မောင်မောင်
ဧရာဝတီတိုင်းဒေသကြီးသည် စပါးကိုအဓိကစိုက်ပျိုးသော မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်း၍ စျေးကွက်ရှိသော စပါးမျိုးများအား ရွေးချယ်စိုက်ပျိုးသင့်လာပါသည်။ ယင်းမျိုးများထဲမှ ပေါ်ဆန်းအုပ်စုကို ထုတ်ကုန်အဖြစ် စိုက်ပျိုးရန် ပေါ်ဆန်းစျေးကွက်ကို ဈေးကွက်ဝင်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြည်တွင်းသာမက ပြည်ပအထိ တန်ဖိုးမြင့်ထုတ်ကုန်ဆန်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်လာပါသည်။
မြန်မာနိုင်ငံတွင် စပါးမျိုးသစ်ထုတ်လုပ်ရာတွင် ပြည်တွင်းဒေသမျိုးများရွေးချယ်ခြင်း၊ ပြည်ပမျိုး တင်သွင်းခြင်းနှင့်ရွေးချယ်ခြင်း၊ သမားရိုးကျ မျိုးကူးစပ်ရွေးချယ်ခြင်း၊ မော်လီကျုလာနည်းဖြင့် မွေးမြူရွေးချယ်ခြင်း၊ မျိုးထွန်းနည်းဖြင့် မွေးမြူရွေးချယ်ခြင်းနှင့် အပင်တစ်ရှူးနည်းဖြင့် မွေးမြူရွေးချယ်ခြင်း စသည့်နည်းလမ်းများဖြင့် ထုတ်လုပ်ကြကြောင်း သိရှိရပါသည်။
၁၉၀၇ ခုနှစ်တွင် မှော်ဘီ၊ စစ်တွေနှင့် မန္တ လေးတို့တွင် ဗဟိုစိုက်ပျိုးရေးခြံများ စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒေသမျိုးများအား မျိုးသန့်မွေးမြူရွေးချယ်စုဆောင်းခြင်းများ ပြုလုပ်ကာ ငကျွဲ (D 25-4)၊ ပေါ်ဆန်းမွှေး (D 44-8)၊ ပင်တိုစိမ်း(A 29-20)နှင့် အီကရင်ကွ(A 35-17)မျိုးများ ထုတ်လုပ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
ပေါ်ဆန်းမွှေးမျိုးအား ၁၉၂၂ ခုနှစ်တွင် မူရင်းဒေသမြောင်းမြအဖြစ် တွေ့ရှိခဲ့ပြီး နိုင်ငံတော် မျိုးစေ့ကော်မတီက မှတ်ပုံတင်အမှတ်(Rc-2000-37)ဖြင့်လည်းကောင်း၊ ပေါ်ဆန်းဘေးကြားမျိုးအား မှတ်ပုံတင်အမှတ် (Rc-2000-38)ဖြင့်လည်းကောင်း ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးစေ့မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ရရှိနိုင်
ပေါ်ဆန်းစပါးမျိုးစိုက်ပျိုးရာတွင် စပါးအထွက်နှုန်းကောင်းစေရန် ဓာတ်မြေဩဇာများ အလွန်အကျွံထည့်သွင်းသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ စိုက်ပျိုးမည့်ဒေသ၏ သွင်းရေရရှိမှုနှင့် ပန်းပွင့်သည့်အချိန်သည် မိုးလွတ်ချိန်ဖြစ်ပြီးရှိနိုင်မည့် အပူချိန်တို့နှင့်ချိန်ညှိပြီး ပျိုးထောင်စိုက်ပျိုးချိန်ကို မှန်ကန်စွာရွေးချယ်စိုက်ပျိုးနိုင်မှသာ အထွက်နှုန်းတိုးတက်မြင့်မားပြီး အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ရရှိနိုင်မည်ဖြစ်ပါသည်။
ပေါ်ဆန်းစပါးမျိုးသည် အပင်အရပ်မြင့်ပြီး ပင်စည်ပျော့သဖြင့် အခြားအထွက်ကောင်း စပါးမျိုးများကဲ့သို့ ကောက်ကွက်စိပ်စိပ်စိုက်ပါက အပင်ဟုန်ပြီး ယိုင်လဲတတ်ပါသည်။ အကောင်းဆုံးပင်ကြား၊ တန်းကြားအကွာအဝေးမှာ မြေဆီထက်သန်မှုအလိုက် ၈ x ၈ လက်မ သို့မဟုတ် ၁၀ x ၈ လက်မ သို့မဟုတ် ၁၀ x ၁၀ လက်မ စိုက်ပျိုးသင့်ပါသည်။ ပေါ်ဆန်းစပါးမျိုးစိုက်ပျိုးရာတွင် သွင်းအားစုအချိုးအစားမှန်ကန်မှ အပင်သန်မည်ဖြစ်ပါသည်။
ပေါ်ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူအများစုသည် နွေရာသီတွင် ရက်-၉၀၊ ပခမ်းရွှေဝါ၊ သီးထပ်ရင်နှင့် ဆင်းသုခစသော စပါးမျိုးများကို စိုက်ပျိုးကြပြီး မိုးရာသီတွင် ဆင်းသုခ၊ ပခမ်းရွှေဝါ၊ သီးထပ်ရင်စပါးမျိုးများနှင့် အရည်အသွေးကောင်း စပါးမျိုးများဖြစ်သည့် ဧရာမင်းနှင့် ပေါ်ဆန်းစပါးမျိုး စသည်တို့ကို စိုက်ပျိုးကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး(အထူးသဖြင့်) ရွှေဘိုနယ်၌ မိုးရာသီတွင် ဧရာမင်း၊ ပေါ်ဆန်းစပါးမျိုးများကို စိုက်ပျိုးကြပါသည်။
တူညီသော စပါးမျိုးဖြစ်သည့် အရည်အသွေးကောင်းပေါ်ဆန်းစပါးမျိုးကို ဖော်ပြပါဒေသနှစ်ခုတွင် စိုက်ပျိုးကြသော်လည်း ပေါ်ဆန်းစပါး၏ အထွက်နှုန်းနှင့် စားသုံးမှုအရည်အသွေးမှာ အတန်အသင့် ကွာခြားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ပေါ်ဆန်းမွှေးစပါးမျိုးများသည် ဒေသသီးသန့်အရည်အသွေးရှိသည်ဟု တောင်သူများက ယုံကြည်ထားကြပါသည်။ ထိုသို့ကွာခြားရခြင်းမှာ မိုးရေချိန်ကွာခြားမှု၊ အပူချိန်ကွာခြားမှု၊ မြေဆီအဆင့်အတန်း ကွာခြားမှုနှင့် ပတ်ဝန်းကျင်ကွာခြားမှု စသည့်အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်သော်လည်း မြေဆီလွှာအာဟာရဓာတ်ညီမျှမှုသည် အရေးကြီးသော အချက်များအနက်မှ တစ်ချက်ဖြစ်ကြောင်း သိရှိရပါသည်။
အထက်ဖော်ပြပါ သမိုင်းအထောက်အထားများရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးရှိ ပေါ်ဆန်းစပါးမျိုးများ၏ အရည်အသွေးကိုထိန်းသိမ်းမြှင့်တင်ရန်နှင့် မြေဆီလွှာပျက်စီးမှုကို လျှော့ချရန်၊ မြေကြီးကျန်းမာရေးသည် လူ၏ကျန်းမာရေးနှင့် တိုက်ရိုက်အချိုးကျသဖြင့် စားသုံးသူများ၏ ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ရန်မှာ အရေးကြီးသော အခန်းကဏ္ဍတစ်ရပ် ဖြစ်လာပါသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဧရာဝတီရှိ ပေါ်ဆန်းအရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးသုတေသနဆောင်ရွက်၍ ရရှိလာသောဆန်အား ဈေးကွက်သုတေသနပြုဆောင်ရွက်နိုင်စေရေး ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ တာဝန်ခံအား ဆောင်ရွက်စေခဲ့ပါသည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ် မိုးရာသီတွင် ကျုံပျော်ခရိုင် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာရှိ တောင်သူ ဦးကြည်ခိုင်စိုး၏ လယ်မြေ၌ သုတေသနဆောင်ရွက်ချက်နှစ်မျိုးဖြင့် သုတေသနပြုဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် မိုးရာသီတွင်လည်း ဖော်ပြပါသုတေသနဆောင်ရွက်ချက်နှစ်မျိုးအား ဦးကြည်ခိုင်စိုး၏ လယ်မြေတွင်ပင် ဒုတိယအကြိမ်ထပ်မံ၍ သုတေသနပြုဆောင်ရွက်ခဲ့ပါသည်။ သုတေသနဆောင်ရွက်ချက်နှစ်မျိုး၏ ဟူးမစ်အခြေခံသဘာဝမြေသြဇာစမ်းသပ်ချက်များမှာ (တစ်ဧကလျှင်) စပါးပင်ပွားထွက်ချိန်တွင် နွားချေးမြေဆွေး ၆၅ ကီလိုဂရမ်၊ ဖွဲနု ၁၇ ကီလို ဂရမ်နှင့် သဘာဝဟူးမစ်မြေသြဇာ နှစ်ကီလိုဂရမ်ကိုရော၍ ကျွေးခဲ့ပါသည်။ မှို့ကပ်စအချိန်တွင်လည်း နွားချေးမြေဆွေး ၆၅ ကီလိုဂရမ်၊ ဖွဲနု ၁၇ ကီလို ဂရမ်နှင့် သဘာဝဟူးမစ်မြေသြဇာ သုံးကီလိုဂရမ်ကိုရော၍ ထပ်မံကျွေးခဲ့ပါသည်။ နှံစုပ်ကြမ်းပိုးကျရောက်ချိန်တွင် ကွန်ကွာဇီဝပိုးသတ်ဆေးတစ်မျိုးသာ အသုံးပြုခဲ့ပြီး စပါးကုပ်ကျိုးရောဂါကျရောက်ချိန်တွင် ထရိုင်ဂိုဒါးမားမှိုအား တစ်ဧကလျှင် ငါးထုပ်နှုန်းဖြင့် ငါးကြိမ်ဖျန်း၍ အသုံးပြုခဲ့ပါသည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် မိုးရာသီ ပထမသုတေသနဆောင်ရွက်ချက်၏ ရလဒ်များအရ ပေါ်ဆန်းစပါးမျိုး ခြောက်မျိုးဖြစ်သည့် မြောင်းမြ ပေါ်ဆန်းရင်၊ ရွှေဘိုပေါ်ဆန်းရင်၊ ဖျာပုံပေါ်ဆန်းရင်၊ ရွှေဝါရင်၊ ဧရာဝတီပေါ်ဆန်းကြီးနှင့် ဖျာပုံပေါ်ဆန်းကြီးတို့ကို စမ်းသပ်စိုက်ပျိုးခဲ့ရာတွင် စပါးမျိုးများအလိုက် အထွက်နှုန်းများ သိသာစွာကွာခြားသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုပေါ်ဆန်းရင်သည် အသက်ရက် ၁၂၅ ရက်ဖြင့် သက်တမ်းအတိုဆုံးမျိုးဖြစ်ပြီး ဧရာဝတီပေါ်ဆန်းကြီးသည် ၁၆၁ ရက်ဖြင့် အသက်ရက်အကြီးဆုံးမျိုးဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ ပင်ပွားအနေဖြင့် မြောင်းမြပေါ်ဆန်းရင်နှင့် ရွှေဝါရင်သည် အနှံပါပင်ပွားအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။ အောင်စေ့ရာခိုင်နှုန်းအနေဖြင့် ဖျာပုံပေါ်ဆန်းရင် ၉၃ ရာခိုင်နှုန်း၊ ဖျာပုံပေါ်ဆန်းကြီးနှင့် ဧရာဝတီပေါ်ဆန်းကြီးတို့သည် ၉၂ ရာခိုင်နှုန်း စသည်ဖြင့် အများဆုံးဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ အထွက်နှုန်းအနေဖြင့်လည်း ဖျာပုံပေါ်ဆန်းရင် ၁၂၃ တင်း၊ ဖျာပုံပေါ်ဆန်းကြီးနှင့် ဧရာဝတီပေါ်ဆန်းကြီးသည် ၁၁၇ တင်းစီဖြင့် ကျန်မျိုးသုံးမျိုး၏ ပျမ်းမျှအထွက်နှုန်းထက် သိသာစွာ များပြားသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ဖျာပုံပေါ်ဆန်းရင်၊ ဖျာပုံပေါ်ဆန်းကြီးနှင့် ဧရာဝတီပေါ်ဆန်းကြီးမျိုးများသည် စီးပွားဖြစ်တွက်ခြေကိုက်ပြီး ရေကြည်ဒေသနှင့် သင့်တော်သည့် စပါးမျိုးများဖြစ်သည်ဟု သိရပါသည်။
ဒုတိယသုတေသန ဆောင်ရွက်ချက်အဖြစ် ၂၀၂၂ ခုနှစ် မိုးရာသီတွင် တောင်သူ ဦးကြည်ခိုင်စိုး၏ လယ်မြေ၌ ဧရာဝတီပေါ်ဆန်းကြီး ဧက ၃၀ ကို အထက်ပါဟူးမစ်အခြေခံသဘာဝမြေသြဇာ စမ်းသပ်ချက်အတိုင်း စိုက်ပျိုးခဲ့ရာ စုစုပေါင်းပျမ်းမျှ အထွက်နှုန်းတင်း ၁၀၀ ထွက်ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ် မိုးရာသီတွင်လည်း အထက်ပါတောင်သူ ဦးကြည်ခိုင်စိုး၏ လယ်မြေ၌ ၆၆ ဧက စိုက်ပျိုးခဲ့ရာ စုစုပေါင်းပျမ်းမျှအထွက်နှုန်း ၁၀၃ တင်း ထွက်ရှိခဲ့ပါသည်။
စမ်းသပ်စိုက်ပျိုးခြင်းမှ ရရှိလာသောဆန်အား ဓာတ်မြေသြဇာအသုံးပြု၍ စိုက်ပျိုးထားသော ပေါ်ဆန်းဆန်နှင့်အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာန ဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ခဲ့ရာ ဟူးမစ်အခြေခံသဘာဝ မြေသြဇာအသုံးပြု၍ စိုက်ပျိုးထားသော ပေါ်ဆန်းဆန်မှာ စူးရှသောမွှေးရနံ့ရရှိခြင်း၊ ဆန်သားအနည်း ငယ်ပျော့ပျောင်းမှုရှိခြင်း၊ ဆန်သားအနည်းငယ် စေးကပ်ခြင်းဟူ၍ ဆန်အရည်အသွေးမြင့်တက်လာသော ဂုဏ်သတ္တိများရရှိသည်ကို တွေ့ရှိရပါသည်။
ဟူးမစ်အခြေခံ သဘာဝမြေသြဇာအသုံးပြု
မြေနမူနာ ဓာတ်ခွဲစမ်းသပ်မှုအဖြေများအရအပင်မှ စုပ်ယူစားသုံးနိုင်သော တီစူပါဓာတ် (K)၊ ပိုတက်ရှ် (P) ဓာတ်နှင့် သစ်ဆွေးဓာတ်များသည် မစိုက်ပျိုးမီအချိန်ထက် စိုက်ပျိုးပြီးချိန်တွင် ပိုမိုတိုးတက်လာကြောင်း တွေ့ရှိရပါသည်။ ဓာတ်ခွဲစမ်းသပ်မှုအဖြေများအရ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းဟူ၍အမည်တွင်ကာ တောင်သူ ဦးကြည်ခိုင်စိုး၏ ဓာတ်ပုံဖြင့် သုံးကီလိုဂရမ်ပါ ဆန်အိတ်များထုပ်ပိုး၍ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး၏ စက်မှုထုတ်ကုန်ပြပွဲများတွင် ရောင်းချခဲ့ရာ ဈေးကွက်ရရှိပြီး စားသုံးသူများ၏ ကြိုက်နှစ်သက်မှုရှိကြောင်း သိရှိရပါသည်။ ဟူးမစ်အခြေခံ သဘာဝမြေသြဇာအသုံးပြု၍ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်ခြင်းအား မြဝတီရုပ်မြင်သံကြားကလည်း လျှပ်တစ်ပြက်ရိုက်ချက် အစီအစဉ်ဖြင့် ရိုက်ကူးထုတ်လွှင့်ခဲ့ပြီးဖြစ်ပါသည်။
ဦးကြည်ခိုင်စိုး၏ရလဒ်အား အခြားတောင်သူများက အားကျလာ၍ ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဓာတုကင်းလွတ်ပေါ်ဆန်းစပါး စိုက်ပျိုးလိုသော တောင်သူများရှိလာခဲ့မှုအပေါ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧက ၂၀၀ အထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါသည်။ အဆိုပါ ဧက ၂၀၀ ၏ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ ၉၂ တင်းဖြစ်ပါသည်။ ဖော်ပြပါ ဟူးမစ်အခြေခံ သဘာဝမြေဩဇာအသုံးပြု၍ ပေါ်ဆန်းစပါးစိုက်ပျိုးခြင်းအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေမြေဒေသကွာခြားသော ဒေသများတွင်လည်း ဆက်လက်၍ သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ ပေါ်ဆန်း စပါးအရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေး သုတေသနဆောင်ရွက်ရာတွင် ဟူးမစ်အခြေခံသဘာဝမြေဩဇာ ထည့်သွင်းနည်းစနစ်များကို အသုံးပြုနိုင်ခဲ့သဖြင့် မြေဆီလွှာ၏ ဒြပ်ဂုဏ်သတ္တိများ တိုးတက်စေခြင်း၊ သွင်းအားစုကုန်ကျစရိတ်သက်သာခြင်း၊ ဈေးကွက်ဝင်၍ မြင်သာသော အကျိုးအမြတ်များကိုရရှိစေခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး စားကောင်းသော ဆန်ရရှိစေခြင်း အစရှိသောအကျိုးကျေးဇူးများရရှိစေခဲ့သည့် “ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်း” အကြောင်းအား ရေးသားတင်ပြလိုက်ရပါသည်။