်မယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုလို့ ခေါ်ဆိုတဲ့ PDF တွေ၊ EAO တွေ ဘက်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ခံမှုတွေ ရှိဖို့ လိုအပ်ပါလိမ့်မယ်။ 

အခုလိုကာလမှာ တာဝန်ခံစရာ မလိုသေးဘူးဆိုတဲ့ အယူအဆက အသစ်သော စစ်ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်နိုင်ခြေ ရှိနေတဲ့ သဘောလည်းဖြစ်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အနေနဲ့ အလေးထား ရမယ့် အချက်တချက်လည်း ဖြစ်နေပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *