မာမာ ဒီနေ့တော့ ဒန့်ဒလွန်သီးလေးတွေ ဝယ်လာပြီး သနပ်လေး လုပ်ဖြစ်ပါတယ် မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက် ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ ဒန့်ဒလွန်သီးသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဒန့်ဒလွန်သီး – သုံးတောင့်
- ခရမ်းချဉ်သီး အလုံးကြီးကြီး – နှစ်လုံး
- ငရုတ်သီး အရောင်တင်မှုန့် – ထမင်းစားဇွန်း လေးဇွန်း
- ပဲနံ့သာစေ့ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မုန်ညင်းစေ့ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မန်ကျည်းသီးမှည့် – ထမင်းစားဇွန်း နှစ်ဇွန်းစာ
- ပျဉ်းတော်သိမ်းရွက် – တစ်ခက်
- ကြက်သွန်ဖြူ – အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်သီးစိမ်း – ဆယ်တောင့်
- ဆား – လက်ဖက်ရည်ဇွန်း ဇွန်းတဝက်
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ – လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
- ဒန့်ဒလွန်သီးကို အပေါ်ယံ အခွံကို ဓါးနှင့်ခြစ်ပြီး အကြောများကို သင်ပေးထားပါ
- ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ကာ ရေဆေးပြီး ရေစစ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်သေးသေး အစိတ်လေး လှီးပေးကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းရုံလေး ပြုပ်ထားပါ
- မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
- ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
- အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အခွံသင်ပြီးသား ဒန့်ဒလွန်သီးများကို ထည့်ပြီးကြော်ပေးပါ
- အနည်းငယ် ညိုရောင်သမ်းလာပါက ဆယ်ယူပြီး ဆီစစ်ထားပါ
- ဆီအိုးထဲမှ ဆီတော်တော်များများကို ခပ်ယူပြီး အအေးခံထားပါ
- ပြီးလျှင်အိုးထဲတွင် ဆီအနည်းငယ်ချန်ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
- ဆီသပ်နံ့ မွေးလာပါက ပြုပ်ထားသော သောခရမ်းချဉ်သီးကို ထည့်ပြီးအနှစ်ကျကာ ကြေလာအောင်ချေပေးပါ
- ခရမ်းချဉ်သီးများ ကျေလာပါက ကြော်ထားသော ဒန့်ဒလွန်သီးကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ ဒန့်ဒလွန်သီးများ ကျက်အောင် ချက်ပေးပါ
- ဒန့်ဒလွန်သီးများ နူးလာတော့မှ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်ပေးပါ
- ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
- လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးထားပါ
- ဒန့်ဒလွန်သီး ကြော်ထားသည့်ဆီကို အပေါ်မှ လောင်းထည့်ပေးပြီး အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
- မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
- ထမင်းဖြူနှင့်ဖြစ်စေ ပလာတာ တိုရှည် ပူရီတို့နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။